Tuesday, August 18, 2015

၂၀၂၂ ခုနှစ်တွင် တရုတ်လူဦးရေကို ကျော်တက်မည့် အိန္ဒိယနိုင်ငံ ၏ ကြုံတွေ့ရမည့် အခက်အခဲများ

India Will Become the World’s Most Populous Country by 2022, the U.N. Says



ကုလသမဂ္ဂ ၏ ကမ္ဘာ့ လူဦးရေ ခန့်မှန်းသည့် စာရင်းသစ် တစ်စောင်သည် သြဂုတ်လ တွင် ထွက်ပေါ် လာခဲ့သည်။ ထို စာရင်းတွင် ခုနစ်နှစ်တာ ကြာပြီးသည့် နောက်တွင် အိန္ဒိယ ၏ လူဦးရေ စာရင်းသည် တရုတ် လူဦးရေ စာရင်းကို ကျော်တက် သွားမည်ဟု ဖော်ပြ ထားသည်။ယခု ကမ္ဘာ့လူဦးရေ အများဆုံး စာရင်းတွင် တရုတ်သည် ၁ ဒသမ ၃၇၆ ဘီလီယံဖြင့် ပထမ နေရာ၌ ရပ်တည်နေပြီး အိန္ဒိယသည် ၁ ဒသမ ၃၁၁ ဘီလီယံဖြင့် ဒုတိယ နေရာမှ ရပ်တည်လျက် ရှိသည်။ နှစ်နိုင်ငံ လူဦးရေ ကွာခြားချက်မှာ ၆၅ သန်း ရှိသည်။ ထို ၆၅ သန်းဟူသော ပမာဏကို အိန္ဒိယ အနေဖြင့် ခုနစ်နှစ် လောက်နှင့် အမီ လိုက်နိုင်သည် ဟု ကုလသမဂ္ဂ ကျွမ်းကျင် ပညာရှင်များက သုံးသပ်ကြသည်။ အစောပိုင်း ခန့်မှန်းချက်များ တွင် အိန္ဒိယက တရုတ် လူဦးရေကို ၂ဝ၅ဝ ပြည့်နှစ်တွင် ကျော်တက် မည်ဟု ခန့်မှန်းသည်။ ထို့နောက် ၁ဝ နှစ် လျှော့ကာ၂ဝ၄ဝ ပြည့်နှစ်တွင် ကျော်တက်မည်ဟု ခန့်မှန်းပြန်သည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် မီနိုင်မည်ဟု ထပ်ပြော ပြန်သည်။ ယခု နောက်ဆုံး ၂ဝ၂၂ ခုနှစ်တွင် မီနိုင်မည်ဟု စာရင်းသစ်မှ ဖော်ပြ လိုက်သည်။

ထိုသို့ ပြောင်းလဲ သွားနိုင်အောင် အိန္ဒိယ လူဦးရေသည် ကြောက်ခမန်း လိလိ တိုးလာခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် အိန္ဒိယ၏ လူဦးရေမှာ ၁ ဒသမ ၃၅ ဘီလီယံသို့ ရောက်ရှိမည်ဟု ကုလသမဂ္ဂ၏ အစောပိုင်း ခန့်မှန်းချက်သည် ၂ဝ၂ဝ ပြည့်နှစ် မရောက်မီမှာပင် လုံးဝ မှားယွင်း သွားခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် အိန္ဒိယ လူဦးရေမှာ ၁ ဒသမ ၃၁၁ ဘီလီယံသို့ ပင် ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ သည် သူ၏ ခန့်မှန်းချက် ၂ဝ၅ဝ ပြည့်နှစ်ကို ၂ဝ၂၂ ခုနှစ်အထိ လျှော့ချလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ကမ္ဘာ့ လူဦးရေ၏ ၁၉ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြ သူများဖြစ်သည်။ အိန္ဒိယ သည် တရုတ်ကို အမီလိုက်နိုင်ရုံ သာမက ကျော်တက် နိုင်သည် ဆိုသည်မှာ တရုတ်၏ မိသားစု တစ်စုလျှင် အကန့်အသတ် နှင့် ကလေး မွေးနိုင်သည့် စည်းမျဉ်း များကြောင့် ဖြစ်သည်။ တစ်အိမ်ထောင်လျှင် ကလေး တစ်ယောက်ဟု တရုတ်တို့ စည်းကမ်းချမှတ် ထားချိန်တွင် အိန္ဒိယတို့သည် မည်သည့် ကန့်သတ်ချက်မှ မရှိဘဲ သုံးယောက်၊ လေးယောက် ယူနိုင် သလောက် ယူခွင့်ပြု ထားခဲ့သည်။ ထို့ကြောင့် ကုလသမဂ္ဂ၏ လူဦးရေ ခန့်မှန်းချက် ထုတ်ပြန်သူ များပင် အိန္ဒိယ၏ လူဦးရေ တိုးပွားနှုန်းကို မီအောင် မလိုက်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

အိန္ဒိယတွင် လူဦးရေတိုးပွား လာရသည့် အဓိက အကြောင်းအရင်းမှာ မျိုးပွားနိုင်သည့် လူငယ်စွမ်းအား အရင်းအမြစ် ပိုမိုများပြား လာခြင်းကြောင့် ဖြစ်သည်ဟု မွန်ဘိုင်း အခြေစိုက် တာတာအင်စတီကျု မှ ကျန်းမာရေးနှင့် လူဦးရေ ဖွံ့ဖြိုးမှုဆိုင်ရာ ဥက္ကဋ္ဌ ဆီဗာရာဂျူ က ပြောသည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီး ဂျေပီနာဒါ ကတော့ အိန္ဒိယ၏ လူဦးရေသည် ၂ဝ၂၈ ခုနှစ်လောက် ကျမှ တရုတ်ကို ကျော်တက် နိုင်မည်ဟု ပြောသည်။

အိန္ဒိယ၏ လူဦးရေ တိုးတက်မှု နှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုနှုန်းက ထက် ကျဆင်း နေသည်ဟု သူက ထောက်ပြသည်။ ၁၉၉၁ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် အထိ အိန္ဒိယ လူဦးရေ တိုးတက်မှု နှုန်း၂၁ ဒသမ ၅၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် တွင် ၁၇ ဒသမ ၆၄ ရာခိုင်နှုန်းသို့ ကျဆင်း သွားခဲ့သည်။ ထို့အပြင် လူဦးရေ စစ်တမ်း ကောက်ယူသည့် တခြား အဖွဲ့အစည်း များမှလည်း အိန္ဒိယ လူဦးရေ တိုးတက် နှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စုနှင့် နှိုင်းယှဉ် လျှင် လျော့ကျ သွားခဲ့သည် ဟု ဆိုသည်။ သို့သော်လည်း ခန့်မှန်းချက် များကို ပြောင်းလဲနိုင်စွမ်း ရှိသည့် အိန္ဒိယ လူဦးရေ တိုးပွား နှုန်းကြောင့် သံသယ အနည်းနှင့် အများတော့ရှိနေကြသည်။

အိန္ဒိယတွင် ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်း မွေးဖွားမှုကို ကန့်သတ်သည့် ဥပဒေတစ်ခု ထားရှိခဲ့ ရသည်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ ဖြစ်သည်။ ထို အတောအတွင်း အိန္ဒိယ သည် လူဦးရေ တိုးပွားမှုနှုန်း နောက်ကို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများက အမီမလိုက်နိုင် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတန်းစား ခွဲခြား ဆက်ဆံခြင်း၊ လူမျိုးစု များကြား အချင်းချင်း ပဋိပက္ခ ဖြစ်ပွားခြင်း၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများ ဖြစ်ပွားခြင်း အပြင် HIV လူနာ အရေအတွက်ပါ တိုးပွား လာခဲ့သည်။ ထို့ကြောင့် အိန္ဒိယသည် မွေးဖွားနှုန်းကို ကန့်သတ်ခဲ့ ရသည်။ ထို အခြေအနေသာ မရှိခဲ့ပါက အိန္ဒိယ လူဦးရေသည် ထင်ထားသည် ထက် ပို၍ပင် များပြား လာဦးမည် ဖြစ်သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက် အရ ၂ဝ၂၂ ခုနှစ်တွင် အိန္ဒိယ၏ လူဦးရေ စာရင်းမှာ ၁ ဒသမ ၄၅၄ ဘီလီယံ အထိ ရှိမည်ဖြစ်ပြီး တရုတ်တွင် ၁ ဒသမ ၄၅၃ ဘီလီယံ သာ ရှိတော့မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အိန္ဒိယလူဦးရေ စာရင်းသည် တရုတ်ကို ကျော်တက်မည်မှာ ကျိန်းသေ နေသည်။ တရုတ်၏ လူဦးရေ စာရင်းကို ကျော်တက် သွားသော်လည်း စီးပွားရေး တိုးတက်မှုနှုန်း တရုတ်လောက် မရှိလျှင် အိန္ဒိယ၏ တန်းတူ မညီမျှမှု ပြဿနာသည် ပို၍ဆိုးရွား လာမည် ဖြစ်သည်။ ယခုအချိန်တွင် တရုတ်၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍတို့သည် တည်ငြိမ်သည့် အနေအထား သို့ ရောက်ရှိနေသည်။ အိန္ဒိယတွင် ယခုအချိန်ထိ တရုတ်လောက် တည်ငြိမ်မှု မရသေးသည် သာမက နှစ်နိုင်ငံ၏ GDP per Capital ကိုယှဉ်လျှင် တရုတ်က အိန္ဒိယထက် ငါးဆနီးပါး များနေ သေးသည်။

တရုတ်၏ GDP သည် ၉ ဒသမ ၂၄ ထရီလီယံအထိရှိပြီး GDP per Capital နှင့် တွက်ပါက လူတစ်ဦးလျှင် ၆၈ဝ၇၄၃ ဒေါ်လာ ရှိသည်။ အိန္ဒိယ၏ GDPသည် ၁ ဒသမ ၈၇၇ ထရီလီယံ ဒေါ်လာရှိပြီး GDP per Capital နှင့်တွက်လျှင် လူတစ်ဦး အတွက် ၁၄၉၈၈၇ ဒေါ်လာရှိသည်။ ထို့ကြောင့် တည်ငြိမ်သည့် စီးပွားရေး ကဏ္ဍ၊ ပညာရေး ကဏ္ဍ နှင့် ကျန်းမာရေး ကဏ္ဍတို့သာ ထို တိုးပွားလာသည့် လူဦးရေကို အမီမလိုက် နိုင်ခဲ့လျှင် အိန္ဒိယသည် ပြဿနာ များစွာနှင့် ထပ်မံကြုံတွေ့ ရဦးမည် ဖြစ်သည်။ ထို့အပြင် အိန္ဒိယသည် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုပိုင်း တွင်လည်း အားနည်း နေသေးသည်။ တရုတ်နှင့် နှိုင်းယှဉ်လျှင် အိန္ဒိယသည် အားနည်းလွန်း နေသည်။

ထို့ကြောင့် အိန္ဒိယလူဦးရေ တရုတ်ထက် များပြားလာသည့် အချိန်တွင် စီးပွားရေးလည်း တရုတ်နီးနီး တိုးတက် လာနိုင်မည်လား ဟူသည့် သံသယများလည်း ရှိလာသည်။ သို့သော်လည်း IMF ကတော့ ၂ဝ၁၅ ခုနှစ်အတွက် အိန္ဒိယ၏ GDP ကို ၂ ထရီလီယံ ကျော်လောက်အထိ ခန့်မှန်းထားပြီး စီးပွားရေး တိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းကျော် လောက်အထိ ရှိနိုင်ကြောင်း ထုတ်ပြန် ထားသည်။

လူဦးရေ တိုးပွားလာခြင်းနှင့် အတူ စားသောက်ကုန် ပြဿနာကလည်း ရှိနေသေးသည်။ ယနေ့ တရုတ် လူဦးရေ၏ ထက်ဝက်ခန့်သည် လူလတ်တန်းစား စာရင်းဝင် သွားခဲ့ပြီး အရေအတွက် သန်း ၆၃ဝ ဖြစ်သည်။ အမေရိကန်နိုင်ငံ တစ်ခုလုံး၏ လူဦးရေ စာရင်းထက်ပင် တရုတ် လူလတ်တန်းစား စာရင်းက ပိုများ နေသေးသည်။ ထို လူလတ်တန်းစား တို့၏ ဝန်ဆောင်မှု စရိတ်နှင့် စားသောက်ကုန် စရိတ် နှစ်ခုပေါင်းလျှင် တစ်နှစ် အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ ရှိသည်။ တရုတ် GDP ၏ ၂၄ ရာခိုင်နှုန်း ပမာဏဖြစ်သည်။

လူဦးရေ တိုးလာဦးမည့် အိန္ဒိယတွင်လည်း ပြည်တွင်း စားသောက်ကုန် လုံလောက်အောင် တင်သွင်းရမည့် အခက်အခဲ ပြေလည်သွားမည် ထားဦး၊ တစ်ဦးချင်းစီ၏ စားသောက်နှုန်း အတွက် စီးပွားရေးပါ တစ်ပြိုင်တည်း မတောင့်တင်း ခဲ့ပါက အိန္ဒိယသည် တည်ငြိမ်မှု မရှိဘဲ ကမောက်ကမ ဆက်ဖြစ် နေဦးမည် ဖြစ်သည်။ ယခုနှစ် အစောပိုင်း ကလည်း အိန္ဒိယတွင် အပူလှိုင်း ဖြတ်သန်းစဉ်က လူပေါင်း ထောင်နှင့်ချီ သေဆုံးခဲ့ ရသည်။ အများစုမှာ အိမ်ရာမဲ့နှင့် လက်လုပ်လက်စား များဖြစ်သည်။ ထိုအရာက အိန္ဒိယ၏ ဆင်းရဲ ချမ်းသာ ကွာဟမှု အဆင့်အတန်းကို ဖော်ပြ နေသည်။ ထို ကွာဟမှုကို တန်းတူဖြစ်အောင် မလုပ်ဆောင် နိုင်ပါက ကြီးပွားလာသည့် အိန္ဒိယ စီးပွားရေးသည် အောက်ခြေ လူတန်းစားဆီ မရောက်ဘဲ တစ်နေရာတည်း မှာပင် သွားစုနေဦးမည် ဖြစ်သည်။ ထို့အပြင် လူဦးရေ သိပ်သည်းမှု ပြဿနာကလည်း ရှိနေသေးသည်။ အိန္ဒိယ လူမျိုးများသည် ၁ စတုရန်း ကီလိုမီတာ ပတ်လည်တွင် ၃၈၂ ယောက် ကျပ်သိပ်စွာ နေထိုင်နေသည်။ ထို ပမာဏကိုပင် တရုတ်၌ ၁၄၁ ဦးသာ နေထိုင်သည်။ ထို ကျပ်သိပ်စွာ နေရသည့် လူဦးရေ ပြဿနာ ကိုလည်း နောက် ခုနစ်နှစ်တွင် တိုးပွားလာ ဦးမည့် သန်း ၁ဝဝ နီးပါး လူဦးရေနှင့်ပါ ပူးပေါင်းဖြေရှင်း ရဦးမည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

ရှိန်းထက် (IN'D)
Themyawadydaily

0 comments:

Post a Comment