Sunday, March 30, 2014

ဆန္ဒပြဖို့ခွင့်ပြုချက်မရတဲ့ လယ်သမား ငါးရာ လမ်းပေါ်ထွက်ပြီ

ပြည်ခရိုင် အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရသူ တောင်သူ ၅၀၀ ကျော်သည် စနေနေ့ နံနက်ပိုင်းက  ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

  

စနေနေ့ နံနက်ပိုင်း  ပြည်မြို့  ဆန္ဒ ထုတ်ဖော်မှု (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
 


 လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက်  ဥပဒေကြောင်း အရ နည်းမျိုးစုံ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း  ပန်းတောင်းမြို့နယ်မှ လယ်သိမ်းခံ တောင်သူ ဦးဆန်းဝင်းက ဧရာဝတီကို ပြောသည်။

"ကျနော်တို့ လယ်သမားတွေ တိုင်ကြားစာလည်း ရေးတာ မနည်းပါဘူး။ နေပြည်တော် ဆိုတာလည်း သွားခဲ့ ပြီးပါပြီ၊ ဘာအကြောင်းမှ မထူးလို့ လမ်းပေါ် ရောက်လာတာပါ။ 
အခုလုပ်တာ ပဏာမပဲ ရှိပါသေးတယ်။ ဘာမှ ထူးခြားမှု ရှိမလာရင် နောက်ပိုင်း အရှိန်အဟုန်မြှင့် လုပ်ဆောင် သွားမှာပါ" 

ဆန္ဒပြခြင်းကို ခွင့်ပြုချက် မရှိဘဲ ပြုလုပ်ခဲ့ကြသည်ဟု  ဦးဆန်းဝင်းက ပြောသည်။

စီတန်းလှည့်လည်ရာတွင် ပါဝင်သူ တဦးဖြစ်သူ ပန်းတောင်းမြို့နယ် လယ်သမား သမဂ္ဂ ဗဟို အလုပ်အမှုဆောင် ဒေါ်သဇင်ခိုင်က ...
 "တောင်သူတွေက ဥပဒေအတိုင်း လုပ်တယ်နော်။ 
စီတန်းခွင့်လည်း စာတင်တယ်။ ကိုယ့်လယ် ပြန်ရဖို့လည်း စာတင်တယ်။ 
သတင်းစာမှာ သက်ဆိုင်ရာ အာဏာပိုင်များထံမှာ စုံစမ်းလို့ ရတယ် ဆိုလို့ ပြည်ခရိုင်ရုံးကို ဖေဖော်ဝါရီလ ၁၈ ရက်က လာစုံစမ်းတော့ ခရိုင်းမှူးက အတွေ့တောင် မခံဘူး။ 
အခုထိလည်း အကြောင်း မကြားသေးဘူး" ဟု ဆိုသည်။

ဆန္ဒပြရာတွင်  ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ သဲကုန်း စသည့် ပြည်ခရိုင်အတွင်းရှိမြို့များမှ လယ်သမားများ၊  မကွေးတိုင်း ကံမမြို့နယ်မှ လယ်သမားများ၊  ခရိုင် အတွင်းရှိ နိုင်ငံရေး အင်အားစုများ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့က ကြေညာချက် တစောင် ထုတ်ပြန် ရာတွင် တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ပေးအပ်ရန်၊ တောင်သူများကို ကာကွယ်ပေးသည့် ဥပဒေ တရပ် ပြဌာန်းပေးရန် ၊ လယ်ယာမြေများ ကိစ္စများနှင့် ပတ်သက်ပြီး ဖမ်းဆီး ထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စသည့် အချက်များ ထည့်သွင်းထားကြောင်း သိရသည်။


 

ကောင်းမြတ်မင်း
 



 
 






ဧရာဝတီblog

0 comments:

Post a Comment