Monday, August 17, 2015

ရွေးကောက်ပွဲအကြို မြန်မာ့စစ်ဗိုလ်ချုပ်ကြီးဟောင်းနှစ်ဦး၏ နိုင်ငံရေးအားစမ်းပွဲ

“လူတိုင်းနီးပါး အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နိုင်ပါတယ်၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်ကို စမ်းသပ်ချင်တယ်ဆိုရင် သူ့ကို အာဏာသာ ပေးလိုက်” ...
(အမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်း)“မင်းနား ခစား၊ ကမ်းနားသစ်ပင်” ... အာဏာရှိသောသူ သို့မဟုတ် အာဏာရှိသည့် အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေရသူတို့၏ ရာထူးနေရာသည် မြဲမြံလေ့ မရှိကြောင်း သတိပေးထားသည့် မြန်မာ့စကားပုံ။

မြန်မာနိုင်ငံကို နှစ်ပေါင်းအတော်အတန်ကြာ အုပ်ချုပ်ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများ အဓိက လွှမ်းမိုးကြီးစိုးထားသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားလိုက်သည်ဟူသော သတင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်း မြန်မာ့အရေးကို အနီးကပ် စောင့်ကြည့်နေကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ မျက်လုံးပြူးသွားကြသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး၏ “ကြီး” စာရင်းတွင် ထိပ်ပိတ်နေရာမှ ပါဝင်နေပြီး အနာဂတ် မြန်မာသမ္မတ ဖြစ်မည်ဟု လေ့လာစောင့်ကြည့်သူ အတော်များများက ထင်ကြေးပေးခံထားရသူတစ်ဦး ဖြစ်နေ၍ပင်။ ပြည်ထောင်စုလွှတ်တော်၏ နာယကလည်း ဖြစ်သူ ဦးရွှေမန်း သူ၏ နိုင်ငံရေးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို စုစည်းဖော်ပြထားသည့် ဝက်ဘ်ဆိုက်တစ်ခုတွင် အောက်ပါသတင်းခေါင်းစဉ်ကြီးများ အစီအရီ ပေါ်လာသည်။

“မြန်မာ့နာမည်ကျော် ခေါင်းဆောင် ပါတီဥက္ကဋ္ဌ ရာထူးဖြုတ်ချခံရမှုကို လက်ခံရုံမှတစ်ပါး တခြားရွေးစရာမရှိ”၊ “မြန်မာနိုင်ငံမှ ကွန်ဆာဗေးတစ်များ အာဏာရ ပါတီခေါင်းဆောင်ကို ဖိအားပေးဖြုတ်ချ”၊ “သူရရွှေမန်း ရာထူးဖြုတ်ချခံရမှုအပေါ် မြန်မာခေါင်းဆောင်များ အူကြောင်ကြောင်တွေ လျှောက်ပြော”၊ “အောင်ဆန်းစုကြည်နှင့် အလွန်းသင့်နေခြင်းကြောင့် သူရရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးပြုတ်”၊ “အာဏာရပါတီ ခေါင်းဆောင်ကို ဖြုတ်ချပြီး အာဏာဆက်မြဲရန် မြန်မာစစ်တပ် ကြိုးပမ်း”၊ “မြန်မာအာဏာရပါတီတွင်း အာဏာသိမ်းမှု ဖြစ်”၊ “မြန်မာအာဏာရပါတီတွင်း အာဏာသိမ်းမှု အောင်ဆန်းစုကြည်အတွက် စိုးရိမ်ရ” ၊ “နိုင်ငံရေးပြိုင်ဘက် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် ဒုတိယသမ္မတ သက်တမ်းဆက်လက်ရရှိရန် သိန်းစိန် အလားအလာကောင်း”၊ “သူရရွှေမန်း ဖယ်ရှားခံလိုက်ရခြင်းသည် ယခင်စစ်အစိုးရ၏ လုပ်ထုံးလုပ်နည်း တစ်ရပ်လော”၊ “ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မြန်မာတွင် အာဏာယှဉ်ပြိုင်မှု ပိုမိုပြင်းထန်လာ” (မှတ်ချက်၊ မူရင်း အင်္ဂလိပ်ခေါင်းစဉ်အတိုင်း ဖော်ပြလိုသောကြောင့် “ဦး” နှင့် “ဒေါ်” များကို ချန်လှပ်လိုက်ပါသည်)

ယင်းသတင်းခေါင်းစဉ်များကို ကြည့်မည်ဆိုလျှင် သူရဦးရွှေမန်း USDP ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံလိုက်ရမှုအပေါ် နိုင်ငံတကာ သတင်းမီဒီယာများ မည်မျှအတိုင်းအတာအထိ အလေးအနက်ထားသည်ကို တွေ့နိုင်ပါသည်။ သူရဦးရွှေမန်း ရာထူးဖြုတ်ချခံလိုက်ရသည့် ညကဆိုလျှင် မြန်မာ့အရေး ကျွမ်းကျင်သူနှင့် ယခင် BBC သတင်းအယ်ဒီတာဟောင်း Larry Jagan က သူ၏ Facebook စာမျက်နှာတွင် “မြန်မာနိုင်ငံ နေပြည်တော်မှာ တစ်စုံတစ်ခု ဖြစ်နေပါပြီ။ အဲဒီက သတင်းရင်းမြစ်တွေ အဆိုအရ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှား သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ်။ USDP ရုံးချုပ်ကိုလည်း ရာဂဏန်းချီရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းထားပါတယ်၊ ၁၉၃၄ ခုနှစ် ဂျာမနီမှာ နာဇီပါတီတွင်း ဖြုတ်ထုတ်သတ် စလုပ်တဲ့ ညပိုင်းကာလမျိုး (Night of the Long Knives) တွေ မြန်မာပြည်မှာ စဖြစ်ပြီလို့ ထင်မိပါရဲ့” ဟု အရေးတကြီးပုံစံမျိုးဖြင့် ရေးသားဖော်ပြလာသည်။ (Larry Jagan သည် တစ်ချိန်က မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးဖြစ်သူများနှင့် ၎င်းတို့၏ Scorpion အုပ်စုကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဦးဆောင်သော စစ်တပ်က ဖြိုခွင်းနှိမ်နင်းခဲ့စဉ်ကလည်း အလားတူ အသုံးအနှုန်းမျိုးဖြင့် Bangkok Post တွင် ရေးသားခဲ့ဖူးသည်) မှန်လည်း မှန်ပါပေသည်။ နေပြည်တော်က ကြံ့ခိုင်ရေးပါတီ ဌာချုပ်ရုံးကို တပ်ဖွဲ့ဝင်များ ဝိုင်းရံပိတ်ဆို့ထားသည်ဟူသော သတင်းမျိုးကို ပြည်ပက မြန်မာ့အရေး စိတ်ဝင်စားသူ နိုင်ငံခြားသားများ ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ပေ။ စစ်တပ်က အာဏာအပြည့်အဝ ပြန်သိမ်းလိုက်ပြီလောဟုပင် ဖော်ပြခဲ့သည့် နိုင်ငံခြားသတင်းဌာနမျိုး ရှိခဲ့ပါသည်။

သိကြသည့်အတိုင်း သူရဦးရွှေမန်း ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံလိုက်ရမှုနှင့် ပတ်သက်၍ အစိုးရက ပါတီခေါင်းဆောင်များ၏ မကျေမနပ် တိုင်တန်းချက်များအရ လုပ်ဆောင်ရခြင်း ဖြစ်သည်၊ ပါတီနှင့် နိုင်ငံ့အရေးထက် ပုဂ္ဂလနိုင်ငံရေး ဦးတည်ချက်များအပေါ် ဦးစားပေး လုပ်ကိုင်ခဲ့ခြင်းကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု မည်သို့ပင် အကြောင်းပြချက် ပေးနေသော်လည်း လေ့လာစောင့်ကြည့်သူများ (ပြည်တွင်းရော၊ ပြည်ပမှ နိုင်ငံခြားသားများပါ) က သူသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန်းသင့်လွန်းသောကြောင့်သာ ဖြစ်သည်ဟု ထင်ကြေးပေးကြပါသည်။ လာမည့်ရွေးကောက်ပွဲတွင် NLD ရော၊ USDP ပါ သူမသာ၊ ကိုယ်မသာ အခြေအနေမျိုး ဖြစ်ခဲ့မည်ဆိုပါက သူရဦးရွှေမန်း အနေနှင့် NLD နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ကာ အာဏာရယူဖွယ် ရှိသည်ဟု လေ့လာဆန်းစစ်သူ အများစုက သေချာပေါက်နီးပါး ခန့်မှန်းထားကြသည်။

ယခု သူရဦးရွှေမန်း ပါတီတွင် မရှိတော့ပြီ ဖြစ်၍ ဦးသိန်းစိန် အနေနှင့် နောက်ထပ် သမ္မတရာထူးအတွက် အဆိုပြုခန့်အပ်ရေးတွင် လမ်းကြောင်းပွင့်သွားပြီဟု ဆိုရမည်။ သို့သော်လည်း ဦးသိန်းစိန် သမ္မတအဖြစ် ထပ်မံအရွေးခံ၊ မခံကိစ္စမှာ ယနေ့အထိ သဲသဲကွဲကွဲ မရှိသေးပေ။ သူရဦးရွှေမန်းကိစ္စ မပေါ်ပေါက်မီ သီတင်းပတ်နှစ်ပတ်ခန့်က Nikkei Asian Review နှင့် အင်တာဗျူးတွင် ဦးသိန်းစိန်က သူ၏ နိုင်ငံရေး ဦးတည်ချက်များနှင့် ပတ်သက်၍ ရှိုးတန်းရှန်းတန်း သဘောမျိုး ဖြေခဲ့သည်။ တိုင်းပြည်အခြေအနေ၊ ဖြစ်ပေါ်နေသော အနေအထားများနှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံပြီး ဆုံးဖြတ်မည်ဟုသာ မတင်မကျ ပြောဆိုသည်။ မည်သည့်အရာကိုမျှ အတိအကျပြော၍၊ ခန့်မှန်း၍ မရနိုင်သော မြန်မာစစ်တပ် (တပ်မတော်) နှင့် ထိပ်ပိုင်းပါဝါအီလစ်ကြီများ၏ သမိုင်းကြောင်းအရ ရွေးကောက်ပွဲနောက်ပိုင်း ဦးသိန်းစိန်၏ အခန်းကဏ္ဍကိုလည်း မတင်မကျ အနေအထားဟုသာ လတ်တလော သတ်မှတ်၍ ရပါမည်။

ယခုကိစ္စတွင် မြန်မာ့နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်နေသူများအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့သော နောက်ထပ်အကြောင်းအရင်းအချို့ ရှိပါသေးသည်။ ယင်းမှာ ဦးသိန်းစိန်ရော၊ သူရဦးရွှေမန်း နှစ်ဦးစလုံးသည် အငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနီးကပ်လူယုံများ ဖြစ်နေခြင်းပင်။ ၂၀၁၀ ရွေးကောက်ပွဲပြီးစ ကာလကလည်း သူရဦးရွှေမန်း သမ္မတဖြစ်မည်ဟု တပ်မတော်၏ အတွင်းစည်း၊ အပြင်စည်းမှ ပုဂ္ဂိုလ်အတော်များများက တထစ်ချ ပြောခဲ့ကြသည်။ သူရဦးရွှေမန်းသည် ယင်းရွေးကောက်ပွဲမတိုင်မီ နှစ်များစွာကတည်းက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အစရှိသည်တို့ကို လေ့လာသင်ကြားထားပြီး သမ္မတရာထူးအတွက် အသေအချာ ပြင်ဆင်ထား၊ Well-Trained လုပ်ထားသည့် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သည်ဟုပင် အတွင်းသိ အသိုင်းအဝိုင်းက ဆိုခဲ့ကြသည်။ သို့တိုင်အောင် နောက်ဆုံးတွင် ဦးသိန်းစိန် သမ္မတရာထူး ရသွား၍ နိုင်ငံရေး ဟောကိန်းထုတ်သူများ တွက်နည်းပြန်ကြည့်ရသည့် အခြေအနေသို့ ရောက်ခဲ့သည်။

အာဏာအရှိဆုံး နေရာကို ဦးသိန်းစိန်ကိုပေးပြီး သူရဦးရွှေမန်းကို လူကြိုက်များ ရေပန်းစားမည့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးပေးလိုက်ခြင်းသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယှဉ်ပြိုင်ထိန်းကျောင်းကာ စစ်တပ်ကြီးစိုးသော အရပ်သားအစိုးရ အုပ်ချုပ်ရေးယန္တရားသစ် တစ်ရပ် အခိုင်အမာ ပေါ်ထွန်းစေလိုသည့် ဦးတည်ချက်ကြောင့် ဖြစ်မည်ဟု နောက်ပိုင်းရောက်မှ သဘောပေါက်သွားကြသည်။ ဤသည်ကိုပင် အချို့က ဗိုလ်ချုပ်မှူးကြီး၏ ပရိုဂရမ်ဟု တင်စားပြောဆိုခဲ့ကြသည်။ သို့အတွက်ကြောင့် ယခုတစ်ကြိမ်တွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် နောက်ကွယ်မှ စီမံဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြပြန်သည်။ USDP ပါတီကမူ ဗိုလ်ချုပ်မှူးကြီးနှင့် ပတ်သက်မှု လုံးဝမရှိဟု ငြင်းဆိုသည်။ မည်သို့ပင်ဆိုစေ လက်ရှိ အာဏာရပါတီနှင့် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များအပေါ် ဗိုလ်ချုပ်မှူးကြီး၏ သြဇာလွှမ်းမိုးမှု အတိုင်းအတာမှာ အလွန်တရာ ကြီးမားနေဆဲ ဖြစ်သည်ဟု မြန်မာအခြေစိုက် သံတမန် အသိုင်းအဝိုင်းနှင့် နိုင်ငံရေး ပညာရှင်များက ယုံကြည်ထားဆဲ ဖြစ်သည်။

သူရဦးရွှေမန်း ဖယ်ရှားခံလိုက်ရမှုတွင် နောက်တစ်ချက်မှာ ရွေးကောက်ပွဲဝင်ရောက်ရန် စစ်တပ်က စာရင်းပေးသည့် စီနီယာ စစ်ဘက်အရာရှိကြီး ၁၄၃ ဦးအနက် ၅၉ ဦးကိုသာ USDP အနေနှင့် လက်ခံခဲ့သည့် ကိစ္စလည်း အဓိက ပါဝင်နေသည်ဟု ယူဆရပါသည်။ ယင်းသို့ စစ်ဘက်ပုဂ္ဂိုလ် အတော်များများကို လက်မခံဘဲ ဖယ်ရှားလိုက်ခြင်းက စစ်တပ်နှင့်သာမက ပါတီတွင်း ခေါင်းဆောင်များ ဆက်ဆံရေးကို အလွန်တရာ တင်းမာသွားစေခဲ့ပုံရသည်။ နိုင်ငံရေးပညာရှင်များ၊ စစ်တပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၏ အဆိုအရ မြန်မာအစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်းအတိုက်အခံများ၏ တောက်လျှောက်ဝေဖန်ခြင်း ခံထားရသော လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျှော့ချရန်အလို့ငှာ USDP ပါတီထဲသို့ ယူနီဖောင်းချွတ်၊ စစ်ဘက်မှ အငြိမ်းစားပုဂ္ဂိုလ်များကို ထည့်သွင်းရန် အစီအစဉ် ရှိသည်။ ဤနည်းလမ်းဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့၏ ထောက်ခံမှု ပိုမိုရရှိလာအောင် ဖန်တီးလိုသည့် ရည်ရွယ်ချက် ရှိထားပုံ ရပါသည်။

လက်ရှိအနေအထားတွင်မူ ပြည်ပမှ မြန်မာ့နိုင်ငံရေး လေ့လာသူများက သူရဦးရွှေမန်းကို အခြားသောအပြစ်များ ထုတ်ဖော်စွဲချက်တင်ကာ အရေးယူသည်အထိ ဖြစ်လာနိုင်သည်ဟုပင် ခန့်မှန်းကြသည်။ မြန်မာစစ်ဘက်ခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာကို ခြိမ်းခြောက်လာသူဟု ယူဆရသူ၊ ပြည်သူလူထုအကြား ရေပန်းစားလာသူများပေါ် “ဖြုတ်ချ၊ ဖယ်ရှား” လေ့ ရှိသောကြောင့် ဖြစ်သည်။ (ဥပမာ-ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် မိသားစုဝင်များ) ထိုအတိုင်း မှန်ပါက ဖခင်ဖြစ်သူ သူရဦးရွှေမန်း၏ နိုင်ငံရေးအရိပ်ဖြင့် စီးပွားဖြစ်နေကြသော သားနှစ်ဦး၏ စီးပွားရေး လုပ်ငန်းများလည်း ပစ်မှတ်ထားခံရဦးမည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူရဦးရွှေမန်း ပါတီတွင်း အရေးနိမ့်မှုသည် ဦးသိန်းစိန်နှင့် ဦးသိန်းစိန်ကို ထောက်ခံသော စစ်ဘက်ခေါင်းဆောင်များအတွက် တစ်ဖက်တွင် အောင်ပွဲတစ်ရပ် ဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျက်စိထဲတွင်မူ သူရဦးရွှေမန်းမှာ ပြည်သူ့ခေါင်းဆောင်တစ်ဦး အဖြစ် အသွင်ပြောင်းကာ အမှတ်ယူသွားနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။

Ref: Reuters and The Diplomat
ချွန်ထူးဟန်
The Voice

0 comments:

Post a Comment