Monday, March 17, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ













ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သြဝါဒါစရိယ ဝန်းသိုဆရာတော်ကြီး အမှူးပြုသော မြစ်ကြီးနားမြို့မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုသည်။ထိုသို့ ဖူးမြော်ရာတွင် နိုင်ငံတော်သြဝါဒါစရိယ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တသီလဝံသ ထံမှ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက် ဝန်းသိုဆရာတော်ကြီးက မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ မြတောင် ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်သော သဗ္ဗသုခဓာတုစေတီတော်တွင် တင်လှူ ပူဇော်မည့် စိန်ဖူးတော်အား နိုင်ငံတော်သမ္မတထံ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်သမ္မတက အများပြည်သူ တင်လှူပူဇော်နိုင်ရန်အတွက် စိန်ဖူးတော်အား ဂေါပက အဖွဲ့ထံ ပြန်လည် ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးများက ဆရာတော်များထံ သင်္ကန်းပရိက္ခရာနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားတွင် မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းသို့ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော်နှင့် စားသုံးဆီများ လှူဒါန်းခဲ့ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိပြီး ခရစ်ယာန် အသင်းတော်ပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင် များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အသင်းတော်အားလုံး၏ကိုယ်စား ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်က ကြိုဆို နှုတ်ခွန်း ဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အသင်းတော်များသို့ ဆန်အိတ်များနှင့် စားသုံးဆီများ ပေးအပ်လှူဒါန်းသည်။

အလားတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဆန်အိတ်များ၊ စားသုံးဆီများနှင့် ငွေကျပ်သိန်း ၂ဝ တို့ကို ပေးအပ် လှူဒါန်းခဲ့သည်။

ထို့နောက် ခရစ်ယာန်အသင်းတော်များက နိုင်ငံတော်သမ္မတအား ဂုဏ်ပြု လက်ဆောင် ပေးအပ်ပြီး နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ယနေ့ အခမ်းအနားသို့ ကြွရောက်လာကြသော သိက္ခာတော်ရ ဆရာတော်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါကြောင်း။

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးရောင်နီများ ထွက်ပေါ်လာနေသည့် အချိန်တွင် ယခုလို တွေ့ဆုံခွင့် ရရှိသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း။

မိမိအနေဖြင့် နိုင်ငံတော်သမ္မတတာဝန်ကို စတင်ထမ်းဆောင်ချိန်မှစပြီး သန်း ၆ဝ သော ပြည်သူလူထု၏ တူညီသောဆန္ဒကြီး နှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ကြဉ်းနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလို သုံးနှစ်ပြည့် မြောက်သည့်အချိန်တွင် သိသာ ထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သကဲ့သို့ မျှော်လင့် မထားသော စိန်ခေါ်မှုများလည်း တွေ့ကြုံရင်ဆိုင်ခဲ့ရပါကြောင်း၊ ထိုသို့ စိန်ခေါ်မှု များကိုလည်း ဤနိုင်ငံထဲတွင်ရှိသည့် မိမိတို့ နိုင်ငံသားအားလုံး၏ ညီညွတ်မှု၊ ဘာသာရေး ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားမှု၊ မိဘပြည်သူအားလုံး၏ ထောက်ခံမှုများနှင့် ကျော်ဖြတ်လာခဲ့ရခြင်း ဖြစ်ပါကြောင်း။

မကြာသေးခင်က ရန်ကုန်မြို့တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မိမိတို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံဆွေးနွေး ခဲ့ကြပါကြောင်း၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်နိုင်ခဲ့သည့်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးမည့် နေ့ရက်များ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီ ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် သည်လည်း မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် တစ်သားတည်း ပါဝင်လာမည်ဟုလည်း မျှော်လင့်ထား ပါကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသော ငြိမ်းအေးသာယာခြင်း တရားတော်ကို ချီးမြှင့်ပေးခဲ့ကြသည့် အတွက် ဆရာတော်များ၊ ဘုန်းတော်ကြီးများကို ပြည်သူလူထု ကိုယ်စား ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။

မိမိတို့သည် ရှေးပဝေသဏီကတည်းက မတူကွဲပြားသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူတကွ ယှဉ်ပြိုင် နေထိုင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း နိုင်ငံသားတိုင်း၏ တန်းတူညီမျှမှု၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားမှုတို့ကို အာမခံချက် ပေးထားပြီး ဖြစ်ပါကြောင်း၊ လူမျိုးဘာသာ ဘယ်လိုပဲ ကွဲပြားစေကာမူ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ ညီညွတ်ခြင်း၊ ချမ်းသာခြင်း တို့သည် မိမိတို့အားလုံး၏ တူညီသော ပန်းတိုင်ဖြစ်ပါကြောင်း၊ မတူကွဲပြားမှုများကို စုပေါင်းစွမ်းအားအဖြစ် ပြောင်းလဲ နိုင်ရန်၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့် ညီညွတ်မှု Unity in Diversity ကို တည်ဆောက်သွားနိုင်ရန် အထူးပင် အရေးကြီးနေပြီ ဖြစ်ပါကြောင်း။

မိမိတို့၏ ဗုဒ္ဓရှင်တော်မြတ်ဘုရားက ''ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်း တို့ကို မေတ္တာ-ခန္တီ-အဟိံသ-သစ္စာတရားတို့ဖြင့် ငြိမ်းချမ်းစေရာ၏'' ဆိုပြီး ဟောကြား တော်မူခဲ့ပါကြောင်း၊ အလားတူ ရှင်ယောဟန် ခရစ်ဝင်၊ အခန်းကြီး (၁၄)၊ အပိုဒ်ငယ်(၂၇) မှာ ''ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။


သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်'' ဆိုပြီး ဖော်ပြထားပါကြောင်း၊ တရားဓမ္မသည် ဘာသာတရား အားလုံးတွင် တည်နေပါကြောင်း၊ ဘုရားရှင်တိုင်းသည် မဟာကရုဏာရှင်များ ဖြစ်ကြသကဲ့သို့ ဘာသာတရားတိုင်းသည်လည်း ငြိမ်းချမ်းရေးကို မြှင့်တင် ဖော်ဆောင်နေကြခြင်း ဖြစ်ပါကြောင်း။

လောဘ၊ ဒေါသ၊ မောဟ၊ မာနနှင့် ဣဿာမစ္ဆရိယ အစရှိသော လူကို ဖျက်ဆီး စေတတ်သည့် စိတ်ကို ညစ်နွမ်းစေတတ်သော တရားများကြောင့် မိမိတို့နိုင်ငံ ယနေ့အထိ မငြိမ်းချမ်းသေးပါကြောင်း၊ ယနေ့အချိန် မိမိတို့နိုင်ငံတွင် အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ မပြီးဆုံးနိုင်သေးသည့် တိုက်ပွဲများကြောင့် မိမိတို့ မျိုးဆက်သစ်များ၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် အစစ အရာရာ နောက်ကျ ကျန်နေခဲ့ရပါကြောင်း၊ မငြိမ်းချမ်း နိုင်သေးသော ဒေသများတွင် တည်ငြိမ် အေးချမ်းမှု ကင်းဝေးနေပြီး လုံခြုံမှုများ ပျောက်ကွယ်နေခဲ့ရ ပါကြောင်း၊ တောထဲ တောင်ထဲ တွင် ရွှေ့ပြောင်း တိမ်းရှောင်နေရသော သားသည် မိခင်များ၊ အရွယ်မရောက် သေးသော ကလေးသူငယ်များ၊ စာအံသံတိတ်ဆိတ်နေသော စာသင်ကျောင်းများ၊ မသေချာ မရေရာနိုင်သေးသော အနာဂတ်များကို မိမိတို့အားလုံး လျစ်လျူရှု၍ မရပါကြောင်း၊ သန်း ၆ဝ သော မိဘပြည်သူအားလုံး ဆန္ဒရှိသော ပြည်တွင်းစစ် မီးလျှံများ ငြှိမ်းသတ်နိုင်ရေးဆိုသော တူညီသည့် မျှော်လင့်ချက်ကို မိမိတို့ အလေးထား ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဥပေက္ခာပြုလို့ မရသည့် ကိစ္စဖြစ်ပါကြောင်း။

ဖွံ့ဖြိုးရေးကို တစ်ခဏချင်း လှမ်းတက်သွားနိုင်မည့် အခြေအနေကောင်းများ၊ အခြေခံ အုတ်မြစ်များ ရှိပြီးသားဖြစ်သည့် ကချင်ပြည်နယ်ကြီး ငြိမ်းချမ်း သွားပြီဆိုလျှင် စက်မှုဇုန်များ၊ ကုန်သွယ်ရေးဇုန်များ၊ ခေတ်မီစိုက်ပျိုးရေး ဇုန်များ၊ ကျောက်မျက်နှင့် သစ်တောထွက် အချောထည် စက်မှုဇုန်ကြီးများ၊ ရေခဲတောင်များနှင့် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ အားလုံးသည် အချိန်တိုတိုအတွင်း အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာမည် မှာ သေချာပါကြောင်း၊ ထိုသို့ အားလုံးမျှော်လင့်နေသည့် လှပသော အနာဂတ်ကို နှောင့်နှေး ကြန့်ကြာမှု မရှိရလေအောင် မိမိတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းနေခြင်း ဖြစ်ပါကြောင်း။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးလျှင် တိုင်းရင်းသားအားလုံး နှစ်ပေါင်းများစွာ တောင့်တနေသော နိုင်ငံရေးစားပွဲဝိုင်းကို ဆက်တိုက် သွားတော့မည် ဖြစ်ပါကြောင်း၊ ယနေ့တစ်နိုင်ငံလုံးက စိတ်ဝင်စားနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် မိမိတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးပြဿနာများကို အဖြေရှာသော စားပွဲဝိုင်းများက ထွက်ပေါ်လာမည့် တိုင်းရင်းသား များ၏ လိုလားချက်၊ တောင်းဆိုချက်များကို ချန်လှပ်မထားရန် မိမိကိုယ်တိုင်လည်း မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် KIO/KIA သာမဟုတ်ဘဲ ဘယ်သူမျှ ကျန်ရစ်ခဲ့၍ မရပါကြောင်း၊ အားလုံး ပါဝင်ရန်၊ အားလုံး ပါဝင်ခွင့်ရရှိရန် သိပ်ကို အရေးကြီး ပါကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အနေဖြင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများကို အရှိန်အဟုန် မြှင့်တင်ပြီး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး၏ တစ်မိုး အောက်တွင် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကြရသည့် သန်း ၆ဝ သော ပြည်သူအားလုံးအတွက် ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေး သည် တတိယဖြစ်ကြောင်း၊ မိမိတို့ခေတ် မိမိတို့လက်ထက်တွင် ကချင်ပြည်နယ်ကြီး အပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းသွားသည်ကို မြင်ချင်ပါကြောင်း၊ အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသာယာသော ကချင်ပြည်နယ်ကြီးကို လက်ဆောင် အဖြစ် ပေးခဲ့ချင်ပါကြောင်း။

ယင်းမှာ မိမိတို့အားလုံး၏ တူညီသော မျှော်လင့်ချက်၊ မိမိတို့အားလုံးအတွက် တူညီသော ရပ်တည်ချက်ဖြစ်မည် ဖြစ်ပါကြောင်း၊ ဆရာတော်များ၊ ဘုန်းတော်ကြီးများ အနေဖြင့်လည်း သန်း ၆ဝ သော ပြည်သူအားလုံး မျှော်လင့်နေသော ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် မှန်ကန်သော ဥာဏ်ပညာများ ရရှိစေရန်၊ အမြော်အမြင် ရှိသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကောင်းချီးပေးပါ။ လောဘ၊ ဒေါသ၊ မောဟ အမှောင်တိုက်တွေကို အလင်းရောင်နဲ့ ဖြိုခွင်းပေးပါ။ မိမိတို့အားလုံး၏ နှလုံးသားများကို ပြုပြင်ပေးပါ။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြပါဟု အလေးအနက် မေတ္တာရပ်ခံပန်ကြား လိုပါကြောင်း၊ ဘုရားသခင်၏ နာမတော်၌ ကောင်းချီးမင်္ဂလာ ရောက်ပါစေကြောင်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ဆွမ်ပရာဘွမ်မြို့နယ် နေရပ်ပြန် မိသားစု ခြောက်စု အတွက် ငွေကျပ်သိန်း ၆ဝ နှင့် ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများအတွက် အိမ်ထောင်စု ၁ဝဝ စာ ကယ်ဆယ်ရေး ပစ္စည်းခုနစ်မျိုးပါ အစုံ ၁ဝဝ တို့ကို ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။
















နိုင်ငံတော့သမ္မတရုံး

0 comments:

Post a Comment