Tuesday, August 11, 2015

ဒီမိုကရက်တစ် အက်ကြောင်းလော

ဘာ့ကြောင့်

အတိုက်အခံပါတီ၏ အက်ကြောင်းက အထင်းသား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများတွင် ပြည်သူများ မျှော်လင့်နေသည့် တိုင်းသိ၊ ပြည်သိ ခေါင်းဆောင်များ မပါဝင်ခြင်းက စသည်။



ယင်းအခြေနေများကြောင့် ညီညွတ်ရမည့် ဒီမိုကရက်တစ် အဖွဲ့စည်းများကြား အက်ကြောင်းထင်လာသည်ဟု စိုးရိမ်သူများ ရှိလာသည်။
ဒီမိုကရက်တစ် အင်အားစုများ အောင်နိုင်ရေး NLD ပါတီနှင့် အကြိမ်များစွာ ဆွေးနွေးခဲ့သည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ဦးကိုကိုကြီး အပါအဝင် အခြားအဖွဲ့ဝင်များ မပါရှိခြင်း၊ ကျောင်းသားအရေးများတွင် ဦးဆောင်ပါဝင်ခဲ့သည့် NNER မှ ဒေါက်တာသိန်းလွင်နှင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် ဒေါက်တာညိုညိုသင်းတို့ မပါဝင်ခြင်းကြောင့်ပင် ဖြစ်သည်။ဘယ်လိုရွေ့

ယင်းသို့ ပါတီပြင်ပမှ ပြည်သူကြိုက် လူသိများသူများ မပါဝင်ခြင်းအပြင် ပါတီတွင်းတွင်လည်း အောက်ခြေအဆင့်က ရွေးချယ်သူများ ကျန်နေခဲ့ပြီး ဗဟိုကသာ စိတ်ကြိုက်ရွေးချယ်သွားသည်ဟု ပြောဆိုလာကြကာ ပါတီက နုတ်ထွက်ရန်ပင် ပြင်လာကြသည်။

ကျောက်ဆည်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးကြည်ရွှေက ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ဘက်လိုက်မှုများ ရှိနေပြီး နီးစပ်ရာလူကို ရွေးချယ်ခြင်းများ ရှိနေသည်ဟု ထုတ်ပြောထားသည်။

ပါတီဗဟိုက ကြေညာထားသည့် ကိုယ်စားလှယ်လောင်းစာရင်းအပေါ် မကျေနပ်သဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကန့်ကွက်စာ တစ်ရာကျော် ပို့လာကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။ သို့သော် ပြင်ဆင်မည် မဟုတ်ဟုတော့ သြဂုတ်လ ၅ ရက်နေ့တွင် ယတိပြတ် ငြင်းဆိုလိုက်သည်။

လက်ရှိ ထုတ်ပြန်ထားသည့် စာရင်းများအရ NLD ပါတီက ပြည်သူ့လွှတ်တော်တွင် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၆၂၀ နှင့် တိုင်းရင်းသားရေးရာ လွှတ်တော်တွင် ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ စုစုပေါင်း ၁၁၃၃ နေရာ ရှိနေသည်။ နေရာပေါင်း တစ်ထောင်ကျော်တွင် ပြည်သူများ မျှော်လင့်ထားသည့် ပုဂ္ဂိုလ်များ မပါဝင်ခြင်း ဖြစ်သည်။

အစောပိုင်း ကိုယ်စားလှယ်လောင်း မရွေးချယ်ခင်ကမူ ၎င်းတို့ ရွေးချယ်ရာတွင် အရည်ချင်းတူလျှင် အမျိုးသမီး၊ တိုင်းရင်းသားနှင့် လူငယ်ကို ဦးစားပေးမည်ဟု ပါတီက ထုတ်ပြန်ထားသည်။ လက်တွေ့တွင်မူ ဒေါက်တာညိုညိုသင်းပင် ရွေးချယ်မခံရခြင်းမှာ ၎င်းတို့ချမှတ်ထားသည့် မူဝါဒများအတိုင်း ရွေးချယ်ပါရဲ့လား ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ဒေါက်တာညိုညိုသင်းက “ရွေးချယ်ရေး မူလေးရပ်နဲ့ အကုန်ညီတယ်။ ဗဟိုရောက်မှ ဘာလို့မရွေးတော့လဲ သိရအောင် စာပို့မေးမြန်းထားတယ်” ဟု ဆိုသည်။

ဘယ်လိုမြင်

ဒေါက်တာညိုညိုသင်းမှာ ဗဟန်းမြို့နယ်မှ တစ်သီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်သည်။

နာမည်ကြီးသူများကို NLD ကိုယ်စားလှယ်လောင်းများ အဖြစ် မရွေးချယ်သော်လည်း ၎င်းတို့ကို ပါတီက အစိုးရဖွဲ့နိုင်လျှင် ဝန်ကြီး စသည့် အုပ်ချုပ်ရေးတာဝန်များ ပေးအပ်ရန် ချန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးခဲ့သူများ ရှိခဲ့သည်။

သို့သော် ပါတီဗဟိုကော်မတီဝင်များက မီဒီယာအသီးသီးသို့ ဖြေကြားချက်များတွင်မူ အများဆန္ဒအရ ရွေးချယ်ခြင်းကြောင့် မပါခြင်းဖြစ်သည်၊ ပြင်ရန်မရှိ စသဖြင့် ပြောဆိုမှုများ ရှိလာရာ အထက်ပါ ထင်ကြေးများ လွဲသွားပြီး NLD ပါတီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် ခက်သွားခဲ့သည်။

ယင်းအပြင် ဦးဉာဏ်ဝင်းက ၎င်းတို့ ပါတီက ဖိတ်ခေါ်ခဲ့သည့် ပါမောက္ခချုပ် ဒေါက်တာအောင်သူအတွက် ဗဟိုက နေရာချန်ထားခဲ့သော်လည်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းနှင့် အခြားထင်ရှားသူတို့မှာ ၎င်းတို့ဆန္ဒအရ ပါတီသို့ ဝင်ရောက်ခြင်း ဖြစ်သောကြောင့် အခြား NLD ပါတီ၏ ကိုယ်စားလှယ်လောင်းများနှင့် တန်းတူစိစစ်ရွေးချယ်ပြီး အဆင့်တစ်နေရာတွင် ပြုတ်ခဲ့ခြင်း ဖြစ်မည်ဟု ဆိုသည်။ နေရာသီးသန့်ဖယ်ထားခြင်း မရှိဟု ရှင်းပြသည်။

အချို့ မြို့နယ်အဆင့်များထံမှလည်း ယခု ထုတ်ပြန်သည့် စာရင်းအရ တရားသေနိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်ဝင်မှုများ ရှိခဲ့သည်။ လှိုင်သာယာမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌကလည်း ဗဟိုက ချပေးသော ကိုယ်စားလှယ်မှာ အောင်နိုင်ရန်မလွယ်ဟု ဆိုသည်။

NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများတွင် ဗဟိုအဖွဲ့ကသာ နောက်ဆုံးစိစစ်ရွေးချယ်ရခြင်း ဖြစ်ရာ အောက်ခြေမြို့နယ်များမှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ မပါဝင်ခြင်း အပေါ်တွင်လည်း ပါတီတွင်း မကျေလည်မှုများ ရှိနေသည်။ ဒီချုပ်၏ ဗဟိုအမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကမူ “ကိုယ်စားလှယ်လောင်း စာရင်းကုန်ပြီ။ ငါးယောက်လောက်ပဲ ပြန်ပြင်ဖို့ ရှိမယ်” ဟု ပြောကြားလိုက်သည်။

အမြင်များ

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရဖို့အတွက် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဝန်းရံမှုနဲ့ အကူအညီကို ရရှိခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ မျိုးဆက်ကျောင်းသားတွေကို NLD အလံအောက်မှာ ရွေးကောက်ပွဲ ဝင်ရောက်အရွေးချယ်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ရဲဘော်ရဲဘက် ဆက်ဆံရေးကို အဓိက ဖောက်ဖျက်လိုက်တာ ဖြစ်တယ်။ အခုအချိန်မှာတော့ ဒီလိုပဲ ပြောချင်သေးတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်၊ မီဒီယာသမား တစ်ဦးလည်း ဖြစ်သည့် ဦးဇော်သက်ထွေးက ပြောကြားသည်။

နိုင်ငံရေးဆောင်းပါး ပုံမှန်ရေးသားနေသူ ဒေါက်တာရန်မျိုးသိမ်းကမူ ကော်မရှင်က အချိန်ထပ်တိုးပေးလိုက်သည့်အတွက် မပါသင့်သူများ ပါဝင်နေခြင်းကို အမြန်ဆုံး ပြင်သင့်ကြောင်းနှင့် အောက်ခြေမြို့နယ် အဆင့်က ထောက်ခံသူများနှင့် ပြင်ဆင်သင့်ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။
“ဒီတိုင်းပြန်မပြင်ရင် တောင်ပြို၊ ကမ်းပြို မနိုင်ဘူးလို့ မြင်တယ်။ ဒါဆို အစိုးရဖွဲ့ဖို့ ခက်ပြီ” ဟု ၎င်းက မှတ်ချက်ပေးလိုက်သည်။

ကိုယ်စားလှယ်လောင်းများမှာ ဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီဝင်များနှင့် ရင်းနှီးသူများ ထည့်ထားသည်ဟု ပြောဆိုနေကြရာ လက်ရှိ ကိုယ်စားလှယ်ရွေးချယ်မှုအပေါ် အများလက်ခံနိုင်ရန် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှင်းလင်းတင်ပြသင့်သည်ဟု ဝေဖန်သူအချို့က ပြောဆိုကြသည်။

NLD ပါတီ၏ ဒီမိုကရက်တစ် အင်အားစုများနှင့် ပူးပေါင်းမည်ဆိုသည့် မူဝါဒ အပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရက်တစ် အင်အားစုများ အောင်နိုင်ရေး လုပ်ဆောင်သွားမည့်အပြင် တိုင်းရင်းသားပါတီများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာဟု မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက ဆိုပြန်သည်။
“ဒီမိုကရေစီအင်အားစု အောင်နိုင်ရေးဆိုတာ အပြောပဲ ဖြစ်နေတယ်။ တကယ့်လက်တွေ့မှာကျ NLD ပါတီ အောင်နိုင်ရေးပဲ လုပ်နေတယ်။ ခုလည်း ဥက္ကဋ္ဌကိုယ်တိုင် တစ်ပြည်လုံး အများဆုံး အနိုင်ရမယ်လို့ ပြောနေပြီ” ဟု ၎င်းက ဆိုသည်။

အစပိုင်းက ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးခွန်ထွန်းဦး ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် NLD က မယှဉ်ပြိုင်ဟု ပြောခဲ့ဖူးသော်လည်း မွန်နှင့် ကရင် စသည့် အခြားတိုင်းရင်းသားနယ်မြေများတွင် အလျှော့ပေးမည်ဟု မဆိုလိုကြောင်း ၎င်းက ဆိုသည်။
“NLD ပါတီက တိုင်းရင်းသား အားလုံးပါတဲ့ ပါတီလို့ ပြောခဲ့သလိုပဲ တိုင်းရင်းသား နယ်မြေတွေမှာလည်း NLD ပါတီရဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေပဲ ဝင်ပြိုင်ခိုင်းတဲ့ သဘောပဲ” ဟု ၎င်းက ရှင်းပြပြန်သည်။

“ပြည့်စုံလုံလောက်သော ဆင်ခြင်တုံတရားအပေါ်တွင် အခြေခံခြင်းရှိ မရှိ၊ အစ်မကြီးကိုယ်တိုင် နာရီပိုင်းမျှ အချိန်ပေး စိစစ်စေလိုပါသည်။ အကယ်၍ မှန်ကန်သည်ဆိုပါက မည်သည့်အကြောင်းတို့ကြောင့် ယင်းသို့ ထုတ်ပြန်ရကြောင်း၊ ပြည်သူလူထုသို့ အစ်မကြီးကိုယ်တိုင် တစ်ခွန်းတစ်ပါဒ ဖွင့်ဟအသိပေး နှစ်သိမ့်ကျေအေးစေလိုပါသည်။ အကယ်၍ ပုဂ္ဂိုလ်ရေးတင်းမာမှု၊ မကျေနပ်မှု၊ မရိုးသားမှု၊ လုပ်ပိုင်ခွင့် လွန်ဆွဲမှု၊ ပါဝါအာဏာပြမှုများကြောင့် ဖြစ်ပေါ်ခဲ့သည်ဆိုပါက အဆိုပါ အမှားကို အစ်မကြီးအနေနှင့် အကောင်းဆုံး ကုစားမှုတစ်ခုခု အလျင်အမြန် ဆောင်ရွက်ပေးစေလိုပါသည်” ဟု စာရေးဆရာ မင်းဒင်၏ ဒေါ်အောင်ဆန်းစုကြည်သို့ သြဂုတ်လ ၃ ရက်နေ့စွဲဖြင့် ပေးစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တရားဝင် တုံ့ပြန်မှုလော

သို့သော် ယနေ့အထိ ယင်းကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်တစ်စုံတစ်ရာ မကြားရသေးပေ။
NLD ပါတီမှ ရွေးကောက်ပွဲ သုတေသနတာဝန်ခံ ဦးမျိုးရန်နောင်သိန်းကမူ ဦးကိုကိုကြီးမှာ ၎င်းနှင့် ထောင်တွင်းအတူနေစဉ် နိုင်ငံရေးဆရာ ဖြစ်ခဲ့ခြင်းကြောင့် ၎င်းဆန္ဒအရ ပါဝင်စေချင်သော်လည်း နာမည်ကြီးများ ပါဝင်မည့်အတွက် နာမည်မကြီးသူများ နေရာဖယ်ပေးလိုက်ရခြင်းမျိုး မဖြစ်စေရန်လည်း ပါတီဘက်က ထည့်သွင်းစဉ်းစားရသည်ဟု ဆိုသည်။
“ပြည်သူတွေ သိပြီးသား သူရဲကောင်းတွေ ရှိသလို လူမသိသေးတဲ့ သူရဲကောင်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ PR (ပြည်သူ့ဆက်ဆံရေး) လိုနေတော့ ခုရွေးလိုက်တဲ့ လူတွေ မသိတော့ ပြည်သူသိအောင်တော့ လုပ်ပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ပါတီတွင်း ဝိဝါဒဖြစ်မှုများနှင့် NLD ပါတီနှင့် ဒီမိုကရက်များအကြား အက်ကြောင်းထင်စ ပြုလာချိန် လက်ရှိ အာဏာရပါတီက ၎င်းတို့ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ခြင်းကို ရက်ရွှေ့လိုက်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယခင်က သြဂုတ်လ ၅ ရက်နေ့တွင် ကိုယ်စားလှယ်လောင်းစာရင်းများ ထုတ်ပြန်မည်ဟု ပြောကြားထားသော်လည်း ရေဘေးအန္တရာယ် ကျရောက်နေသော ဒေသများရှိ ကိုယ်စားလှယ်လောင်းများ ၎င်းတို့ဒေသ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်ဟု ဆိုကာ သြဂုတ်လ ၁၁ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအခြေနေများကြောင့် ဒီမိုကရက်တစ် အင်အားစုများကြားတွင် အပြန်လှန်ယုံကြည်မှု၊ အပြန်လှန်နားလည်မှု၊ အပြန်လှန် အသိမှတ်ပြုမှု အပိုင်းများတွင် အတိုင်းတာတစ်ခုထိ ထိခိုက်ခဲ့ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
အနာဂတ်အတွက်မူ “ရှေ့ဆက်လက်ချင်း ချိတ်ပြီးတော့ လုပ်နိုင်မယ်လို့တော့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

၈၈ အသံ

“ဒီအချိန်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မပြောချင်သေးဘူးလို့ ပြောပါတယ်။ ပြောတဲ့အခါကျရင် မီဒီယာတွေ အကုန်လုံးကို ရှင်းလင်းပြောဆိုတာမျိုး၊ ဒါမှမဟုတ်ရင် ထုတ်ပြန်ကြေညာတာမျိုးနဲ့ အကုန်လုံးကို အသိပေးသွားမယ်လို့ ပြောပါတယ်” ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၏ ကိုယ်ရေးအရာရှိ ဦးထွန်းသူရစိုးက ပြောကြားသည်။

NLD နှင့် ရွေးကောက်ပွဲတွင် လက်တွဲအလုပ်လုပ်ရေး မှန်းသလောက် မကိုက်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေနှင့်မူ ဒီမိုကရေစီ အင်အားစုများ အောင်နိုင်ရေး ဆက်လုပ်သွားမည်ဟု ဆိုထားသည်။

“NLD နဲ့ ပူးတွဲကြေညာချက်မှာ ပါခဲ့တဲ့အတိုင်း ဒီမိုကရေစီ အင်အားစုများ အောင်နိုင်ရေးကို ဆက်ပြီးလုပ်သွားမှာပါ။ NLD ရယ်လို့ မပြောခဲ့ပါဘူး။ တိုင်းရင်းသားရော၊ ဘာရော အကုန်ပါပါတယ်” ဟု ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ဆိုသည်။
လောကသဘော၊ အတ္တသဘော



သို့သော် အရာတိုင်းသည် အများယူဆ မျှော်လင့်ထားသကဲ့သို့ ဖြစ်ချင်မှ ဖြစ်တတ်သည်။ အဆိုးဟု ထင်နေသည့် ကိစ္စတစ်ရပ်သည် အကောင်းဖြစ်သွားတတ်သည်။ အကောင်းဟု မျှော်လင့်ထားသည့် အရာတစ်ခုသည်လည်း အဆိုးဖြစ်သွားတတ်သည်။ ပုံသေတွက်၍ မရသော လောကသဘာဝ အတွင်းမှာပင် နိုင်ငံရေးဆိုသော ကိစ္စမှာ ပို၍ အပြောင်းအလဲများတတ်သည့် သဘောရှိသည်။ အက်ကြောင်းဟု ယူဆရမည့် ယနေ့ မြန်မာ့နိုင်ငံရေးလောက အတွင်းမှ ပါတီနိုင်ငံရေးတို့သည် စင်စစ်အားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို အားပြုထားသည့် လူပုဂ္ဂိုလ်နိုင်ငံရေးက မြစ်ဖျားခံပေးခြင်း ဖြစ်သည်။

လူပုဂ္ဂိုလ်များအပေါ် အလွန်အမင်း အားပြုထားလျှင်လည်း ပါတီ၏ အရည်အချင်းနှင့် ခိုင်မာအားကောင်းမှု တစ်နည်းဆိုရလျှင် အင်စတီကျူးရှင်း အားကောင်းမှုကို ထိခိုက်စေနိုင်သည်။ ပါတီ၏ မူဝါဒ၏ စည်းမျဉ်းများကို အလွန်အကျူး ဂရုစိုက်လွန်းလျှင်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အရေးပါမှု မှိန်ဖျော့သွားတတ်သည်။

လက်တွေ့ကျသော နိုင်ငံရေးတို့ မည်သည်ပါတီနှင့် လူပုဂ္ဂိုလ်များအကြား တတ်နိုင်သရွေ့ မျှခြေတစ်ခုရရန် ကြိုးစား ထိန်းညှိကြရသည်။ သို့သော် ဒီမိုကရက်တစ် အခြေပြုပါတီများ ဖြစ်လျှင် ဒီမိုကရေစီနည်းကျ ဆောင်ရွက်ကြောင်း ပါတီနှင့် ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ အစီရင်ခံရန် တာဝန်ရှိသည်။

ထို့အပြင် ပုဂ္ဂိုလ်ရေးအရ၊ အရှိန်အဝါအရ၊ အရည်အချင်းအရ ချိန်ဆစဉ်းစားသည့်အခါ တစ်ဦးချင်းစီတွင် ရှိနေတတ်သည့် အတ္တ၊ မာနများကိုမူ လျှော့ချထားရတတ်သည်။ ထို့အတူ စိတ်ရှည်သည်းခံမှု၊ အလျှော့အတင်း၊ အပေးအယူ လုပ်နိုင်စွမ်း၊ ညှိနှိုင်းဖျန်ဖြေနိုင်မှုနှင့် ကြားခံစေ့စပ်ပေးနိုင်စွမ်း ရှိသူကို လက်ရှိ မြန်မာ့နိုင်ငံရေးတွင် အသုံးချတတ်ရန်လိုသည်။ ကျောက်ကောင်းတစ်စေ့ကို အသုံးချတတ်ပါက တန်ဖိုးတတ်သွားပြီး ပါတီအတွက်ရော၊ နိုင်ငံအတွက်ပါ အပေါင်းလက္ခဏာ ဆောင်သွားနိုင်သည်။ သို့ရာတွင် အရည်အချင်းနည်းသူ၊ ခြေရာတိုင်းလာမည်ကို မလိုလားသူ၊ နောက်မှပေါက်သည့် ရွှေကြာပင်ကို မြင်လာမည့်သူများကြောင့် ပါတီတွင်း စည်းလုံးညီညွတ်မှုကို ဦးစားပေးကာ ငြင်းပယ်လိုက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ယင်းနှင့်ဆန့်ကျင်ဘက် အခြေအနေမျိုးလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ခြေများမှာ ကာယကံရှင်များ၊ ပွင့်လင်းစွာ ထုတ်ဖော်မပြောသရွေ့ များစွာဖြစ်နိုင်သည်။ သေချာသည်မှာ မြန်မာ့နိုင်ငံရေးရေချိန်သည် မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ လက်ဆင့်ကမ်းပေးရန် အဆင်သင့်ဖြစ်ပုံ မရသေး။ ဤနေရာတွင် ထင်ရှားသည့် အဆိုအမိန့် တစ်ခုနှင့်သာ နှိုင်းယှဉ်ကြည့်ကြစေလိုသည်။

“ဆရာသည် မိမိထက်တော်သော တပည့်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးနိုင်မှ ဆရာ့တာဝန်ကျေသည်။ မိဘသည် သားသမီးများကို မိမိထက်အဆင့် မြင့်အောင် ပြုစုပျိုးထောင်နိုင်ပါမှ မိဘတာဝန်ကျေသည်။ ထို့အတူ မျိုးဆက်ကောင်းသည် မိမိထက် တော်သောမျိုးဆက်သစ်ကို တာဝန်များ လက်ဆင့်ပေးကမ်းနိုင်ပါမှ သို့မဟုတ် နေရာပေးနိုင်ပါမှ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မည်ဟူလို။

Green

thevoicemyanmar.com

0 comments:

Post a Comment