Tuesday, September 27, 2016

ရင်ခွင်ပိုက် ကလေးငှားသည်

နံနက်စောစောဆိုလျှင်ပင် လှည်းတန်းခုံးကျော်တံတားအောက်တွင် ကြီးတော်အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ကြီးတော်ဘေးတွင် ဆယ်နှစ်သားဝန်းကျင်အရွယ် ကောင်လေး သုံးဦးလည်းပါသည်။ ကောင်လေးသုံးဦးတွင်  အနှီးပတ်ထားသော လသားကလေးတစ်ဦးလည်း ပါလာသည်။ 

မကြာမီ အဖြူရောင်အင်္ကျီတစ်ခုကို ခေါင်းပေါင်းထားပြီး လွယ်အိတ်စလွယ်သိုင်း လွယ်ထားသည့် အမျိုးသမီးတစ်ဦးသည် ကြီးတော်ရှိရာသို့ ရောက်လာ၏။ ထို့နောက် ကလေးများထံမှ လသားကလေးကို ခေါင်းပေါင်းနှင့် အမျိုးသမီးထံ ကြီးတော်က လက်လွှဲပေးလိုက်လေသည်။ 
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များ၏ နှစ်ပေါင်းများစွာ နှိပ်စက်၊ ခေါင်းပုံ ဖြတ်ခိုင်းစေမှုဒဏ်ခံခဲ့ရသော ဆယ်ကျော် သက်ကလေးငယ်နှစ်ဦး၏ အမှုကို တစ်နိုင်ငံလုံးက အုန်းအုန်းကျွတ်ကျွတ် အာရုံစိုက်နေချိန်တွင် ကြီးတော်က သူ့အလုပ်သူ ပုံမှန်ဆက်နေသည်။ 

လသားကလေးကို 'ဇာတ်ကောင်' အဖြစ် အရင်းပြုငွေရှာတော့မည့် အမျိုးသမီးသည် ကလေးကိုပိုက်ကာ မကြာမီ ယာဉ်ကြောပိတ်ဆို့မှုများဖြင့် စည်ကားလာတော့မည့် အင်းစိန်လမ်းမကြီးဘက်သို့ ထွက်ခွာသွားသည်။ ထိုအခါ ကြီးတော်ဘေးမှ ကလေးငယ်သုံးဦးသည်လည်း လှည်းတန်းလမ်းဆုံရှိ နေရာအသီးသီးသို့ တောင်းရမ်းရန်အတွက် ထွက်ခွာသွားတော့၏။

ထိုမြင်ကွင်းကား ရန်ကုန်မြို့တော် နေရာအနှံအပြားတွင် တွေ့မြင်နေရသော  ရင်ခွင်ပိုက်ကလေးများဖြင့် လိုက်လံတောင်း ရမ်းနေသူ အမျိုးသမီးများ၊ ကလေးငယ်လေးများအနက်မှ အချို့ကို ကြီးကြပ်စီမံပေးရသည့် ကြီးတော်ခေါ် ဒေါ်ရင်လှ၏ မနက်စောစော လုပ်ငန်းအဖွင့်ပင်ဖြစ်လေသည်။

တစ်နေ့စာ တောင်းရမ်းစားသောက်ရန် ဇာတ်ကောင်အဖြစ် အသုံးတော်ခံမည့် ကလေးငယ်မှာ အမည်ပင်မရှိသေး။ အသက်မှာ ရှစ်လသားအရွယ်သာ ရှိသေးသည်။ 

နိုင်ငံတစ်ဝန်း ကလေးအလုပ်သမားဟု ဆိုပါက ဆက်ကျော်သက် ကလေးများ အကြောင်း ပြောဆို ဆွေးနွေးကြပေလိမ့်မည်။ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်များမှ ကလေးအလုပ်သမားများ အကြောင်း ဆွေးနွေးကြပေလိမ့်မည်။ 
ရှစ်လသမီး ရင်ခွင်ပိုက် ကလေး အလုပ်သမားတို့မှာ စာရင်းထဲမပါလှပါ။ 

"နာမည်ရင်းတော့ မရှိသေးဘူး။ အသေးမလို့ ခေါ်တယ်။ သားတူမလေးပါ။  သူ့အမေက ကျွန်တော့်အစ်မလေ" ဟု မနက်ခင်းက ကြီးတော်နောက်သို့ ကလေးပွေ့ရင်း ပါလာသူ အသက်ကိုးနှစ်အရွယ် မောင်သန်းထွန်းဇော်က ဆိုသည်။ မောင်သန်းထွန်းဇော်ကို သူ့သူငယ်ချင်းများက ၀ဲထူဟု ခေါ်သည်။ 

ဝဲထူနှင့် အတူပါလာသော ကလေးငယ်များအနက် နောက်တစ်ဦးမှာ မဲကြီးဖြစ်သည်။ "၀ဲထူ အစ်မ သီသီဟန်တို့တွေက ပလုံးတုံး ကောက်တာ။ ဒီလှည်းတန်းတ၀ိုက်ပဲ လိုက်ကောက်တာ။ သူ့ယောက်ဖရောလေ" ဟု ထပ်မံ ဖြည့်စွက် အဖြေပေးသူက ကျောင်းဝတ်စုံအဖြူအစိမ်း အနွမ်းကို ၀တ်ကာ လိုက်လံ တောင်းစားနေသော အသက်ဆယ်နှစ်အရွယ် မဲကြီး ဖြစ်သည်။

ပလုံးတုံးကောက် ဆိုသည်မှာ ဘူးခွံလွတ်များ၊ ပုလင်းခွံလွတ်များ လိုက်ကောက်ခြင်းကို သူတို့ချင်း သိသည့်စကားဖြင့် ပြောခြင်းပင်။
မဲကြီးမှာ လူရည်လည်သည့် ပုံစံဖြင့် သူ့နာမည်အရင်းကို လုံးဝမဖြေ။ ၀ဲထူ၊ မဲကြီးနှင့် မောင်ဖြောင့်တို့ သုံးဦးမှာ လှိုင်သာယာမြို့နယ်မှ ဖြစ်သည်။ သူတို့၏  မိဘများက ကြီးတော်ခေါ် ဒေါ်ရင်လှနှင့်အတူ လှည်းတန်းသို့ ထည့်လိုက်ခြင်းဖြစ်ကြောင်း သူတို့က ဆိုသည်။ 

ကြီးတော်၏ လုပ်ငန်းခွင်သို့ မကြာသေးမီကမှ သန်းထွန်းဇော်နှင့်အတူ ပါလာသူက သန်းထွန်းဇော်၏တူမ အသက် ရှစ်လသမီးအရွယ် အသေးမ ဖြစ်သည်။ 

ဝဲထူတို့ မောင်နှမတွင် မိခင်ဖြစ်သူ မရှိတော့ဘဲ ဖခင်ဖြစ်သူသာ ရှိတော့သည်။ ဖခင်ဖြစ်သူမှာလည်း ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်ဟု ဆိုသည်။

ထို့ကြောင့် အစ်မဖြစ်သူက ပလုံးတုံး လိုက်ကောက်ခြင်းခေါ် ဘူး၊ ပုလင်းခွံများကို လိုက်ကောက်ရင်းဖြင့် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျသည်။ အသက် ၁၅ နှစ်တွင် တူမလေး အသေးမကိုမွေး၏။

သန်းထွန်းဇော်၏ အစ်မဖြစ်သူနှင့် ခင်ပွန်းဖြစ်သူမှာလည်း ဆယ်ကျော်သက်များပင်ဖြစ်သည်။ ဘူး၊ ပုလင်းခွံကောက်ရသည့်ငွေ တစ်ဝက်ခန့်မှာ ကော်ရှူခြင်းဖြင့် ကုန်သွားလေ့ရှိကြောင်းလည်း သန်းထွန်းဇော်က ပြန်ဖောက်သည်ချသည်။ 
"အသေးမကို မွေးတာ ကံကောင်းတယ်။ အခု အသေးမကို ကြီးတော်ဆီ ခေါ်လာပေးတော့ တစ်နေ့ နှစ်ထောင်ရတယ်။ အစ်မတို့ လင်မယားက ကော်ရှူနေပြီဆိုတော့ အရင်လို အိမ်အတွက် ပိုက်ဆံက သိပ်မရဘူး။ အသေးမ မွေးလာတာ ကံကောင်းတယ်" ဟု သန်းထွန်းဇော်က ဆိုသည်။

တောင်းရမ်း စားသောက်သူများ လောကတွင် မွေးကင်းစကလေး ငှားရမ်းကာ တောင်းရမ်းခြင်းသည်လည်း အရေးပါသည့် အခြေအနေ တစ်ခုဖြစ်သည်။ 

ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများ၌ မွေးကင်းစနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပေါင်ပေါ်တင်သူကတင်၊ ချီပိုးသူချီပိုးဖြင့် သားသည်မိခင် သရုပ်ဖြင့် တောင်းရမ်းသူများကို မြင်ရလေ့ ရှိသည်။ ယင်းတို့ထဲတွင် အချို့သည် သားသမီး အရင်းများ ဖြစ်သော်လည်း အချို့မှာ ငှားရမ်းထားသည့် ကလေးငယ်များဖြင့် တောင်းရမ်းသူများ ဖြစ်သည်ဟု အဆိုပါ တောင်းရမ်းသူများထံမှ သိရသည်။

သားသည်မိခင်သရုပ်ဖြင့် တောင်းရမ်းမှု ပြုမည့်သူများသည် ကလေး ငှားရမ်းသူများထံမှ ကလေးတစ်ဦးလျှင် တစ်ရက်တာအတွက် ငှားရမ်းခမှာ ကျပ် ၂၀၀၀ ကျပ်ဝန်းကျင် ကျသင့်သည်။ ငှားရမ်း အသုံးပြုရလေ့ရှိသည့် အဆိုပါ ကလေးငယ်၏ တစ်နေ့တာ နို့ဘူးစရိတ်နှင့် အိပ်ဆေးဖိုးများကိုပါ ကလေးငှား တောင်းရမ်းသူများက ကျခံရကြောင်းလည်း သိရှိရသည်။

ကလေးငှားရမ်း တောင်းစားသူများသည် ငှားရမ်းထားသည့် ကလေးငယ်များ အမြဲအိပ်နေစေရန် အိပ်ဆေးများကို ကြိတ်၍ နို့နှင့် ရောဖျော်ကာ တိုက်ထားလေ့ ရှိသည်ဟု ကလေးငှားရမ်းသူ အချို့ထံမှ သိရသည်။ 

ကလေးငှားရမ်းရာတွင် ၀ဲထူ၏ အစ်မဖြစ်သူကဲ့သို့ မိခင်များနှင့် ကြီးတော်ကဲ့သို့သူများ တိုက်ရိုက် ချိတ်ဆက်ကြရသည် ဟုလည်း သန်းထွန်းဇော်က ဆိုသည်။

မည်သို့ပင်ဖြစ်စေ မလိုချင်ဘဲ ရလာသည့် မွေးကင်းစ ကလေးငယ်များအား တွေ့ကရာ စွန့်ပစ်နေသည့် ခေတ်ကြီးထဲတွင် အသေးမသည် ကံကောင်းသည်ဟု အကောင်းဘက်က ဆိုရမလားပင်။

သို့သော် သူမလေးသည် မွေးကင်းစတွင်ပင် အိပ်ဆေးတို့ဖြင့် ယဉ်ပါးလျက် တောင်းရမ်း စားသောက်သူတို့၏ အသုံးချခံ ဖြစ်နေရှာ၏။
ရန်ကုန်မြို့တော် အပါအ၀င် မြန်မာပြည်၏ မြို့တော်များတွင် အိပ်ဆေးတန်ခိုးဖြင့် အမြဲအိပ်စက်နေခဲ့ရသော ကလေးငယ်များက မည်မျှအထိ ရှိနေပြီနည်း။ အနာဂတ်၏ ပန်းလေးများ အမြဲအိပ်စက်နေကြပြီ။  မည်သူလှုပ်နှိုးပေးမည်နည်း။

ကလေးငယ်များကို အိပ်ဆေးကဲ့သို့သော ထိုင်းမှိုင်းစေသည့်ဆေး တိုက်ကျွေးသဖြင့် ကလေးသဘာဝအရ လှုပ်ရှားမှု မပြုတော့ဘဲ မှတ်ဥာဏ်ချို့တဲ့ခြင်း၊ စားချိန် မမှန်သည့်အတွက် အာဟာရချို့တဲ့ခြင်းတို့ ဖြစ်လာကြောင်း ရန်ကုန်မြို့ ပရဟိတဆေးခန်း တစ်ခုမှ ဒေါက်တာကျော်စွာဦးက ဆိုသည်။

"ဦးတို့ခေတ်တုန်းက အနာကြီး ရောဂါသည် ဟန်ဆောင်တာတွေ၊ ကလေး အမေဟန်ဆောင်ပြီး ကလေးသားငယ်ငှားတာတွေ အများကြီးရှိခဲ့တယ်။ အခုကတော့  နည်းနည်းအရွယ်ရှိတဲ့ ကလေးတွေကိုတောင် မိဘတွေက ခေါင်းပေါင်းတွေ လက်ကို  နေ့စားလုပ်သလိုမျိုး အပ်လိုက်တာ။ ညနေကျရင် ခေါင်းပေါင်းတွေက သူ့မိဘကို ကလေးအတွက် နေ့စားခ သပ်သပ်ပေးရတယ်" ဟု ဦးဇော်လေးက ဆိုသည်။

ဦးဇော်လေးသည် တစ်ချိန်က တောင်းရမ်းစားသောက်သူများ လောကတွင် ခေါင်းပေါင်းဟုခေါ်သော စီမံခန့်ခွဲသူ အဖြစ် လုပ်ဆောင်ခဲ့ဖူးသည့် သူတစ်ဦး ဖြစ်သည်။

ဦးဇော်လေးပြောသကဲ့သို့ပင် မြို့ပြကြီး၏ အစွန် ဆင်ခြေဖုံးဒေသရှိ အချို့ဒေသများတွင် မြို့ထဲထွက် တောင်းရမ်းစားသောက်သူများမှာ ကလေးအရွယ်စုံ အငှားဈေးကွက်ကို ချဲ့ထွင်ကြသည်ဟု အဆိုပါ တောင်းရမ်းသူ ရပ်ဝန်းထံမှ သိရှိရသည်။

ဥပဒေကြောင်းအရလည်း အဆိုပါ ပြဿနာများသည် ကလေးငယ်များအား  အသုံးချသူများသာမက အသုံးချရန် ခွင့်ပြုသူ မိဘများကိုပါ အရေးယူနိုင်သည်ဟု  ဥပဒေ အကြံပေးတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့် (ခ) စာရေးဆရာ ဇေယျမင်းသျှင်က ဆိုသည်။

"ဒါ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ နဲ့ ငြိပါတယ်။ အဲဒီ ဥပဒေအရ လူတစ်ဦးတစ်ယောက် မတရားသဖြင့် ခိုင်းစေရန်အလို့ငှာ ရောင်းတဲ့သူရော ၀ယ်တဲ့သူပါ ထောင်ဒဏ်အနည်းဆုံး ၁၀  နှစ်ကမှ နှစ် ၂၀ အထိ ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ရောင်းတယ်ဆိုတဲ့နေရာမှာ  ဒီလိုကလေးကို ငှားတာတွေလည်းပါတယ်"  ဟု ဦးခင်မောင်မြင့်က ဆိုသည်။

"ဒီတော့ ကလေးကိုငှားတဲ့ မိဘရော၊ အသုံးချသူရော၊ ကြားခံပွဲစားတွေပါ  အဲဒီပုဒ်မနဲ့ ငြိပါတယ်"

နေမွန်းတည့်လေပြီ။
ကြီးတော်ခေါ် ဒေါ်ရင်လှသည်လည်း စတည်းချရာ လှည်းတန်းခုံးတံတား အောက်တွင် ဈေးသည်များ၊ စုံတွဲများနေရာ ယူထားသဖြင့် စီမံကွပ်ကဲမှုလုပ်ငန်း လုပ်ဆောင်ရန် အခြေအနေမပေးတော့။

ထို့ကြောင့် ထုံးစံအတိုင်း လူသွား လူလာရှုပ်ထွေးသော အင်းစိန်လမ်းမဘက်ရှိ  လှည်းတန်းလူကူးခုံးတံတားအောက်  လှေကားထစ်ဆီသို့ ထွက်လာသည်။ကြီးတော်သည် လူကူးခုံးတံတား၏  အောက်ဘက်လှေကားထစ်တွင် ထိုင်လိုက် ပြီး သူ့ပေါင်ပေါ်တွင် သတင်းစာတစ်စောင်ကို တင်ထားလိုက်သည်။

ထို့နောက်တွင်တော့။

"၁၂ နာရီကျော်ရင် သားတို့တောင်းလို့ရတဲ့ ငွေတွေ ကြီးတော်ကို  သွားအပ်ရတယ်။  ညနေတစ်ခါ သွားပြန်အပ်ရတယ်။ တစ်နေကုန် ငါးထောင်ရရင်ပြီးပြီ။ အိမ်ပြန်ရင် အဖေတို့က မဆူမရိုက်ဘူး" ဟု ၀ဲထူက ဆိုသည်။

"တစ်ခါတလေ နေ့ဝက်နဲ့ ငါးထောင်လောက်ရပြီဆို ညနေပိုင်းရသမျှ သားက ပိုက်ဆံသွားပစ်တာပဲ"
မြင်ကွင်းအရ သန်းထွန်းဇော် ပြောဆိုသမျှကား မှန်၏။

လူကူးခုံးတံတားအောက်ရှိ ကြီးတော်ထံသို့ ကလေးငယ်များ တစ်ယောက်ပြီး  တစ်ယောက်လာကာ ငွေအပ်ကြသည်။
သန်းထွန်းဇော်အပါအ၀င်၊ မဲကြီး၊  မောင်ဖြောင့်တို့ တစ်ဦးပြီးတစ်ဦး ကြီးတော် ဆီလာကြရသည်။

ခေါင်းပေါင်းအဖြူပေါင်းကာ လွယ်အိတ် လွယ်ထားသော အမျိုးသမီးသည်လည်း  ကြီးတော်၏ လှေကားခြေရင်းသို့ မကြာမီ  ရောက်လာပြန်၏။
ထိုအမျိုးသမီးကော တစ်နေ့တာ ကလေးငှားရမ်းခအဖြစ် ငွေနှစ်ထောင်အပြင်  ကြီးတော်အတွက် ငွေတစ်ထောင်သက်သက် လာပေးရခြင်းပင်ဖြစ်ကြောင်း သန်းထွန်းဇော် က ပြောပြသည်။

ကြီးတော်ခေါ် ဒေါ်ရင်လှကားငွေများ ကို ရေတွက်ကာ သူ့ပေါင်ပေါ်ရှိ သတင်းစာ အဟောင်းအတွင်းညှပ်ကာ ငွေလက်ခံ၏။
ကလေးတို့ထံမှ လုပ်အားခများကို ကြီးတော်ရပြီ။ကလေးတို့၏ နေလယ်စာကား အဘယ် နေရာမှာနည်း။

"မနက်ကတည်းက အိမ်က ထမင်း စားလာတယ်။ နေ့လယ်စာကတော့ စင်တာနားတစ်ဝိုက်က အစ်ကိုအစ်မတွေဆီက မုန့်တွေ လိုက်တောင်းစားတယ်။ ညဘက်ကတော့ ငါးကင်ဆိုင်တွေက ကျန်တာတွေ လိုက်တောင်းပြီး စုစားကြတယ်လေ" ဟု အသက် ၁၀ နှစ်အရွယ် မဲကြီးက ပြောပြသည်။

တစ်ဖန် ည ၈ နာရီခွဲခန့်ဆိုလျှင်  ကြီးတော်က သူ၏ မူလနေရာလှည်းတန်းခုံး ကျော်တံတားအောက်တွင် လုပ်အားခ ငွေများကို လက်ခံမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

"အဲဒီအချိန်ဆို ကြီးတော်ဆီ အသေးမကို ပြန်လာပို့ပြီးပြီ။ အသေးမက တစ်နေကုန် အိပ်နေပြီး အဲဒီအချိန်ဆို နိုးပြီ။ အဲဒီအချိန်ဆို အစ်မတို့လည်း ပလုံးတုံးရောင်းပြီး ပြန်လာပြီလေ။၊ သားတို့လည်း ငါးကင်တန်းက ပေးတာတွေနဲ့ စားပြီးသောက်ပြီး ပြန်ကြတာ" လှည်းတန်း ဂမုန်းပွင့်စင်တာရှေ့ လူသွားပလက်ဖောင်းတွင် ဘ၀တူများနှင့် ပိုက်ဆံပစ်ရင်း ၀ဲထူက ပြောဆိုနေခြင်းဖြစ်သည်။

ဝဲထူ၏ ညနေပိုင်းတောင်းရသမျှ  ငွေအချို့သည် ပိုက်ဆံပစ်ဝိုင်းတွင် ရှုံးသည်။အင်းစိန်ဘက်မှ လာသော ပလုံးတုံး ကောက်သည့် ညီအစ်ကိုက နိုင်သည်။နိုင်သူကပျော်သလို ရှုံးသူကလေးများက ဖြတ်လာသမျှ ကျား၊ မ၊ ပျို၊ အိုများဆီ ချဉ်းကပ်ကာ ငွေတောင်းကြသည်။

ကြီးတော် ခေါ် ဒေါ်ရင်လှကား ငွေအကြွေများအား ရေတွက်နေမည်။ ၀ဲထူခေါ် သန်းထွန်းဇော်၏ အစ်မ သီသီဟန်ကား ကော်ရှူပြီး မူးယစ်လာသော အသိနှင့်အတူ တစ်နေကုန် ထိုင်းမှိုင်းကာ ညဘက်မှ လန်းဆန်းလာသည့် လသား အရွယ်သားငယ်ကို ချော့မြူနေလိမ့်မည်။
အနာဂတ်သို့ ကျားကုတ်ကျားခဲကူး ခတ်နေသော နိုင်ငံတော်ကြီးကား အသုံးချခံ ကလေးငယ်တို့၏ မသိနားမလည် ငိုညည်းသံ တို့ဖြင့် တိတ်ဆိတ်နေလိမ့်မည်။

ညနက်လာသည်နှင့်အမျှ ကြီးတော်တို့  ပုံမှန်စုရုံးရာ လှည်းတန်းလမ်းဆုံကြီးမှာ ခဏကြာမျှ တိတ်ဆိတ်သွားပေလိမ့်မည်။ 

ထိုသို့ဖြင့် အသေးမ၏ လုပ်သက်သည်လည်း တစ်ရက်ပြီး တစ်ရက် တိုးလာပါလိမ့်မည်။ ထိုအတိုင်းသာဆိုပါက အသက်  ၁၈ နှစ်တွင်ပင် အသေးမ၏ လုပ်သက်မှာ ၁၇ နှစ် ကျော်နေပေလိမ့်မည်။ 

The Voice

0 comments:

Post a Comment