Wednesday, August 26, 2015

ဦးဌေးဦးပြောတဲ့ ဦးသန်းရွှေ ၊ ကြံ့ခိုင်ရေးဇာတ်လမ်းနှင့် တပ်မတော်အကြောင်း


လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲသည် သြဂုတ် ၁၂ ရက်ညပိုင်းတွင် ဖြစ်ပေါ်ခဲ့သည်။ ရွေးကောက်ပွဲကျင်းပရန် နှစ်လကျော်သာလိုတော့သည့် အချိန်တွင် ဒီချုပ်ဥက္ကဋ္ဌနှင့် နီးစပ်မှုရှိပြီး၊ ပြည် ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌရာထူးကို ပူးတွဲထမ်းဆောင်နေသော သူရဦးရွှေမန်းနှင့် ဗဟိုကော်မတီဝင်အချို့ကို ရာထူးမှဖယ်ရှား လို က်ခြင်း၊ တပ်မှထိပ်ပိုင်း ခေါင်းဆောင်အချို့အပါ အဝင် လက်ရှိဝန်ကြီးများက လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက် အရွေးခံရန် ပူးပေါင်းခြင်းတို့ကြောင့် ပါတီ၏လှုပ်ရှားမှုများကို အားလုံးကစိတ်ဝင်စားနေကြသည်။ ထို့ကြောင့် ပါတီ၏ဒုဥက္ကဋ္ဌ/ပူးတွဲ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းထမ်းဆောင်နေသော ဦးဌေးဦးအား ပေါ်ပြူလာနယူးစ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ပါ တီခေါင်းဆောင်ပြောင်းလဲမှုအကြောင်းရင်း၊ NLD နှင့် နီးစပ်သူများအချို့အား ဗဟိုကော်မတီမှ ဖယ်ရှားလိုက်မှုအပေါ် ရှင်းလင်းချက်၊ ကြံ့ခိုင်ရေးပါတီမဖြစ်ခင် အသင်းအဖြစ်တည်ထောင်ခဲ့စဉ်ကတည်းက ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် အစီ အမံများ၊ လက်ရှိအခြေအနေအပေါ် သူ၏လွှမ်းမိုးမှု ရှိ၊ မရှိ၊ ဗိုလ်ချုပ်မှူးကြီး၏ လက်ရှိအခြေအနေနှင့်လာမည့်ရွေးကောက်ပွဲအတွက်
ကြံ့ခိုင်ရေးပါတီ၏ မျှော်မှန်းချက်များကို ဦးဌေးဦးက ဤသို့ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ပါတီခေါင်းဆောင်ပိုင်း ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပြပေးပါခင်ဗျာ။

ကျွန်တော်တို့က ၂ဝ၁ဝ အထွေ ထွေရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပါတီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရတယ်။ သမ္မတ ကနေ နိုင်ငံတော်အဆင့် တာဝန် ကို ဆောင်ရွက်ရမယ်ဆိုရင် ပါတီတာဝန်တွေကို ဆောင်ရွက်ခြင်း မပြုရလို့ပါတယ်။ အဲဒီတော့ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာလည်း ဒီဥစ္စာပါတယ်။အဲဒီလိုအခြေအနေ မျိုးမှာဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် ခြင်း မပြုရဘူးဆိုရင် ပါတီ မှာရှိတဲ့ ဒုဥက္ကဋ္ဌတွေထဲက ဝါအရင့်ဆုံး ဒု ဥက္ကဋ္ဌ တစ်ဦးကိုပူးတွဲတာဝန်ထမ်း ဆောင်စေရမယ်။ သမ္မတကြီးက အဲဒါကြောင့် ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ သူရဦးရွှေ မန်းကို ဥက္ကဋ္ဌတာဝန်ကို ပူးတွဲတာဝန်ထမ်းဆောင်ဖို့ လွှဲပေး လိုက်တယ်။ ပူးတွဲတာဝန် ထမ်း ဆောင်ဖို့ ပဲနော်။ ဥက္ကဋ္ဌရာထူးကို စွန့်လွှတ်တာတော့ မဟုတ်ဘူး။ လွှဲပေးလိုက်တဲ့ အချိန်ကနေစပြီး သမ္မတကြီးသည် ပါတီတာဝန်ကို ဘာမှမလုပ်တော့ဘူး။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာလည်း ဒီအတိုင်းပဲပါတယ်။

သူဒီတာဝန်ကို ပူးတွဲယူမယ်ဆိုရင်အခွင့်အရေးမျှတမှာ မဟုတ်ဘူး။ အဲဒီအတွက်ဥက္ကဋ္ဌတာဝန်ကို ပူးတွဲဥက္ကဋ္ဌအနေနဲ့ လွှဲပြောင်းပေး လိုက်တယ်။ အဲလိုလုပ်ရင်း လေး နှစ်ကျော်ဖြစ်လာတဲ့ အချိန် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကလည်း နီးကပ်လာပြီ။ ကပ်လာတဲ့အချိန် မှာ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ် တော်နာယကအနေနဲ့ တာဝန်ယူ ထားတယ်။ အဲဒီတာဝန်တွေက အင်မတန်ကြီးတယ်။ အလုပ်လည်း များတဲ့အတွက် ဒီလိုဆိုရင်တော့ ရွေးကောက်ပွဲအောင်နိုင်ရေး၊ ပါတီ စည်းရုံးရေးလုပ်ငန်းတွေမှာ အချိန်ပြည့် မလုပ်နိုင်တော့ဘူး။ အချိန် ပြည့်မလုပ်နိုင်တော့ဘူးဆိုတဲ့အတွက် ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး က သူ့ရဲ့တာဝန်တွေကို ဦးရွှေမန်း အစားကျွန်တော့်ကို လွှဲပေးလိုက် တယ်။ အဲဒါ ၁၂ ရက်နေ့ကလွှဲပေး တာ။ကျွန်တော်တို့လည်း အဲဒီကျမှသိတယ်။ လွှဲပေးတဲ့ စာကျွန်တော့် ဆီရောသူရဦးရွှေမန်းဆီရော ရောက်တယ်။ လွှဲပေးလိုက်တဲ့တစ်ချိန် တည်းမှာ ဘာတွေ ဖြစ် လာသလဲဆို ရင် ကျွန်တော်တို့က ၂ဝ၁၅ ရွေး ကောက်ပွဲမှာကျွန်တော်တို့ ပါတီထဲ ကို တပ်မတော်အရာရှိတွေလာ ဖို့ရှိတယ်။ တချို့လည်း ထွက်နေပြီ၊ သို့သော်လည်း ကျွန်တော်တို့က သူတို့ဆန္ဒကို မမေးရသေးဘူး။ အဲဒီ တော့ တစ်ချိန်တည်းမှာ အဲဒီနေ့ ညပိုင်း ည ၈ နာရီသ တင်းမှာလည်း ဝန်ကြီးတချို့နုတ်ထွက်တယ်။ အဲဒီ ဝန်ကြီးတွေထဲမှာ ကျွန်တော်တို့နဲ့ ဟိုးအရင်အသင်းဘဝက လုပ်ဖော် ကိုင်ဖက်တွေ ပါ တယ်။ အဲဒီတော့ ဒီလူတွေ ဒီလိုဖြစ်လာရင် သူတို့ရဲ့ ဆန္ဒကို ကျွန်တော်တို့ မေးဖို့လို တယ်။ ကိုယ်စားလှယ်အနေနဲ့ ရွေး မှာလား မရွေးဘူး လားဆိုတာ မေး ဖို့လိုတယ်ဆိုပြီး ကျွန်တော်တို့ချိတ် ဆက်ပြီး အဲဒီနေ့ပဲ ပါတီဌာနချုပ် မှာကျွန်တော်တို့မေးတယ်။ ဘာလို့ လဲဆိုတော့ ၁၅ ရက်မှာစာရင်းပိတ် ပြီလေ။ ကျွန်တော်တို့ အချိန်မရှိ တော့ဘူး။ အဲဒါကြောင့် ကျွန်တော် တို့ကသူတို့ကိုခေါ်မယ်ဆိုပြီး၊ ဒါက တပ်မတော် သား အရာရှိတွေခေါ် မယ်ဆိုတာကနဂိုကတည်းက အစီ အစဉ်ရှိတယ်။သို့သော်လည်းပဲ ဝန် ကြီးတွေကိစ္စက အခုမှသိတဲ့အတွက် ဝန်ကြီးတွေပါတစ်ခါတည်း ခေါ် လိုက်တယ်။ ရောက်လာတဲ့ အချိန်မှာ ခုနတုန်းကတာဝန်လွှဲပြောင်းတယ်ဆို တာနဲ့ပတ်သက်လို့လည်းပဲ သတင်း ကထွက်လာပြီး အဲဒီလိုထွက်လာ တဲ့ အချိန်ကျတော့ ကျွန်တော်တို့ ခေါ်တာကတစ်ပိုင်း၊ ကျွန်တော်တို့ ခေါ်တဲ့ အစည်းအဝေး သည်သူတို့ ကိုပါတီမှာ လုပ်မှာလား၊ အနားယူ မှာလား။ တချို့လည်း ဝန်ကြီးဌာန ကနေ နုတ်ထွက်တဲ့အချိန်မှာ ပါတီ မှာ မလုပ်တဲ့ သူတွေလည်း ရှိပါ တယ်။ ဒါ့ကြောင့်မို့ လုပ်မှာလား မလုပ်ဘူးလား။လုပ်မယ်ဆိုရင်ရော ပါတီကနေသတ်မှတ်ထားတဲ့ နေ ရာတွေမှာ ကိုယ်စားလှယ်အဖြစ် ရွေးမှာလားဆိုတဲ့ဆန္ဒကို ကျွန်တော် တို့မေးတယ်။

အဲဒီအချိန်မှာ ပူးတွဲ ဥက္ကဋ္ဌ တာဝန်ကိုလွှဲပြောင်းတယ် ဆိုတာကလည်းပါလာတယ်။ ဒီမှာ သတင်းထွက်တယ်။ ဒီလိုလည်း လာတယ် ဆိုတော့ ဒီထဲမှာ ရုတ် ရုတ်သဲသဲဖြစ်ရင် မသင့်တော်ဘူး။ နောက်တစ်ခါလွှတ်တော် ကိုယ် စားလှယ်တွေကလည်း ရောက်နေ ကြပြီ။ ကျွန်တော်တို့ ဝင်းထဲမှာပဲ။ဒါက စည်ပင်နယ်နိမိတ်ထဲမှာကိုး။ အဲဒီတော့ဒီထဲမှာတစ်ခုခုများ ရုန်း ရင်းဆန်ခတ်သဘောမျိုး ဖြစ်မယ် လို့ ဒါသူတို့အတွေးပါ။ ဖြစ်မယ် ဆိုရင်တော့ မသင့်တော်ဘူးဆိုပြီး တော့ လုံခြုံရေးချထားပေးတယ်။ လုံခြုံရေးချတဲ့အတွက် ဒီလုံခြုံရေး သည် ကျွန်တော်တို့က ဘာမှသိပ်ပြီး ထွေထွေထူးထူးပြောတာ မဟုတ် ဘူး။ များတယ် နည်းတယ်လည်း ကျွန်တော် မသိပါဘူး။ ဒါမြို့တော် စည် ပင်ရဲ့အစီအစဉ်ပဲလေ။ မြို့တော် စည်ပင်ရဲ့အစီအစဉ် နဲ့လုပ်ချလိုက် တဲ့ အချိန်ကျတော့ ကျွန်တော်တို့က အထဲမှာလုပ်မ လုပ်မေး တယ်။ တော် တော်များများကလည်း လုပ်တဲ့သူ တွေပါပဲ။ အဲဒီတော့ ဘယ်သူတွေ ရှိနေလဲဆိုရင် ကျွန်တော်ရှိတယ်။ ဗဟိုအတိုင်ပင်ခံ၊ ဗဟိုအကြံပေး တွေရှိတယ်။ CEC တော့ မရှိနိုင်ဘူး။ CEC ကအဖွဲ့တွေ မပြောလိုက်မိဘူး။ လာတဲ့လူတွေထဲမှာ ဃနဃ အဟောင်းတွေ ပါတယ်။ နောက်တစ်ခါတပ်မတော်က အရာ ရှိကြီးတွေပါတယ်။ အဲဒီအရာရှိကြီး တွေထဲမှာ ဟိုအရင်တုန်းက ဗိုလ် ချုပ်ကြီး သူရရွှေမန်းလို အဆင့်တူ တဲ့ သူတွေလည်းပါတယ်။ ဗိုလ်ချုပ် ကြီးလှဌေးဝင်းဆို အတူတူပဲလေ။ အဲဒီတော့ သူတို့တွေဟာ တကယ် တမ်းပြောရင် စွမ်းရည်လည်း ရှိ တယ်။ အလုပ်လည်း လုပ်နိုင်တဲ့ အတွက် CEC ထဲမှာ တိုးချဲ့ပြီးများ တာဝန်ပေးလို့ရမလားဆိုတာ ကို ဗဟိုအတိုင်ပင်ခံနဲ့ ဗဟိုအကြံ ပေးတွေနဲ့ ဆွေးနွေးတယ်။ ကျွန် တော်တို့ အချင်းချင်းတိုင်ပင်တော့ ဒီလူတွေကို ပါတီက တာဝန်ပေးရင် တော့ သူတို့ လုပ်နိုင် လိမ့်မယ် ထင် တယ်။ ပေးရင် ကောင်းမလား ဆွေးနွေးတော့ ယေဘုယျအားဖြင့် သဘောတူတယ်။ သို့သော်လည်းပဲ အဲဒါဆုံးဖြတ်ချက် မဟုတ်ဘူး။ အတည် မဖြစ်ဘူး။ ဒါဆိုရင်တော့ မနက်ဖြန် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး လုပ် လိုက်မယ်ဆိုပြီး ၈ နာ ရီမှာ လုပ်ဖို့ ဖိတ်လိုက်တယ်။ ညတွင်းချင်းပဲ ဖိတ်တာပေါ့ဗျာ။ အဲဒီညက အစည်း အဝေးက ၁ဝ နာရီ၊ ၁၁ နာရီ လောက်ဖြတ်ကြတယ်။

မိုးချုပ်သွား တယ်၊ ဖိတ်တော့လည်း ခရီးလွန် နေတဲ့သူတွေရှိတော့ ဖိတ်လို့ရတာ တွေ အကုန်ဖိတ်တယ်။ မနက် ၈ နာရီမှာ အစည်း အဝေးလုပ်တယ်။ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ဗဟို အလုပ်အမှုဆောင်ထဲမှာ တိုးချဲ့ ဖွဲ့စည်းရင်ကောင်းမလား၊ ပြင်ဆင် ဖွဲ့စည်း တာမ ဟုတ်ဘူးနော်။ သူတို့ ကိုထပ်ပြီးတော့ ဆောင်းပြီးတော့မှ လုပ်ရင်ကောင်းမလားဆိုပြီး ဆွေး နွေးတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က သဘောတူတယ်။ ဒါဆိုရင် ဘယ်တာဝန်တွေ ပေးကြမလဲဆို တော့တာဝန်ခွဲဝေမှုတွေရလာတယ်။ ဦးတင်နိုင်သိန်းဆို အထွေထွေအ တွင်းရေးမှူးလုပ်မယ်။ အကုန်လုံး က ဗိုလ်ချုပ်ကြီးတွေ ချည်းပဲလေ ဗျာ။ ဒါတောင်မှ ဦးလှဌေးဝင်းကျ တော့ သူ့ကိုတွဲဖက် အထွေထွေ အတွင်းရေးမှူးရာထူးကိုကျွန်တော် တို့ မပေးနိုင်ဘူး။ မပေးနိုင်သေးဘဲ သူ့ကို ဗဟိုအလုပ်အမှုဆောင်ထဲ ထည့်ထားမယ်။ ဌာနတစ်ခုကိုပေး မယ်ဆိုပြီး ဌာနတွေပါ ခွဲတာပေါ့။ အဲဒီမှာ သဘောတူတယ်။ သဘော တူတဲ့ဥစ္စာက ၇၅ ရာခိုင်နှုန်း ကျော်တာကိုး။ အဲဒီမှာဗဟိုအလုပ် အမှု ဆောင် အဖွဲ့ကိုပြန်ဖွဲ့စည်းတာ ထက်စာရင် မပါတော့တဲ့သူ ကျ တော့ ကျွန်တော်တို့ကဖယ်တာပေါ့ ဗျာ။ သို့သော်လည်း အဟောင်း ကို အခြေခံထားပြီး အင်အားတိုးပေး လိုက်တော့ ၅၃ ဦး ဖြစ်လာတယ်။ ၅၃ ဦးမှာ မူလအဖွဲ့ဟောင်းက ၄ဝ ပါတယ်။ နောက်ထပ် အ သစ်တိုး တာ ၁၃ ဦးပဲ တိုးတယ်။ ၂ ဦးမပါ ဘူး။ ၂ ဦးက သူရဦးရွှေမန်းရယ်၊ သူက ဗဟိုအလုပ်အမှုဆောင်ထဲ ပါလို့ရှိရင် မရတော့ဘူးလေ။ ဟို ဘက်မှာ ဖြစ်နေပြီ၊ နောက် အထွေ ထွေအတွင်းရေးမှူးရယ်၊ သူရဦးရွှေ မန်းရဲ့ တာဝန်ကကြီးတာကိုး။ ဒီ လည်းမလာနိုင်တော့ဘူး။ ကျွန် တော်က ဥက္ကဋ္ဌဖြစ်ပြီး သူက ဗဟို ကော်မတီဝင်ဆိုလည်း ဘယ်သင့် တော်မလဲ။ ကျန်တာအကုန်ပါတယ်။

နာယကကြီးကတော့ မအားလို့ ဆိုရင် ဦးမောင်မောင်သိမ်းကရော ဘာလို့ ပြန်မပါတာလဲခင်ဗျာ။

ဦးမောင်မောင်သိမ်းက ဘာ လို့မပါတာလဲဆိုရင် အထွေထွေ အတွင်းရေးမှူးနဲ့ ပတ်သက်လို့ လည်းပဲ အသစ်နဲ့ ကျွန်တော်တို့က လုပ်ရ မှာကိုး။ ဒါကတော့ကျွန်တော် တို့ ပြောင်းလဲတာပေါ့။ ပြောင်းလဲ တဲ့အထဲမှာတော့ ဦးမောင်မောင် သိမ်း ပါသွားတာပေါ့။ ကျန်တဲ့ဥ စ္စာ တွေ ကတော့ ကျွန်တော်တို့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ထဲမှာ ညက ဆွေးနွေးတာတွေက ပါသွားပြီး မနက်ကျတော့ ဗဟို အလုပ် အမှု ဆော င် ကော်မတီအဟောင်းက ဆွေးနွေးတဲ့အချိန်မှာ အခုဖွဲ့စည်း ပုံအသစ်ဖြစ်လာတယ်။ ကျွန်တော် တို့က ပြင်ဆင်ဖွဲ့စည်းတာ မဟုတ် ဘူး။ တိုးချဲ့ဖွဲ့စည်းတာ၊ အရင်ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ဖျက် ပစ်တာဆိုတာမဟုတ်ဘူး။ မူဝါဒနဲ့ ပတ်သက်လို့လည်း မပြောင်းဘူး။ သို့ေ လာသို့လော ဖြစ်မှာ လည်းစိုးရတာကိုး။ မူရယ်ဝါဒရယ် မပြောင်းဘူး။ လုပ်ငန်းလမ်းစဉ် တွေလည်း မပြောင်းဘူး။ ရွေး ကောက် ပွဲမှာကိုယ် စားလှယ်အဖြစ် ရွေးချယ်ပြီးသား တွေကိုလည်း မပြောင်းဘူးဆိုပြီး သတင်းထုတ် လိုက်တာပေါ့။

သူရဦးအောင်ကိုလည်း ဘာ့ကြောင့် ပြန်မပါတာလဲ။ ဘယ်လို ဖြစ်လို့ ပါလဲ။

ဘယ်လိုဖြစ်လို့လဲဆိုတော့ ညက ဗဟိုအလုပ်အမှုဆောင် ကော်မတီမှာဆုံးဖြတ်တဲ့အချိန်မှာ သူတို့ မပါတာလေ။ ဆွေးနွေးတဲ့အထဲမှာ မပါတာလေ။ ဆွေးနွေးတဲ့ အချိန် မှာ ဘယ်သူတွေနဲ့ ဖွဲ့စည်းမလဲဆို တော့သူတို့တွေ မပါတော့ဘူးပေါ့။ ဒါပါပဲ။

သူရဦးရွှေမန်းတို့၊ သူရဦးအောင်ကို တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှုရှိလို့ဖြုတ်လိုက်တယ်ဆိုပြီး သတင်းတွေထွက်တဲ့အပေါ်ရော ဘာများ ပြောလိုပါသလဲ။

ဒါလည်း ကျွန်တော် ပြောပြ မယ်။ အဲဒါက မဟုတ်ဘူးဗျ။ ကျွန် တော်တို့ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းပဲ ပြောရမှာပဲ။ အဲဒီ မပြော ခင်မှာ ကျွန်တော်ကတော့ အသင်းဘဝကတည်းက လုပ်ခဲ့တာ ဖြစ်တဲ့အတွက် အသင်းရဲ့ မျှော် မှန်းထားတဲ့ ၂ဝ၁ဝ အလွန် ကာလ မှာ ဘာတွေ ဖြစ်မလဲဆိုတာ မျှော် မှန်းခဲ့ဖူးတယ်။ကျွန်တော်တို့က ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ရအောင်ယူမယ် ဆိုပြီး ကြိုးစားခဲ့တယ်။ ဒါ့ကြောင့် ၂ဝ၁ဝ ပတ်ဝန်းကျင် နောက်ပိုင်း မှာတော့ဖြစ်မှာပဲ။ အခြေအနေမှန် ဖြစ်မှာပဲဆိုတာ တွက်ပြီးသား။ ဒီမှာ လည်း ပါတီတွေမျိုး စုံထွက်လာလိမ့် မယ်။ ပါတီစုံစနစ်ကို ဖွင့်ပေးရ တော့မှာကိုး။ ဒါ့ကြောင့် ရအောင် လုပ်မယ်။ လုပ်ပြီးရင် ဒီပုံစံအတိုင်း ဖြစ်လာမယ်။ ပါတီတွေအများကြီး ဖြစ်လာရင် ပါတီတွေအပေါ်မှာ ဘယ်လို သဘောထားမလဲ။ အဲဒါ အသင်းဘဝကတည်းက စဉ်းစား တယ်။ ကျန်တဲ့ ပါတီတွေက နိုင်ငံ အတွက်ထားတဲ့ ရည်မှန်းချက် တူနေတယ်။ သို့သော်လည်းပဲ ကျော ထောက်နောက်ခံဆိုတာ မတူနိုင် ဘူး။ နောက် တစ်ခါ မူတွေ၊ ဝါဒ တွေဆိုတာ တူချင်မှ တူမယ်၊ မတူ နိုင်ဘူး။ ဒါ့ကြောင့် မတူနိုင်တဲ့အတွက် မတူတဲ့ပါတီတွေအပေါ် ဘယ်လို သဘော ထားမလဲဆိုတဲ့ဥစ္စာမှာ မတူတဲ့ဥစ္စာကို ကျွန်တော်တို့ ယူ မယ်ဆိုရင် ဆန့်ကျင်ဘက်ပါတီလို့ သတ်မှတ်ရမှာ။ သို့သော်လည်းပဲ ကျွန်တော် တို့က ဒီသဘော မလုပ်ချင်ဘူး။ ကျွန်တော်တို့က တူတဲ့ ဥစ္စာပဲ လုပ်ချင်တယ်။ တူတာ ဘာလဲဆိုတော့ စေတနာကတော့ တူတယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းစားစေချင်တဲ့ အတွက် သူတို့ပါတီဖွဲ့စည်းတာပဲ ဖြစ်မယ်။

ကိုယ့်ဒေသအကျိုးကို ကောင်းအောင်လုပ်မယ်ဆိုတဲ့ စေ တနာတော့ တူလိမ့်မယ်။ ဒီစေတနာ တူတဲ့အပေါ်မူတည်ပြီး သူတို့ကို လုပ်ဖော်ကိုင်ဖက်လို သဘောထား မယ်။ ကျွန်တော် ဆိုလိုတာကတော့ ကျန်တဲ့ပါတီတွေအပေါ်မှာ ရန်သူ လိုပဲ သဘောမထားဘူး။ အ တိုက် အခံလို့လည်း သဘောမထားဘူး၊ လုပ်ဖော်ကိုင်ဖက်လိုပဲ သဘော ထားတဲ့အတွက် ကျွန်တော်တို့ မူ အတိုင်းရင်းရင်းနှီးနှီး ဆက် ဆံတယ်။ ကျွန်တော်လည်း နှုတ်ဆက်တာ ပါပဲ။ သူတို့လည်းပဲ လုပ်ငန်းစဉ် တွေ တူမှ မတူတာ။ မတူတော့ ဘယ်ပေါင်းမလဲ။ တူ တာပေါင်း မှာ ပေါ့။ သူတို့ကိုလည်း လုပ်ဖော် ကိုင်ဖက်လို သဘောထားတဲ့အတွက် ဒီကိုပေါင်းတဲ့အတွက်တော့ ကျွန်တော်တို့က အပြစ် မမြင်ပါဘူး။ ဒီအတွက်လည်း မဟုတ်ပါဘူး။ ပြောင်းလဲတာလည်းမရှိဘူး။ ခုလည်း သူတို့ကို ကျွန်တော်တို့က ပါတီ တွင်းက ထုတ်ပစ်တာလည်း မရှိဘူး။

တချို့ကပြောကြတယ်။ သူရဦးရွှေ မန်းဆိုရင် ဒီဖြစ်စဉ် မဖြစ်ခင်က သူ့ရဲ့ ဇေယျာသီရိမြို့နယ်က သူတွေ ရဲ့ ကန့်ကွက်ချက်ပေါ့။ ဖြုတ်ချဖို့ စာလာတယ်။ သူက တပ်နဲ့လည်း နောက်ပိုင်း ဆက်ဆံရေး မရှိဘူး။ အဲဒီလိုကြောင့်လည်း ဖြုတ်လိုက် တာဆိုပြီး ပြောကြတယ်။ အဲဒီ အပေါ်ရော ဘယ်လို သဘောထား တွေရှိပါသလဲခင်ဗျာ။

ဇေယျာသီရိမြို့နယ်ထဲက ၁ ရာခိုင်နှုန်းကျော်တဲ့ မဲထည့်တဲ့သူ တွေကနေပြီး ကန့်ကွက်တယ်လို့ တော့ ကြားတယ်။ သို့သော်လည်း ဒီဥစ္စာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူး။ ကန့်ကွက်ရင် ဖြေရှင်းလို့ရတာပဲ။ ကန့်ကွက်တဲ့ အတိုင်းလည်း ဟုတ်ချင်မှ ဟုတ်ဦး မှာကိုး။ ၁ ရာခိုင်နှုန်းပဲ ကန့်ကွက် ကန့်ကွက်၊ ၂ ရာခိုင်နှုန်းပဲကန့်ကွက် ကန့်ကွက်၊ တကယ်တမ်း ပြောလို့ ရှိရင် အချိန်က နှစ်လကျော်ကျော်ပဲ ကျန် တယ်။ ဒီကြားထဲမှာ ခုံရုံးဖွဲ့ မယ်ဆိုရင်တော့ နှစ်လမက ကြာ မယ်။ ဘာမှ အကျိုးသက်ရောက် နိုင်မှုမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ က လျှပ်တပြက်ဝင်ပြီး ပြောင်းပါ ဆိုပြီး ပြောင်းလိုက်ရတယ်ဆိုတဲ့ သတင်းတွေလည်းထွက်တယ်။ အဲ ဒါလေး ပြောပါဦးခင်ဗျား။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခေါင်းဆောင်မှုကို ကျွန်တော်ပြော ပြမယ်။ ကျွန်တော်တို့ပါတီ အသင်း ကတည်းက ဗိုလ်ချုပ်မှူးကြီးက နာယက၊ ကျွန်တော်ကအထွေထွေ အတွင်းရေးမှူး၊ ကျွန်တော်တို့ရဲ့ ဖွဲ့ စည်းပုံမှာ တကယ်တမ်းပြောရင် ဥက္ကဋ္ဌမရှိဘူးဗျ၊ အထွေထွေအတွင်း ရေး မှူးနဲ့ ကျန်တဲ့နေရာတွေမှာ အတွင်းရေးမှူးတွေပဲ ရှိတယ်။ အဲဒီအခြေအနေမှာကိုက ကျွန် တော်တို့ရုံးမှာလည်း ဗိုလ်ချုပ်မှူး ကြီးအ တွက် ကို နေရာတွေ အကုန် လုပ်ထားတယ်။ သူလာလို့ရှိရင် နာယကကြီးအတွက် နေရာဆိုပြီး ရုံးခန်းလုပ်ထားတယ်။ တစ်ခါမှ မလာဘူး။ သို့သော်လည်းပဲ ကျွန် တော်တို့နဲ့ မတွေ့ဘူးလားဆိုတော့ တွေ့တာပေါ့ဗျာ။ ကျွန်တော်တို့က အဲဒီအချိန်မှာ အစိုးရအဖွဲ့ဝန်ကြီး တွေ လည်း ဖြစ်တယ်။ CEC တွေလည်း ဖြစ်တယ်ဆိုတော့ တွေ့တာပေါ့။ ကျွန်တော် လေ့လာရ သလောက်တော့ ဗိုလ်ချုပ်မှူးကြီး က အဲဒီ အ ချိန်မှာ နှိုးဆော်မှုပေးတယ်။ ဒီစနစ်ကို ပြောင်းရအောင် ဦးဆောင်မှုပေးတဲ့အပြင် တစ်ချိန်တည်းမှာ ဘာလုပ်လဲဆိုရင် ဒီလူ တွေက ဆ က်ပြီး ဦးေ ဆာင်နိုင်တဲ့ စွမ်းရည်ရှိအောင် သူလေ့ကျင့်ပေးတာ။ ဒါပဲ။ အဲဒီ လေ့ကျင့်ပေးနိုင်တဲ့ကာလကို သူတွက်မှာပေါ့ဗျာ။ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူ တွေရဲ့ အခြေအနေသူတွက်မှာ ပေါ့ဗျာ။ တိုင်းပြည် အခြေအနေ ဆိုတာက စီးပွားရေးအခြေအနေလည်း သူ တွက်မှာပေါ့။ နောက် တစ်ခါ အခြေခံ အဆောက်အအုံ အခြေအနေ၊ လူတွေရဲ့စိတ်ဓာတ် အခြေအနေ တွက်မှာပေါ့။ စီး ပွားရေး အခြေ အနေတွက်တာ တော့ ဘာမှ မဟုတ်ဘူးဗျ။ အရင် တုန်းက ဆိုရှယ်လစ်စနစ်၊ အခု တော့ ပါတီစုံ ဒီမိုကရေစနစ်၊ မတူတဲ့ ဥစ္စာအများကြီးပဲ။ ဆိုရှယ်လစ် စနစ်မှာ ခင်ဗျားတို့ ပြောနေတဲ့ သူဌေးတွေမရှိဘူး။ အစိုးရပဲ ရှိတယ်။ အစိုးရပဲ။ သူပဲရတာ အကုန်ယူ မယ်။ ပြီးရင် ပြည် သူတွေ ကို မျှမျှတတ ပေးမယ်ဆိုတာပဲ ရှိတယ်။ အခု ဒီဘက်ခေတ်မှာကျတော့ လုပ်ငန်းရှင်တွေ၊ သူဌေးတွေ ရှိ တယ်။

ဟိုအရင်တုန်းကတော့ အရင်းရှင်ဆို အရင်ရှင်းလို့ ပြောတယ်။ အခုကျတော့ လုပ်ငန်းရှင် ကို မွေးရတယ်။ လူတွေရဲ့အလုပ် အကိုင်ရ ရှိရေး၊ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ကောင်းလာပြီဆိုရင် လူတွေအလုပ်အကိုင်ရရှိရေး ဖြစ်မှာပဲ။ အဲဒီတော့သူ သူဌေးတွေ မွေး ခဲ့တယ်။ ဒီအထဲမှာ အား နည်းတာတွေလည်း ပါတာပေါ့ဗျာ။ ခင်ဗျားတို့ပြောနေကြတာ တကယ် တော့ ခရိုနီဆိုတာ ကောင်းတဲ့ စကားပဲ။ အဓိပ္ပာယ်က ကောင်းတဲ့ စကားပဲ။ အဲဒါတွေလည်း မွေးရ သေးတယ်။ ကျွန်တော်တို့ ၁၉၈၈ နဲ့ ၂ဝ၁ဝ ကာလထဲမှာ ပေါ်လာတဲ့ သူတွေေ တ်ာတော်များတယ်။ သူ တို့ ချမ်းသာအောင် လုပ်တတ် အောင်ကို ဖန်တီးပေးရတယ်။ အဲဒါတွေ ပြည့်စုံသွားပြီ။ တစ်ဖက် ကလည်း ပါတီ အဖြစ် ပြောင်းလဲ ဖွဲ့စည်းမယ့်သူတွေသည် လုပ်နိုင် ကိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချိန်မှာ သူလွှဲပေးလိုက်တာပဲ။ လွှဲပေး လိုက်တဲ့အချိန်မှာ သူ့ဘာသူ အေး ဆေးနေတာပဲ။ ကျွန်တော်တို့ အဆက်အသွယ်မရှိဘူး မဟုတ် ဘူး။ ရှိပါတယ်။ ဘာဖြစ်လို့ဆို တော့ သူသင်ပေးတာကိုး။ သူလေ့ ကျင့်ပေးတာ။ သူဖွဲ့စည်းပေးခဲ့တဲ့ ဥစ္စာနဲ့ ကျွန်တော်တို့လုပ်နေတာ။ သို့သော်လည်း ဟိုအရင်ကတည်း က လုပ်တတ်ကိုင် တတ်ေ အာင်ဆို ပြီးတော့မှကျွန်တော်တို့ ပြည်ခိုင်ဖြိုး အသင်းရဲ့ CEC စားပွဲ ထိပ်ကနေ ထိုင်ပြီးတော့မှ ဘာလုပ် ဘာလုပ် ဆိုတာလမ်းညွှန်တာ မရှိဘူး။ လုပ်တတ်အောင်ပဲ လုပ်တယ်။ ကျွန်တော်တို့ပဲ လုပ်ရတာ။ မလာ ဘူး။ အခုလည်းမလာဘူး။ အဲဒီ တော့ ခုနက ဥစ္စာတွေနဲ့ ပတ် သက်ပြီးတော့ သူလည်းမသိပါ ဘူး။ သိဖို့မရှိဘူး။ ကျွန်တော်တို့ လည်း မသိဘူးလေ။ ကျွန်တော်တို့ လည်း တချို့ဥစ္စာတွေ မသိပါဘူး။ သို့သော်လည်းပဲ အောင်မြင်အောင် ပြန်လည် ဖွဲ့စည်းတဲ့ ဗဟိုအလုပ် မှုဆောင်ကြတော့ ခင်ဗျားပြောတဲ့ ဥစ္စာတွေပါပဲ။ အကုန်လုံးကို စည်းစည်းလုံးလုံး ဖြစ်အောင် အဓိက အင်အားစုကတော့ ပြည်သူ ရှိတယ်။ ပြည်သူထဲမှာ ပါတီ ပါတယ်။ ပြည်သူကိုစည်းရုံးတာ ကတော့ ကျွန်တော်တို့ပါတီ အလုပ်ပဲ။ ဒုတိယကတော့ အဓိက အင်အားစုမှာပါတာက အစိုးရပဲ။ ဒါကနိုင်ငံရဲ့ စွမ်းအားကိုဖြစ်စေတဲ့ အဖွဲ့အစည်းထဲ မှာအစိုးရပါတယ်။ ဒါ့ကြောင့် အစိုးရနဲ့ နီးစပ်တဲ့ သူတွေဆိုတာ သူ့ဆီကနေ လော လောလတ်လတ် ထွက်လာတဲ့ ဝန်ကြီးတွေကို ကျွန်တော်တို့က နေပြီးတော့ သူအနီးစပ်ဆုံးပဲလေ။ ကျွန်တော်တို့က မနီးစပ်တော့ဘူး။ လေးနှစ်ကွာသွားပြီ။ သူအနီးစပ် ဆုံးဆိုတဲ့ လူတွေ။ သူတို့ လုပ်မ လားဆိုတဲ့ အချိန်မှာ ဗဟိုအလုပ်အ မှုဆောင်ထဲ ထည့်လိုက်တာပေါ့။နောက်တစ်ခါ တတိယအင်အားစု က တပ်ပဲ။ ကျွန်တော်တို့ တိုင်းပြည် က ပိုလိုတယ်။ ပြောမယ်ဆိုလို့ရှိရင် အင်အားစုတွေထဲမှာ ပြည်သူဆို တာ အမြဲတမ်း ရှိမယ်။ ပြည်သူ မပြော င်းနိုင်ဘူး။ အစိုးရကတော့ ငါးနှစ်တစ်ကြိမ် ပြောင်းသွားမယ်။ လွှတ်တော်ထဲက အင်အားစု ကလည်း ငါးနှစ် တစ်ကြိမ် ပြောင်း နေ မှာပဲ။ ဒါပေမဲ့ မပြောင်းနိုင် သေးတဲ့ အင်အားစုရှိတယ်။ အဲဒါ တပ်ပဲ။ ဘာပဲပြောပြော ဒီအင်အား စု (၃) ရပ်ထဲမှာ ပြည်သူ့အင်အားစု နဲ့ ကျွန်တော်တို့ စည်းရုံးထားတဲ့ အင်အားစုနဲ့ နိုင်ငံ့စွမ်းအားကို ဖြစ်စေတဲ့ အင်အားစုနဲ့ ပေါင်းစပ် ညှိနှိုင်းရမှာပေါ့။ သို့သော်လည်း တခြားလူတွေ စိုးရိမ်နေသလို ပါတီရယ်၊ တပ်ရယ်က တစ်ဖွဲ့တည်း ဖြစ်သွားပြီ။ မတရား အနိုင်ကျင့် တော့မယ်။ မဟုတ်ပါဘူး။ ဖွဲ့စည်း ပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက် အရပဲ။ အဲဒီတော့ စိုးရိမ်စရာ မရှိဘူး။

ဖက်ဒရယ်နိုင်ငံအဖြစ်နဲ့ ဒီမိုကရေစီ လမ်းလျှောက်မယ်လို့ ပြောဖူးခဲ့ တော့ ဘယ်လိုဖက်ဒရယ်ပုံစံမျိုးကို သွားချင်တာပါလဲ။

ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်အရ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံလို့ ပြောရမှာပဲ။ တကယ်တမ်းပြောရင် ပြည်ထောင်စုဆိုတဲ့ ဥစ္စာဖက်ဒရယ် ပါပဲဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့စကားကို ကိုးကားပြီး ပြောရမယ်ဆိုရင် ပြည်ထောင်စု လို့လည်းပြောတယ်။ ဖက် ဒရယ်လို့ ပြောကြတာပဲ။ သို့သော်လည်းပဲ အမေရိကန်ပြည်ထောင်စုလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးတာပဲ။ ဘယ်မှာ ဖက်ဒရယ်ပြည်ေ ထာင်စု လို့ရေးလို့လဲ။ ကျွန်တော်တို့ ဒီ အပေါ်မှာ ပြည်နယ်တိုင်းတွေကို အချိုးကျ အာဏာခွဲဝေတဲ့စနစ် ဆိုရင် ဖက်ဒရယ်ဖြစ်တာပဲလေ။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုရေးတဲ့အချိန်က အကုန် လုံး လေ့လာပြီးတော့မှ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ အကောင်းဆုံးဆိုတဲ့ ဥစ္စာရေးတာ။ ဒါကြောင့်ကျွန်တော် တို့ရဲ့ နိုင်ငံကို ထူထောင်ဖို့သွား နေတဲ့ပါတီစုံ ဒီမိုကရေစီလမ်း ကြောင်းသည် ဘယ်သူနဲ့မှ မတူ ဘူး။ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေ အနေနဲ့ ကိုက်ညီတာပဲ ကျွန်တော် တို့လုပ်တယ်။

တပ်ကလည်း ပါတီကိုလာပြီ။ ဝန်ကြီးတွေလည်း ပါလာမယ်ဆိုတော့ ကြံ့ခိုင်ရေးကပိုပြီးအင်အားကောင်း လာပြီပေါ့။ လာမယ့်ရွေးကောက် ပွဲအတွက်ရော ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။

မှန်ပါတယ်။ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဟောင်းတွေနဲ့ စဉ်းစားတဲ့အချိန် မှာ ပိုအားကောင်းအောင်ဖွဲ့တယ်။ ထပ် တိုးဖွဲ့တာပဲ။ တကယ်တမ်း ပြောလို့ရှိရင် ကျွန်တော်တို့က ၅ဝ ပဲ ဖွဲ့လို့ရတယ်။ ဒါ့ကြောင့် ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းကို ကျွန် တော် တို့ရဲ့ မူဘောင်ထဲကနေ ၆ဝလို့ ပြင်ရတယ် ပြင်ပြီးတော့မှ သူတို့ ကို ထည့်တာ။ ၅၃ ယောက်ဖြစ်နေ တယ်။ ပိုပြီး အားကောင်းအောင်လို့ စွမ်းရည်ထက် စည်းရုံးရေးစွမ်းအား က (၁) ပေါ့ဗျာ။ စွမ်းရည်က နံပါတ်(၂)။ ဗိုလ်ချုပ်ကြီးလှဌေးဝင်း ဆို တပ်မတော်မှာဒုတိ ယကာ ကွယ် ရေးဦးစီးချုပ်ပြီးရင် သူပဲလေ။ ဒါက ကျွန်တော်တို့က ဗဟိုအလုပ် အမှု ဆောင်လည်း မထားဘဲ အများ ပါတီဝင်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ထားမယ်ဆို ကျွန်တော်တို့ ရှုံးတာပေါ့။ သူက ကျွန်တော်တို့ဆီ ယုံယုံကြည်ကြည် နဲ့ ဝင်လာမယ်လို့ ပြောတာကိုး။ ပို အားကောင်းတာပေါ့။

သူရဦးရွှေမန်းနဲ့ ပတ်သက်ပြီးတော့ တိုင်စာတွေ ရောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦးခင်ဗျား။

ဒါကတော့ ကျွန်တော်တို့ကတော့ ပြောထားတာ မရှိပါဘူး။ မဟုတ်ဘူးလား။ ကျွန်တော်တို့ မပြောဘူး။ ကျွန်တော်တို့က တာဝန်တွေ များနေတဲ့အတွက် ဒီလို ဖြစ်တယ်လို့ပဲ ပြောပါတယ်။

ဖွဲ့စည်းပုံအရတော့ သမ္မတကပါတီလုပ်ငန်းမလုပ်ရဘူးဆိုပြီး အခုကိစ္စကျတော့ ဦးဌေးဦးကို ခန့်အပ်တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ဖောက်ဖျက်ရာမရောက် ဘူးလားဆိုပြီး ဝေဖန်ကြတာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။

ဒါကတော့ စိတ်ဝင်စားကြ တယ်။ မေးကြတယ်။ ကျွန်တော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းအရတော့ သူသည် ပါတီ လုပ် ငန်းတာဝန်ကို ဆောင်ရွက်ခွင့် မရှိသော ဥက္ကဋ္ဌပေါ့။ ဥက္ကဋ္ဌ ရာထူး ကသူပဲ။ သူ မလုပ်နိုင်လို့ရှိရင် ဝါ အရင့်ဆုံး ဒုတိယဥက္ကဋ္ဌကို သူရွေး နိုင်တယ်ဆိုတာတော့ ပါတယ်။ ကျွန်တော်က တကယ်တမ်း ပြော ရင် ပါတီမှာတော့ ကျွန်တော်ဝါရင့် တယ်။ ပါတီသက်နဲ့ဆိုရင် ကျွန် တော် ဝါရင့်တယ်။ ဒါကြောင့် သူ့ ရာထူးကို သူပဲ ပေးလို့ရတယ်။ ကျန်တဲ့သူ ဘယ်သူမှ ပေးလို့မရ ဘူး။ ဒါကြောင့် သူ ပေးတာပဲ။ သူ လုပ်ဖို့လာပြောတာ မဟုတ်ဘူး လေ။ ကိုယ်တိုင်လာထိုင်ပြီးအစည်း အဝေးလုပ်မယ်။ အစည်းအဝေး လုပ်ပြီးတော့မှ အစည်းအဝေး ဆုံး ဖြတ်ချက်နဲ့ဆိုရင်တော့ ငြိနိုင်တာ ပေါ့။ နောက်တခါတချို့လည်းပြော ကြတယ်။ ပါတီဥက္ကဋ္ဌဖြစ်တဲ့ သမ္မတ ကြီးဟာ နောက်တစ်နေ့ (၁၃) ရက် မှာ ပါတီကိုလာတယ်။ ပါတီမှာ စုစည်းထားတဲ့ ကိုယ်စားလှယ်တွေ ကို တွေ့သွားတယ်။ အဲဒါတွေ ကလည်းပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ငြိစွန်းတယ်လို့ပြောတယ်။ ကျွန် တော်တို့ပါတီမှာက ဥက္ကဋ္ဌရာထူး ဖယ်မထားဘူး။ အစည်းအဝေး ခေါ်တာက သမ္မတကြီး လာတွေ့မယ် ဆိုလို့ အစည်းအဝေး ခေါ်တာ မဟုတ်ဘူး။ ကျွန်တော်တို့က လွှတ် တော်စမယ်။ လွှတ်တော်စမယ် ဆိုရင် ကိုယ်စား လှယ်ေ တွ ရောက် လာမယ်။ သူတို့ရောက်လာရင် ဒီလို အခြေအနေမျိုးရှိသည် ဖြစ်စေ၊မရှိ သည်ဖြစ်စေ ကိုယ်စားလှယ်တွေနဲ့ ကျွန်တော် တို့ တွေ့ရတာပဲ။

အဲဒီတော့ လွှတ်တော်ကိုယ် စားလှယ်တွေကို ကျွန်တော်တို့တွေ့ တဲ့အချိန်မှာ ပါတီဥက္ကဋ္ဌကြီးဖြစ် တဲ့ သမ္မတကြီးကလည်း လာနှုတ် ဆက်ဦးမှပဲဆိုပြီး လာနှုတ်ဆက် တာ။ ကျွန်တ်ာတို့ လက်မှတ်ရေး ထိုးတဲ့အထဲမှာတော့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ တာဝန်ကတော့ ပါတီ ဥက္ကဋ္ဌပဲ။ အဲဒါ လက်မှတ်ရေးထိုး တဲ့အထဲမှာ အမြဲတမ်းပါတယ်။ သို့သော်လည်းပဲ သူဘယ်တော့မှ လက်မှတ်မထိုးဘူး။ လာလည်း မလာ ဘူး။ အခုကတော့ သူလာတဲ့ အချိန်မှာပဲ ခင်ဗျားတို့ သတိမထား လိုက်မိဘူး။ သတင်းတွေထဲလည်း မပါဘူးထင်တယ်၊ ဓာတ်ပုံထဲမှာ သူ ပါတီဝတ်စုံနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ အစည်းအဝေးရှိ တယ်ဆိုတာ သူသိရင် သိမှာပေါ့။ အဲဒါဆိုရင်တော့ ဟိုးအရင်တုန်းက အတူတူ လုပ်ခဲ့တဲ့ သူတွေကို လာ နှုတ်ဆက်လိုက်ဦးမယ်ဆိုပြီး သူ လာတယ်။ ပါတီဝတ်စုံဝတ်တာ မဟုတ်ဘူး။ ပါတီတံဆိပ်တပ် မထားဘူး။ သူ ဝင်လာနှုတ်ဆက် ပြီးတော့ ဒီလို အခြေအနေလေး တော့ လွှဲပေးလိုက်တယ်ဆိုတာ လေး ရှင်းပြသွားတယ်။ ပြောသွား ပြီး ပြန်သွားတယ်။ လက်မှတ် လည်းမထိုးဘူး။ အဲဒီတော့ဖွဲ့စည်း ပုံ အခြေခံဥပဒေနဲ့ မညီဘူးဆိုတဲ့ စွပ်စွဲချက်တွေ မဖြစ်နိုင်ဘူး။

မင်းသုအောင်၊ မေဇင်ဝင်း တွေ့ဆုံသည် ။

Popular News Journal

0 comments:

Post a Comment