Sunday, March 23, 2014

နိုင်ငံရေးဆွေးနွေးပွဲရလဒ်အတွက် အာမခံချက်မရှိသေး

ကြယ်ပြာ၊ အေးမြင့်စန်း

ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏ ဒသမအကြိမ်မြောက် ညီလာ ခံကို ကရင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ဌာနချုပ်ဖြစ်ရာ ဒေါင်းတမန်စခန်းတွင် မတ်လ ၇ ရက်မှ ၁၅ ရက် အထိ ပြုလုပ်ခဲ့သည်။
 အဆိုပါညီလာခံကာလအတွင်း ABSDF နှင့် တပ်မတော်၏ နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းများကို ဆောင်ရွက် ရန် ဗဟိုကော်မတီ ၁၉ ဦးနှင့် အရန်ကော်မတီဝင် ကိုးဦးကို ရွေးချယ်ခဲ့သည်။ ကျောင်းသားတပ်မတော် သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ရေးထိုးထားခဲ့ ပြီး အစိုးရနှင့် ထပ်မံတွေ့ဆုံရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

အပစ်ရပ်ရေး လတ်မှတ်ရေးထိုးထားသော်လည်း ကျောင်းသားတပ်မတော်သည် KIA နှင့် မဟာမိတ်ဖြစ် ပြီး ကချင်ပြည်နယ်အတွင်း အစိုးရနှင့် KIA တို့၏ တိုက်ပွဲများတွင် ပါဝင်ကူညီ တိုက်ခိုက်ပေးနေခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ ငြိမ်းချမ်းရေးရပ်တည်ချက်များနှင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း ကို ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သည် ကို ကောက်နုတ် ဖော်ပြလိုက်သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့စဉ်က ဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေး နွေးခဲ့လဲ။

အပစ်ခတ်ရပ်စဲရေးဆိုတာ လိုအပ်ချက်တစ်ခုတော့ မှန်ပါတယ်၊ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲမရှိတဲ့ အပစ် အခတ်ရပ်စဲရေးက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သလို နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင် မှာမဟုတ်ဘူး။ ဒီသင်ခန်းစာကို ကောင်းကောင်း နားလည်တယ်။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အဖြေရှာတဲ့နေရာမှာ တတ်စွမ်းသမျှ ပါဝင်ချင်တဲ့ဆန္ဒက ပထမပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲမှာ စတင်ဖို့ ကျွန် တော်တို့က အဆိုပြုတယ်။ ဒုတိယအကြိမ် တွေ့ဆုံတဲ့အခါမှာ တစ်ဖက်ကလဲ လက်ခံတယ်၊ ဒါနဲ့ပဲ ဆွေး နွေးပွဲတွေ စတင်ခဲ့တာပဲလို့ ပြောလိုပါတယ်။

ပြည်ထောင်စုအစိုးရအဆင့်နဲ့ ပြည်နယ်အဆင့်တွေအားလုံးက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြ မယ်ဆိုတဲ့အပေါ် ဘယ်လိုပြောချင်ပါလဲ။

ဒီနေ့ပြည်ထောင်စုအဆင့်က ဒီလို ဆွေးနွေးနိုင်ဖို့ အဆင့်မရောက်သေးပါဘူး။ ဒါကြောင့် ဆက်လက်ဆွေး နွေးမယ်ဆိုတဲ့အဆင့်ပဲ ရခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုရှေ့မှာ တိုင်းပြည်အတွက် လိုအပ်နေတာကိုပဲ ချပြနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့တည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူးဆိုတာကိုလည်း သိပါတယ်။ သေချာတာတစ်ခုက မလွဲမသွေ ဖြေရှင်းရမယ်ဆိုတာကိုပဲ အခိုင်အမာ တောင်းဆိုတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့က တော်လှန်ရေးအဖွဲ့တွေကို လက်နက်တွေစုနေလားဆိုတာ ခဏခဏ မေးနေတယ်။ ဒါ ဘာကြောင့်လို့ ထင်လဲ။

ဒီဖြစ်စဉ်ရဲ့အကြောင်းမှာ အဓိက,က သံသယပါပဲ။ မြန်မာပြည်က နှစ် ၆၀ ပြည်တွင်းစစ်က အင်မတန်မှ ကို ပင်ပန်းပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အစိုးရမှာလည်း ပြည်တွင်းစစ်ကို တိုက်နေရတဲ့ စစ် အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးတွေ ရှိတယ်။ ဒီတစ်ချက်ကို နှစ်ဖက်စလုံးမြင်အောင် ကြည့်ဖို့ လိုတယ်။ တစ် ဖက်နဲ့တစ်ဖက် သုံးနေရတဲ့ စစ်အသုံးစရိတ်တွေကို တကယ်တမ်း အကျိုးပြုလုပ်ငန်းတွေမှာ သုံးရင် တိုင်း ပြည်အတွက် အကျိုးရှိမယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေကို ဖြေရှင်းနိုင်ပါ့မလားလို့ အားလုံးမှာ သံသယရှိတယ်။

လက်ထဲကကိုင်ထားတဲ့ သေနတ်တွေကို မစွန့်နိုင်ကြဘူး။ ဒီနေ့ခေတ်အချိန်မှာ ပြဿနာတွေကို သေနတ်နဲ့ ဖြေရှင်းနေလို့ မဖြစ်နိုင်တော့ဘူး။ တိုင်းပြည်ရဲ့ တကယ်တမ်း လိုအပ်နေတဲ့ နိုင်ငံရေးလိုအပ်ချက် အချက် တွေကို စဉ်းစားဖို့လိုအပ်နေတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ စကားပြောတဲ့အခါမှာ နယ်မြေခွဲဝေမှုကိစ္စကို ဘယ်လိုဖြေရှင်းကြ မလဲ။

ကျွန်တော်တို့က လက်နက်ကိုင်တော်လှန်ရေးမှာ တိုင်းရင်းသားပေါင်းစုံဆီကို ရောက်ရမယ်။ ဒီဆုံးဖြတ် ချက်နှစ်ခုမှာ ကျွန်တော်တို့က ဒုတိယအချက်ကို ရွေးခဲ့ရတဲ့လူတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အစီအစဉ် အတိအကျမရှိခဲ့ဘူး။ နီးစပ်ရာ တိုင်းနယ်မြေတွေကို ရောက်ခဲ့တယ်။ မွန်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ကချင်ဒေသ၊ အနောက်ဘက် ချင်းဒေသတွေကို ရောက်ခဲ့ရတာဖြစ်လို့ နယ်မြေအတွက် ကျွန်တော်တို့မှာ ကန့်သတ်ချက်မရှိခဲ့ဘူး။

အမျိုးသားရေးလို့ပြောရင် တစ်နိုင်ငံလုံးအရေးလို့ နားလည်ထားတယ်။ သို့သော် တစ်ခုချင်းအရေးကို ကျွန် တော်တို့ မမေ့ပါဘူး။ ပထ၀ီအနေအထား ကန့်သတ်မှုမရှိဘူး။ နယ်မြေကို သတ်မှတ်ချက်အနေနဲ့ မရှိပေ မယ့် ကျွန်တော်တို့ နားလည်တာက တိုင်းပြည်က ဒေသတိုင်းမှာ ABSDF ရှိနေတယ်။

ခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရေးဆွဲထားတဲ့ အပစ်ရပ်မူကြမ်းကို အစိုးရနဲ့ပေါင်း ပြီး ၁၈ ဦးကော်မတီနဲ့ အသစ်ပြန်ရေးဆွဲတော့မယ်။ ဒီမူကြမ်းပြီးသွားလို့ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ လက်မှတ်ရေးထိုးကြတဲ့အခါမှာ ABSDF က အပစ်ရပ်လုပ်သွားမှာလား။

ပါပါတယ်။ ကျွန်တော်တို့တွေက ပြည်ထောင်စုအဆင့် နှစ်ဖက်ဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးရန် ဆိုတဲ့ အချက်တွေ တော်တော်များများက တစ်နိုင်ငံလုံးအဆင့် အပစ်ရပ်အနေအထားမှာ တင်ပြီးတော့ ဆွေးနွေးရမယ့် ခေါင်းစဉ်တွေဖြစ်နေတယ်။ တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ဒီအတိုင်းပဲဖြစ် မယ်လို့ ထင်တယ်။ နှစ်ဖက်ကြားမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲက ဆက်မလုပ်နိုင်ပေမယ့် ဆက်ပြီး ဆွေးနွေးစရာ နိုင်ငံရေးခေါင်းစဉ်တွေ ကျန်နေသေးတယ် တိုင်းရင်းသားတွေဘက်ကဖွဲ့ထားတဲ့ NCCT နဲ့ အစိုးရ နှစ်ဖက်ကြား သဘောတူ ညှိနှိုင်းမှုတွေရှိခဲ့လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စာချုပ်တွေ ချုပ်မယ်ဆိုရင် ABSDF က ပါဝင်မှာဖြစ်ပါတယ်။

ABSDF က KIA ရဲ့ ထောက်ပံ့မှုကို ရယူနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိကြတယ်။ အဲဒီအ ပေါ် ဘာပြောချင်ပါလဲ။

ABSDF ရဲ့ ရပ်တည်မှုဟာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်တာ မဟုတ်ပါဘူး။ ပြည် သူလူထုရဲ့ ထောက်ပံ့မှုနဲ့ပဲ ကျွန်တော်တို့ ရပ်တည်နေတယ်လို့ အခြေခံအားဖြင့် ပြောရမှာပါ။ ပြောပြချင် တာက အခုလိုမျိုး တော်လှန်ရေးတစ်ခုမှာ အခြေခံလိုအပ်တဲ့ ရဲဘော်တွေ မိသားစုတွေရဲ့ စားဝတ်နေရေး ကိစ္စတွေက ကျွန်တော်တို့ကိုယ်တိုင် အတတ်နိုင်ဆုံး ဖြေရှင်းပေးရမယ့် ကာလဖြစ်တယ်။ တစ်ပြိုင်နက် တည်းမှာပဲ သေဆုံးကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုနိုင်ခွင့်ရအောင် ကြိုးစားနေတယ်။ ကျဆုံးသွား တဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ပတ်သက်လာရင် ကျွန်တော်တို့မှာ ဆန္ဒသာရှိတယ်၊ လုပ်နိုင်တဲ့ အင် အား မရှိသေးဘူး။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းဆိုရင် ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး ပြဿနာတွေဖြစ်လာတဲ့အခါ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ထုတ် ဖော်ပြကြတယ်။ ABSDF ကတော့ ပါဝင်မှုမရှိသလောက် ဖြစ်နေတာ ဘာကြောင့်လဲ။

ဘာသာရေး၊ အမျိုးသားရေး၊ လူမျိုးရေး၊ အယူအဆရေးရာနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ အမြဲ သဘောထားပေးပါတယ်။ သီးခြားဖြစ်စဉ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ ဒါတွေက အင်မတန် ကို သတိထားရမယ်။ မတူကွဲပြားတဲ့ သဘောထားတွေအပေါ်မှာ လေးစားရမယ်ဆိုတာ မှန်ပေမယ့် တစ် ဖက်မှာလဲ လူ့အခွင့်အရေးအရ တစ်ဦးချင်းရဲ့ ခံယူချက်တွေအပေါ်မှာ မချိုးဖောက်ဖို့ လိုတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့ ချိန်ထိုးဖို့လိုတယ်။ ခုဖြစ်နေခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေကြားမှာ ကျွန်တော်တို့ သံသယဖြစ်စရာတွေ အများကြီးရှိတယ်။ လူ့အဖွဲ့အစည်းကို ဖြစ်စေချင်တာက တကယ့်ကိုမတူကွဲပြားတဲ့ အယူအဆတွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် လေးစားနားလည်နိုင်တဲ့ အတွေးအခေါ်ရှိမှဖြစ်မယ်။ မရှိနိုင် သမျှ ဘယ်တော့မှ မတည်ငြိမ်နိုင်ဘူး။ တည်ငြိမ်တဲ့အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် တစ်ဖက်စောင်းနင်း မဖြစ်ဖို့ လိုတယ်။ ဒီ နှစ်ခုကို ချိန်ညှိရမယ်။

ကျွန်တော်တို့ပြောနေတာက ဒီမိုကရေစီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ လူ့အခွင့်အရေးစံချိန်နဲ့လည်း ညှိရမယ်။ တိုင်းရင်းသားရေးရာ အခြေခံတွေနဲ့လည်း ထိန်းရမှာဖြစ်တယ်။ ဒီမိုကရေစီရဲ့ အခြေခံ မတူညီ တဲ့ကွဲပြားမှုတွေကိုလည်း လက်ခံနိုင်ရမယ်။ လက်ခံနိုင်ပေမယ့် တစ်ဦးချင်းရဲ့ခံယူချက်တွေကိုမချိုးဖောက် မိဖို့ကို အင်မတန်မှ သတိထားဖို့ လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ကချင်ထဲက ABSDF ရဲ့ နယ်မြေတွေမှာလည်း အစိုးရတပ်တွေ တိုးလာတာကို ဘယ်လိုညှိကြ မလဲ။

ကျွန်တော်ထင်တာက အင်အားအရာအရ တိုင်းတာမှုဆိုတာမှာ အရေအတွက်တွေကို ပြောနေရုံနဲ့ မပြီး ဘူး။ အရေအတွက်လောက်တင် ၁၀၀၊ ၂၀၀ တိုးတယ်ဆိုတာ ပြဿနာမဟုတ်ဘူး။ အင်အားတိုးလို့ ပြဿနာကြီး ခြင်း မကြီးခြင်း အဓိက မဟုတ်ဘူး။ ယုံကြည်မှုမရှိခြင်းကသာ အဓိကပါ။

တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို မတည်ဆောက်နိုင်သမျှ အင်အားသုံး ဖြေရှင်းမယ်ဆိုရင် အရေအတွက်ဆိုင်ရာကိစ္စတွေက
နောက်ဆက်တွဲ ကိစ္စတွေဖြစ်လာမယ်။ ဘယ်လောက်ပဲ တောင်းဆိုနေနေ ယုံ ကြည်မှုမရှိသမျှကတော့ နှစ်ဖက်ကြားမှာ အင်အားသုံးဖြေရှင်းနိုင်မယ့် အရေအတွက်တွေ တိုးပွားခြင်းဆို တာက တားရတဲ့ကိစ္စ မဟုတ်ဘူး။

KIA နဲ့ ၁၇ နှစ်တာ အပစ်ရပ်လုပ်ခဲ့ပြီးမှ ပြန်လည်တိုက်တဲ့ အခြေအနေဖြစ်ခဲ့ဖူးတာ ရှိတော့ ခုငြိမ်း ချမ်းရေးဖြစ်စဉ်က သိပ် မြန်နေလား။

အမှန်ပဲ။ နှစ် ၆၀ လောက်ဖြစ်နေတဲ့ ပြဿနာကို နှစ်နှစ်ကျော်လောက်နဲ့ ဖြေရှင်းနိုင်ဖို့က အင်မတန်မှ ခက်ပါ တယ်။ ငြိမ်းချမ်းရေးဆိုတာက စက္ကန့်ပိုင်းအတွင်း လူတိုင်း ရချင်တဲ့ကိစ္စ။ ငြိမ်းချမ်းရေးလုပ်တာက လူတိုင်း လုပ်စေချင်တဲ့ ကိစ္စဆိုပေမယ့် နှစ်နှစ်ကျော်လောက်နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။

ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို ရချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ် တွေကို တကယ်ပဲ အကောင်အထည်ဖော်မလားဆိုတာကို ခုချိန်ထိ အာမခံချက်မရှိသေးဘူး။ နှစ် ၆၀ ပြဿနာကို ခဏအတွင်းရှင်းဖို့ မဖြစ်နိုင်ပေမယ့် တကယ့်ကို ဆန္ဒနဲ့ စေတနာရှိဖို့လိုပါတယ်။ ပြည်တွင်းစစ် ဖြစ်နေတဲ့ဒေသတွေကို အမြန်ရပ်စဲပစ်ဖို့လိုတယ်။

Mizzima News

0 comments:

Post a Comment