Friday, March 21, 2014

သူတို့ပြောတဲ့ ….



၂ဝ၁၄ မတ်လက ရတီမဂ္ဂဇင်းရဲ့ ၁ဝ နှစ်ပြည့် အထူးလလေးပါ။ အထူးလမှာ ကျွန်မတို့က Women in the lead ဆိုတဲ့ Theme နဲ့ ရတီကိုတင်ဆက်ဖြစ်ပါတယ်။ ဖန်တီးမှုတိုင်းလိုလိုကိုလည်း အမျိုးသမီးပရိသတ်တွေအတွက် ရည်ရွယ်ပြီး တင်ဆက်ထားပါတယ်။ ဒါကြောင့် ဒီလရဲ့ ‘သူတို့ပြောတဲ့ ….’ ကဏ္ဍကိုလည်း ယခင်လတွေလို စာလုံးတစ်လုံးတည်းမရွေးဖြစ်ဘဲ Wife & Women, Life & love, Strenght & Struggle စကားလုံးတွေကို ရွေးချယ်ဖြစ်ပြီး စာရေးဆရာမ လွန်းထားထား၊ စာရေးဆရာမ မနော်ဟရီနဲ့ နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ချစ်ဇနီး ဒေါ်မေခိုင်အုန်းတို့နဲ့ ဆွေးနွေးထားပါတယ်။လွန်းထားထား
Wife & Women

Wife

Wife ဆိုတဲ့စကားလုံးလေးဟာ ရိုးရှင်းသလောက် အဓိပ္ပာယ်ကတော့ လေးနက်ကျယ်ခန်းလှပါတယ်။ မထားအတွက်တော့ ဇနီးကောင်း တစ်ယောက်ဆိုတာ ပါရမီဖြည့် ဖက်ကောင်းတစ် ယောက်ဖြစ်ရမယ်လို့ ခံယူထားပါတယ်။ပါရမီဖြည့်ဖက်တစ်ယောက်အဖြစ်ခံယူထား ပြီးတဲ့နောက်မှာ တာဝန်တွေ ပေးဆပ်ရမှုတွေက သူ့ရှေ့အလိုလို လာရပါတယ်။ ဥပမာလေးပြောပြရ ရင် ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေကို သိပ် ရှေ့တန်းမတင်ဖြစ်တော့တာမျိုးပေါ့လေ။ သူ့ရဲ့ အကျိုးစီးပွား သူ့ရဲ့ အောင်မြင်မှုကို ပထမဆုံး တွေးပေးမိတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ ဖြစ် တည်မှု၊ ကိုယ့်ရဲ့ကဏ္ဍကို မှေးမှိန်ပစ်လိုက်တာ မျိုးတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့တန်ဖိုးက တစ်ကဏ္ဍ ရှိထားပြီး သားပေါ့။ သူ့ကိုတော့ ဦးစားပေး၊ နေရာပေးမိတယ်။ အဲဒါမျိုးပါ။ဇနီးဆိုတာ အဖြည့်ခံသက်သက်လို့ မထား မယူဆပါဘူး။ သူ့အတွက် ဖြည့်ဆည်းပေးရင်း၊ ပါရမီ ဖြည့်ပေး ရင်းနဲ့ ကိုယ့်မှာပါ အလိုအလျောက်ပြည့်ဝမြင့်မားလာတာမျိုးပါ။ ရေမြင့်လာတဲ့အခါ၊ ကြာတင့်လာတဲ့သဘောပေါ့။ မထားက ပါရမီဖြည့် ဖက်ကောင်း တစ် ယောက် ဖြစ် ချင်တယ်။

Women

Women ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုလား…။ ငြိမ်းချမ်းသော မေတ္တာတရားရဲ့သင်္ကေတအဖြစ် ဖွဲ့ဆိုချင်ပါတယ်။ မိန်းမသားတိုင်းကို မေးကြည့် မငြိမ်းချမ်းချင် တဲ့ မေ တ္တာ ဓာတ်ခံမရှိတဲ့ မိန်းမသားရယ်လို့ ရှိကိုမရှိဘူးလေနော်။ Wife နဲ့ Women နဲ့က ကွာခြားမှုတွေတော့ ရှိတာပေါ့။ ဇနီးသည်တစ်ယောက်နဲ့ လွတ်လပ်တဲ့ မိန်းမသား တစ်ယောက်မှာတောင် အတွေး အခေါ်၊ ခံယူပုံချင်း၊ ဘဝကိုထင်မြင်သုံးသပ်ပုံချင်းက မတူနိုင်ဘူးလေ။ ဇနီးသည် တစ်ယောက်မှာ နှောင်ဖွဲ့ထားတဲ့ ကြိုးတွေ ခြားနား ထား တဲ့ စည်းတွေ ညှိနှိုင်းရတာတွေ ရှိတယ်။ မိန်းမသားတော့ မိန်းမသားပါပဲ။ ဒါပေမဲ့ မတူတော့ဘူး။ လွတ်လပ်ပုံချင်း ဆုံးဖြတ်ချက်ချပုံချင်းလည်း မတူနိုင်တော့ဘူးပေါ့။ မိန်းမ သား တစ်ယောက်ရဲ့အခြေခံ ဗီဇစိတ်၊ စိတ်ခံစားမှုတွေတော့ ရှိနေနိုင်သေးတာပေါ့လေ။

အမျိုးသမီးတစ်ဦးအတွက် အရေးကြီးဆုံး လိုအပ်ချက်ကို မထားအနေနဲ့ ပြောရရင်တော့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာက အရေးကြီးဆုံးပဲ။ ပြီးတော့ ဥာဏ်ပညာနဲ့ ထက်မြက်ရဲရင့်မှုလည်း ရှိရမယ်။ မှန်ကန်တဲ့ အတွေးအခေါ်ဆုံးဖြတ်ချက် တွေလည်း လိုအပ်ပါသေးတယ်။အမျိုးသမီးတစ်ယောက်အတွက် ဘဝရဲ့စိန်ခေါ်မှုက ဘာ များဖြစ်နိုင်မလဲ မထားအထင် တော့ ကိုယ့်ဘဝရဲ့ တိုးတက်မြင့်မားရာ လမ်းကြောင်းတွေ ရှာဖွေနိုင်ဖို့၊ ရည်မှန်းချက်ပန်းတိုင် တစ်ခုထားရှိပြီး အဲဒီပန်းတိုင် ကို ရောက် အော င် မဖြစ်မနေ ဇွဲလုံ့လ၊ ဝီရိယနဲ့စိတ်ဓာတ် ခိုင်မာ ပြင်း ပြစွာ ကြိုးစားအားထုတ်ရမှာက ဘဝရဲ့ စိန်ခေါ်မှု ပေါ့နော်။


Life & Love
Life

Life ရဲ့ အဓိပ္ပာယ်ကို မထားရဲ့အဓိပ္ပာယ် ဖွင့်ဆိုမှုအတိုင်းပြောရရင်…”တစ်နေ့ချင်း အဓိပ္ပာယ်ရှိစွာ ရှင်သန်နေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ်စိတ် ချမ်း သာအောင်၊ ပျော် ရွှင်အောင်နေမယ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ ပတ်သက်စပ်ဆိုင်သမျှ လူတွေကို စိတ် ကောင်းစေတနာ ကောင်းကောင်းလေးထား ပြီးတတ်နိုင် သမျှ ကူညီမျှဝေပေးမယ်ဆိုရင် လူတစ်ယောက်အတွက် ဘဝရှင်သန်နေထိုင်မှုက အဓိပ္ပာယ်ရှိနေပြီလို့ ယူဆထားပါတယ်။မထားရဲ့ အခုလက်ရှိဘဝကို မထား ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝ ကျေနပ်မှုရှိပါတယ်။ မထားဘဝအတွက် အရေးကြီးဆုံးက ဘဝ တစ်လျှောက် လုံးစိတ်ချမ်းသာစွာ ငြိမ်းချမ်းစွာ ရှင်သန်နိုင်မယ့် ဘဝရှင်သန်မှု အနုပညာရယ် …၊ ဘဝတစ်ခုအဆုံးသတ်ခါနီးမှာ အဓိက နှလုံးသွင်းတတ်ဖို့ အတွက် သေဆုံးဖို့အတတ်ပညာ ပါပဲ…။ကိုယ့်ဘဝတစ်ခုဟာ တစ်နေရာမှာ ရပ်တန့် မနေဘဲ တစ်ဆင့်ချင်း၊ တစ်ထစ်ချင်းမြင့်မား သထက် မြင့်မားလာအောင် တည်ဆောက်နိုင်ဖို့ အတွက် Life Plan ဆိုတာရှိကို ရှိသင့်တဲ့ အရာပါ။

Love

Love ရဲ့ အဓိပ္ပာယ်ကို လူအမျိုးမျိုးက သူတို့ ခံစားနားလည်တဲ့ ပုံသဏ္ဌာန်အတိုင်းဖွင့် ဆိုတတ် ကြပါတယ်။ မထားရဲ့ အချစ်ကတော့ မေတ္တာကို အခြေခံပြီးမှ ချစ်ခြင်း မေတ္တာဆိုတာ ပေါ်ပေါက် လာတယ်လို့ လက်ခံထားပါတယ်။ ငယ်ရွယ်နုနယ် စဉ် အချစ်ကတစ်မျိုးပေါ့…။ အချစ်ဆိုတာ ကိုယ်စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေပြည့်ဝဖို့အတွက် သူတစ်ပါးကို ချစ်တာ။ ရင့်ကျက်နားလည်လာတဲ့ အချိန်ကျ တော့။ အချစ်တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ဘူး ချစ်ခြင်းမေတ္တာဆိုပြီး တွဲ သုံးမှ ပြည့်စုံမှုရှိလာ တယ်။ အဲ့ဒီအခါကျတော့ ချစ်ခြင်းမေတ္တာဆိုတာ သူစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် သူရဲ့လိုအင် ဆန္ဒတွေပြည့်ဝစေဖို့အတွက် ကိုယ့်ရဲ့လိုအင် ဆန္ဒတွေ၊ အခန်းကဏ္ဍတွေက တဖြည်းဖြည်း အနောက်ကိုရောက်ရောက်လာပြီး သူ့ အတွက်ပဲ ဦးစားပေးဖြည့်ဆည်းပေးရခြင်းကို သာယာ ပျော်မွေ့လာခဲ့တယ်။ အဲဒါကိုယ့်ရဲ့အရည်အချင်း ဖြစ်လာတယ်။

မိန်းမတစ်ယောက်ရဲ့ဘဝမှာ အချစ်ဆိုတဲ့ အခန်းကဏ္ဍက ဥပမာ ပြောရရင် အိမ်တစ်အိမ်ရဲ့ အဆောင်အယောင်အလှအပ Decoration တစ်ခုလို အရေးပါပါတယ်။ ဒီအိမ် တစ်အိမ်ရဲ့ အနုပညာမြောက်မှု သာယာလှပမှု ငြိမ်းချမ်း အသက်ဝင်မှုတို့ဟာ အချစ်နဲ့တူတယ်။ မိန်းမ တစ်ယောက်ရဲ့ ဘဝမှာလည်း အချစ်မပါဘဲ ရပ် တည်နေနိုင် သလား ဆိုတော့ နေနိုင်ပါတယ်။ နေလို့လည်း ဖြစ်တယ်။ ဒါပေမဲ့ အနုပညာ ပျော် ဝင်မှုတို့ အနုစိတ်ရသခံစားမှုတို့တော့ ပျောက်ဆုံး နေမှာပေါ့နော်။ ပြောရရင် အချစ်မရှိတဲ့ အိမ် ကလေးက သိပ်ရိုးစင်းနေမှာပေါ့နော်…။ချစ်ရင် ရူးရူးမူးမူး ချစ်တတ် ကြတယ်ဆိုတာ မိန်းမတွေမှ မဟုတ်ပါဘူး။ ယောက်ျားတွေမှာ လည်း ဖြစ်တတ်တာပါပဲ။ ဒါက လူ တစ်ဦးချင်းရဲ့ ရင့်ကျက်မှုရယ် ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ ခံစားမှု လွန်ကဲခြင်း ထိန်းချုပ်နိုင်စွမ်းတို့ အပေါ်မှာပဲ မူတည်တာပါ။

Strength & Struggle
Strength

”ခံနိုင်ရည်စွမ်းအင်” ပေါ့နော်။ ”စွမ်းအား ပါဝါ” တစ်ခုပေါ့။ တစ်ယောက်ရဲ့ဘဝမှာ တွေ့ ကြုံရင်ဆိုင်လာရသမျှ အခက်အခဲတွေပဲ ဖြစ်ဖြစ် ဘဝရဲ့ လောကဓံတွေ ကို ပဲဖြစ်ဖြစ် မဆုတ်မနစ် ရင်ဆိုင်ကြံ့ခိုင်နိုင်စွမ်းရှိတဲ့ စွမ်းအင်တစ်ခုပေါ့။ မထားရဲ့ အားသာချက်လား…အင်း ပြော ရမယ်ဆိုရင်တော့ အဲ့ဒါကို အားသာချက်လို့ ပြောရမလား မ သိဘူး။မထားက တော်ရုံတန်ရုံဆို အရှုံးမပေးတတ်ဘူး..ဇွဲမလျှော့တတ်ဘူး။ နောက်မဆုတ်ဘူး။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲ ကောင်းကောင်းနဲ့ ကိုယ်ဖြစ်ချင်တာကို တစ်နေ့ ချင်း တစ်ရက်ချင်း မဖြစ်မနေ ကြိုးစားအားထုတ် တတ်တယ်။ ကိုယ်လျှောက်ရမယ့်လမ်းကိုပဲ တစ်စိုက်မတ်မတ်အာရုံ စိုက်ထားတတ်တယ်။ ဘေးဘီဝဲယာတွေကို သိပ် မကြည့်နေဘူး။ အဲဒီ တော့ အာရုံလည်း မပျံ့လွင့်ဘူးပေါ့နော်။

ကိုယ့်ရဲ့ အားနည်းချက်ဟာ ဘာလဲဆိုတာ ကိုသိထားရင် အဲ့ဒီအချက်ကို အထူးအာရုံစိုက်ပြီး သတိကလေးနဲ့ လေ့ကျင့်ယူမယ် ပြုပြင်မယ်ဆိုရင် အဲဒီအားနည်းချက်ဟာ တစ်ချိန်မှာ အားသာချက် အဖြစ် ပြောင်းလဲသွားမှာပါ။ အဓိက လိုအပ် ချက်က ကိုယ့်အားနည်းချက်ကို သိမြင်တတ်ဖို့နဲ့ လေ့ကျင့်ပြုပြင်ပြောင်း လဲတတ်ဖို့ပါ။ အားနည်း ချက်ဆိုတာ မိန်းမတွေမှာမှ ရှိတတ်တာ မဟုတ်ပါဘူး။ လူ တစ်ယောက်ချင်းရဲ့ စိတ်ဓာတ် စွမ်းရည်ရင့်ကျက် မှုနဲ့ အတွေ့အကြုံ စိတ်ခံစားမှုတွေနဲ့ပဲ သက်ဆိုင်ပါ တယ်။

Struggle

Struggle ကတော့ ရုန်းကန်အားထုတ်ခြင်း ပေါ့။ ဘဝရဲ့အခက်အခဲတွေ အတားအဆီး အပိတ်အပင်တွေကနေ လွတ်မြောက်အောင် အစွမ်းကုန်အားအင်သုံးပြီး အား ထုတ်ရုန်းကန် ရခြင်းဆိုပါတော့။ မထားရဲ့ဘဝမှာလည်း ငယ်စဉ်ကတည်းက ကိုယ်ဖြစ်ချစ်တဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ဖို့အတွက် ရုန်းကန်အား ထုတ်ခဲ့ ရတာ တွေ အများကြီးပဲပေါ့။ ဘယ်လိုရင်ဆိုင်ကျော်ဖြတ် ခဲ့သလဲဆိုရင် အဓိကကတော့ စိတ်ဓာတ်ခွန်အား နဲ့ ပြင်းပြထက်သန်မှုရယ်။ ဇွဲလုံ့လဝီရိယရယ် အဲ့ဒါတွေကို လက် နက်အဖြစ် အသုံးပြုခဲ့ရပါ တယ်။

အားသာချက်တွေများနေမှ ကြုံလာတဲ့ ပြဿနာ၊ အဆိုးအကောင်းတွေကို ခံနိုင်ရည်ရှိတာ မဟုတ်ပါဘူး ညီမလေးရယ်။ လူဆိုတာ ဘဝမှာ ရင်ဆိုင်စရာဆိုလို့ အကောင်းေ လာကဓံရယ်၊ အဆိုးလောကဓံရယ် နှစ်မျိုးပဲရှိတာပါ။ အောင် မြင်နေတာ၊ ချမ်းသာပြည့်စုံနေတာ တွေဟာလည်း အကောင်းလောကဓံတွေပါပဲ။ အဲဒီ အချိန်တွေမှာ သာယာပျော်ရွှင် ကျေနပ်မနေဘဲ၊ ယစ်မူးမာန်တက် မနေဘဲ ဒီလောကဓံဟာလည်း တစ်ချိန်မှာ ပြီးဆုံး သွားမှာပါပဲလို့ နှလုံးသွင်းတတ်ရင် တစ်ချိန်မှာ ကျဆုံးခြင်း ဆင်း ရဲခြင်းဆိုတဲ့ အဆိုးလောကဓံနဲ့ ကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ ထူးပြီးမတုန်လှုပ် တော့ဘူးပေါ့။ ဒီအဆိုး လောကဓံဟာလည်း တစ် ချိန်မှာ ပြီးဆုံးသွားမှာ ပါပဲလို့ ဆင်ခြင် တတ်လာ မှာပေါ့။ ဖြစ်လာသမျှ အရာအားလုံးဟာ ပြီးဆုံး ခြင်းမှာပဲ အဆုံးသတ်တယ် ဆိုတာကို သိထားရင် အကောင်းပဲ ဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ဘယ် လောကဓံကိုမဆို ခံနိုင်ရည်ရှိသွားမှာပါပဲ။

ဖြိုးစုပိုပို
Yati Magazine

0 comments:

Post a Comment