Saturday, September 24, 2016

အောက်အဆင့်များအတွက် မွဲဆေး - မြစ်ပွားနာ စီးပွားရေး


ခြစ်ကုပ် စုဆောင်းထားသည့် ချွေးနှဲစာအပြင် ချေးထားသည့် ငွေများကို ပြန်ဆပ်ပြီးနောက် မပိုပို တစ်ယောက် ရန်ကုန်မြို့ကို ကျောခိုင်းလိုက်ရပြီ ဖြစ်သည်။

သူနာပြု အောင်လက်မှတ် သင်တန်း တက်ပြီး သက်ကြီးရွယ်အိုကို ပြုစု စောင့်ရှောက်သည့် အလုပ် လုပ်ရာမှ မိတ်ဆွေ တစ်ယောက်၏  မိတ်ဆက်ပေးမှုဖြင့် အပြောအရ မယုံနိုင်လောက်အောင် ကောင်းမွန်သော စီးပွားရေး အခွင့်အလမ်း တစ်ခုကို ငွေဆယ်သိန်းဖြင့် စတင် လုပ်ကိုင်ခဲ့သည်။
ထိုငွေ ဆယ်သိန်း ပြည့်မီရန် သုံး/ လေးနှစ် စုဆောင်းထားသည့် ချွေးနှဲစာဖြင့် မလုံလောက်သဖြင့် ငွေကြေး အနည်းငယ် ချေးငှား ခဲ့ရသေးသည်။

Bio Disc ဟုခေါ်သည့် ကျန်းမာရေး ကောင်းမွန်စေသည့် ဓာတ်ပြား တစ်ခုကို မပိုပို၏ ရင်းနှီးငွေ ဆယ်သိန်းဖြင့် ဝယ်ယူကာ  ထိုကုမ္ပဏီတွင် အဖွဲ့ဝင်ပြီးနောက် များမကြာမီတွင် လစဉ်ဝင်ငွေ သိန်းချီရတော့မည် ဆိုသည့် အိပ်မက် အကြီးကြီး မပိုပို မက်ခဲ့သည်။

သို့သော် မယုံနိုင်လောက်အောင် ကောင်းသည့် စီးပွားရေး အခွင့်အလမ်းမှာ ဘယ်လိုမှ မဖြစ်နိုင်သည့် စီးပွားရေး လုပ်ငန်းမှန်း မပိုပို သဘော ပေါက်လိုက်ချိန်တွင် ဆယ်သိန်း မကသော ငွေကြေးကို ဆုံးရှုံးပြီး ဖြစ်သည်။

ယင်းဓာတ်ပြားကို Qnet အမည်ရှိ ကုမ္ပဏီက ရောင်းချနေခြင်း ဖြစ်ပြီး တခြား သာမန် လူသုံးကုန် ပစ္စည်းများကိုလည်း ဈေးနှုန်း ကြီးမြင့်စွာဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

မပိုပို ကဲ့သို့ပင် ထိုဆယ်သိန်းတန် ဓာတ်ပြား ဝယ်ယူပြီး အကြွေးတင်သွားသူ၊ ငွေကြေး ဆုံးရှုံးသွားသူ များစွာ ရှိသေးသည်။

“ညီမလည်း Qnet ကြောင့် ခုထိအိမ်က အကြွေး ဆပ်နေတုန်း။ ညီမကတော့ စလုပ်ကတည်းက နှစ်လနေတော့ သူတို့စိတ်ဓာတ်ကို သိတော့ ဆက်မလုပ်ဘဲ ပစ်ထားလိုက်တာ။ လူတစ်ယောက်မှ မရှာပေးဘူး။ Upline (အပေါ်အဆင့်မှလူ) စိတ်ဓာတ်တွေ ရွံ့လို့၊ အကြွေး ခြောက်သိန်း ချေးထားတာ၊ တော်သေးတယ်။ ချေးတဲ့ အဒေါ်ကြီးက အတိုးက ငါးကျပ်မို့သာပဲ”ဟု Qnet တွင်  ဝင်ရောက် လုပ်ကိုင်ဖူးသူ Virus Queen အမည်နှင့် ဖေ့စ်ဘွတ် အသုံးပြုနေသူက ရင်ဖွင့်သည်။

အဆိုပါ Qnet ကုမ္ပဏီသည် ပုံမှန် စီးပွားရေး လုပ်ငန်းများ ကျင့်သုံးသည့် ပုံစံဖြင့် ကုန်ပစ္စည်း ရောင်းချခြင်း မဟုတ်ဘဲ  ကုမ္ပဏီထုတ် ပစ္စည်းများကို လူလူချင်း မိတ်ဆက် ရောင်းချခြင်း ဖြစ်သည်။

ယင်းစနစ်ကို Multi-level Marketing (MLM), Network Marketing (NM) ကွန်ရက်ဖြန့်ကျက် စီးပွားရှာနည်းဟု ခေါ်ဆိုသည်။

အဆိုပါ MLM စနစ်ဖြင့် လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းမှာ Qnet တစ်ခုတည်းမဟုတ်၊ Aim Star, Successmore, Unicity, Double Crane, Nu Skin, Shine Hope, Tiens စသည့်  လုပ်ငန်းပေါင်း ၅ဝ နီးပါး မြန်မာနိုင်ငံတွင် ရှိနေသည်။

ထိုကုမ္ပဏီများသည် အွန်လိုင်းမှတစ်ဆင့်၊ အသိမိတ်ဆွေ သူငယ်ချင်းများမှ တစ်ဆင့်၊ ဆွေမျိုး အသိုင်းအဝိုင်းမှတစ်ဆင့်  ရင်းနှီး လုပ်ကိုင်မည့် သူကို ရှာဖွေလေ့ ရှိသည်။

ထိုကုမ္ပဏီများ၏ ထုတ်ကုန် အများစုမှာ အာဟာရ ဖြည့်စွက်စာ၊ ဓာတ်စာ၊ အလှ ကုန်ပစ္စည်းများ ဖြစ်ပြီး မြန်မာနိုင်ငံ  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ခွင့်ပြုချက် ရယူထားသည့် ကုန်ပစ္စည်း ဟုတ်/ မဟုတ် လေ့လာ ဆန်းစစ်ရန် လိုကြောင်း MLM အသိပညာပေး ဆောင်းပါးများ ရေးသားနေသူ ဦးဇော်သန်းက ဆိုသည်။

“အစားအသောက် အနေနဲ့ ထောက်ခံ ပေးထားတာကို ဆေးလို ရောင်းနေတာ ဆိုရင် မိတ်ဆွေများ သတိထားပါတော့။ ၉၆ ပါး  ပျောက်ဆေး မရှိပါ၊ သူညာနေပြီ”ဟု ဧရာဝတီ တိုင်းဒေသကြီး FDA မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးက သူ၏ Facebook စာမျက်နှာတွင် အသိပေးစာ တင်ထားသည်။

ယင်းအပြင် Successmore မှ ရောင်းချနေသော အမျိုးသားများအတွက် Covermore နှင့် အမျိုးသမီးများအတွက် Fullymore ဆေးများသည် ခိုင်မာသည့် ဆေးသုတေသန ပြုလုပ်ချက် မတွေ့ရှိရသည့်အပြင် ထိရောက်မှုနှင့်  ဘေးထွက် ဆိုးကျိုးများကို တိတိကျကျ မဖော်ပြထားကြောင်း ယခုနှစ် မတ်လအတွင်း ဒေါက်တာတင့်ဆွေက ဖြေကြားထားသည်။ ၎င်းမှာ ဆေးပညာဆိုင်ရာ အမေးအဖြေ အွန်လိုင်းမှတစ်ဆင့် ဖြေကြားနေပြီး အိန္ဒိယနိုင်ငံတွင် ဆေးခန်းဖွင့်ထားသူ ဆရာဝန် တစ်ဦးလည်း ဖြစ်သည်။

“အမှန်က ဖျံကျနည်းနဲ့ ငွေရှာတယ်။ လိမ်ညာနည်းနဲ့ ငွေရှာ၊ လူစည်းရုံးတယ်။ အကြွားအဝါ ထူပြောတယ်။ မစားရ ဝခမန်းတွေ ပြောတယ်။ ကောင်းကောင်း ကြော်ငြာတယ်။ မှန်ကန်တဲ့ ရောင်းစရာတွေလည်း ပါတော့ ပါပါတယ်”ဟု ၎င်းက ဆိုသည်။

MLM ကုမ္ပဏီများသည် စတင် မိတ်ဆက်ချိန်တွင် မယုံနိုင်လောက်အောင် ကောင်းသည့် စီးပွားရေး အခွင့်အလမ်း၊ လစဉ်ဝင်ငွေ သိန်းဆယ်၊ ရာ၊ ထောင်ချီ ဝင်နိုင်သည့် စီးပွားရေး၊ အချိန်စောစွာ အေးအေး သက်သာ အနားယူနိုင်မည့် လုပ်ငန်း၊ ကံကောင်း ထောက်မလွန်းသောကြောင့် ထိုစီးပွားရေး လုပ်ငန်းအကြောင်းကို သိခွင့်ရခြင်း စသည့်  မက်လုံးပေး ဆွဲဆောင်သည့် စကားများဖြင့် စတင်လေ့ ရှိသည်။ 

ထိုသို့ စတင် မိတ်ဆက် လာပြီဆိုလျှင် ယင်းလုပ်ငန်းမှာ MLM ပင်ဖြစ်သည်။  မွဲဆေးဖော်မည့် စီးပွားရေးစနစ် ဖြစ်သည်။

MLM လုပ်ငန်းများ၏ သွင်ပြင် လက္ခဏာမှာ ထိုကုမ္ပဏီသို့ စတင် ဝင်ရောက်ချိန်တွင် အဖွဲ့ဝင်ကြေး ပေးသွင်းရခြင်း၊ အဖွဲ့ဝင်ဖြစ်သည်နှင့် လစဉ် သတ်မှတ်ထားသော အမှတ် ပြည့်မီရန် သိန်းဆယ်ဂဏန်းအထိ ပစ္စည်း ဝယ်ယူရခြင်း၊ ကုမ္ပဏီက သတ်မှတ်ထားသော ကော်မရှင်ကို ထုတ်ယူနိုင်ရန်  လူသစ် ရှာဖွေရခြင်း၊ ဟောပြောပွဲများ၊ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများသို့ ကိုယ့်စရိတ်နှင့် ကိုယ်တက် ရောက်ရခြင်းတို့ ဖြစ်သည်။

ဤသည်မှာ MLM ကုမ္ပဏီများ၏  သိသာ ထင်ရှားသော သွင်ပြင်လက္ခဏာ အချို့ဖြစ်သည်။

“ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းကို ဈေးဆိုင်တွေကနေ မရောင်းဘဲနဲ့ လူလူချင်း မိတ်ဆက် ပေးသွားတဲ့ စီးပွားရေးပေါ့။ တကယ်တမ်းက MLM ကို သဘောပေါက်လို့ရှိရင် MLM သည် လူတိုင်းရဲ့ ဘဝကို အကောင်းဆုံး အခွင့်အရေး ပေးထားတာပါ”ဟု Aim Star မှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သော ဦးဂျိုးဇက်က MRTV နှင့် တွေ့ဆုံ မေးမြန်းသည့် အစီအစဉ်တွင် ပြောကြားသည်။

၎င်းသည် နှစ်စဉ်ဝင်ငွေ သိန်းသောင်းနှင့်ချီ ဝင်နေသော MLM ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း Facebook စာမျက်နှာတွင် ကြော်ငြာလေ့ ရှိပြီး ထိုအတွက် နိုင်ငံတော်သို့ ဝင်ငွေခွန် ပေးဆောင်ထားကြောင်းလည်း ၎င်းက ဆိုထားသည်။

MLM သည် နိုင်ငံတော် အစိုးရအတွက် အကျိုး သက်ရောက်မှု အများဆုံးရှိသော စီးပွားရေး လုပ်ငန်းဖြစ်ကာ အခွန် ထမ်းဆောင်သော လုပ်ငန်းဖြစ်ပြီး ကျန်စီးပွားရေး လုပ်ငန်းများမှာ မှောင်ခို တင်သွင်းရောင်းချမှု ၉ဝ ရာခိုင်နှုန်း ရှိကြောင်း ၎င်းက  ဆက်လက် ပြောကြားသည်။

“ဘယ်ကုန်စုံဆိုင်မှာပဲ ကြည့်ကြည့်၊  ဘယ်နေရာကိုပဲ သွားကြည့်ကြည့် ကျွန်တော်တို့ တိုင်းပြည်ထဲမှာ ဖြန့်နေတဲ့ ပစ္စည်းတွေ အကုန်လုံးက နယ်စပ်ကနေ မှောင်ခိုဝင်လာတဲ့ ပစ္စည်းတွေချည်းပဲ။ များသောအားဖြင့် ၉ဝ ရာခိုင်နှုန်းက တစ်နိုင်ငံလုံးမှာ ပြန့်နေတဲ့ ပစ္စည်းတွေက အစိုးရကို အခွန်တော်ငွေ   ဆောင်ထားတဲ့သူ မရှိသလောက်ကို နည်းတယ်”ဟု ဦးဂျိုးဇက်က ဆိုသည်။

MLM စနစ် ကျင့်သုံးသည့် လုပ်ငန်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ ဖြစ်သည်။ 

ကမ္ဘာပေါ်တွင် MLM စနစ်ကို  ၁၉၃ဝ ပြည့်နှစ် အစောပိုင်း ကာလနှင့် ကမ္ဘာ့ စီးပွားပျက်ကပ် ဖြစ်နေချိန်တွင် အမေရိကန် ပြည်ထောင်စုရှိ Nutrilite ကုမ္ပဏီက California Vitamin Corporation အမည်ဖြင့် စတင်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က အဆင့် တစ်ဆင့်သာ ရှိသည့် တိုက်ရိုက် ရောင်းချသည့်စနစ် (Direct Selling) ကို ကျင့်သုံးခဲ့သည်။

ထိုမှတစ်ဆင့် ၁၉၄၅ ခုနှစ်တွင် မိုက်တင်ဂါနှင့် ကတ်ဆယ်ဘာရီ ဆိုသူနှစ်ဦးက Nutrilite ၏ စီးပွားရေး ပုံစံကို ပြောင်းလဲကာ အလွှာ အဆင့်ဆင့် ပါဝင်သည့် ယနေ့ခေတ် Multi-level Marketing ကို စတင် မိတ်ဆက်ခဲ့သည်။

ထို MLM စနစ်ကို ကမ္ဘာ့နိုင်ငံ အတော်များများတွင် တင်းကျပ်သည့် စည်းမျဉ်း၊ ဥပဒေများဖြင့်သာ လုပ်ကိုင်ခွင့် ပြုထားပြီး စည်းကမ်းဖောက်ဖျက် ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူလေ့ ရှိသည်။

အနီးစပ်ဆုံး ဥပမာ အနေဖြင့် ယခုနှစ် ဇူလိုင်လတွင် အမေရိကန်ရှိ Herbalife ကုမ္ပဏီကို အမေရိကန် ပြည်ထောင်စု ကုန်သွယ်ရေး ကော်မရှင် (FTC) က အမေရိကန် ဒေါ်လာသန်း ၂ဝဝ ဒဏ်တပ်ရိုက်ခဲ့သည်။

စားသုံးသူများကို ကုမ္ပဏီထုတ် ပစ္စည်းများ ရောင်းချခြင်းဖြင့် ဝင်ငွေ များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်အောင် လိမ်လည် ပြောဆိုမှုကြောင့် ယင်းသို့ ဒဏ်တပ်ရိုက်ခြင်း ဖြစ်ပြီး ထိုဒဏ်ကြေးကို နစ်နာသူ စားသုံးသူများကို ပြန်လည် ပေးအပ်ရန် အမိန့်ချမှတ် ခဲ့သည်။

မြန်မာနိုင်ငံရှိ MLM လုပ်ငန်းအများ စုသည်လည်း ဗဟုသုတ နည်းပါးသော၊ ဝင်ငွေ များပြားစွာ ရှာဖွေလိုသူများကို သားကောင်သဖွယ် ပစ်မှတ်ထားကာ စီးပွား ရှာနေကြခြင်းဖြစ်ကြောင်း MLM စနစ်ကို ဆန့်ကျင် ပြောဆိုမှုများ ပြုလုပ်နေသူ Digital Marketing အကြံပေး ဦးဇင်ဇေလွင်က ဆိုသည်။ 

MLM ၏ သားကောင်များတွင် အလုပ် ရှာဖွေနေသော ကျောင်းသား လူငယ် လူရွယ်များ၊ အိမ်ထောင်ရှင်မများ၊ သက်ကြီး ရွယ်အိုများအပြင် ရဟန်း၊ သံဃာများပါ ပါဝင်နေသည်။ 

အွန်လိုင်းပေါ်တွင် အထူးသဖြင့် အချိန်ပိုင်း အလုပ်အကိုင် ရှာဖွေရေး Facebook စာမျက်နှာများသည် MLM လုပ်ငန်းများ၏ လူသစ် ရှာဖွေစုဆောင်းရာ နေရာ ဖြစ်လာ နေသည်။

MLM ကုမ္ပဏီ၏ ထုတ်ကုန်ကို  အွန်လိုင်း Message များမှတစ်ဆင့် အကြိမ်ကြိမ် ဆွဲဆောင် ရောင်းချသူများတွင် ဘုန်းတော်ကြီး အချို့ပါ ပါဝင်နေကြောင်း MLM ကုမ္ပဏီများကြောင့် နစ်နာခဲ့သူများနှင့် MLM စနစ်ကို ဆန့်ကျင်သူများ Facebook Group တွင် အမျိုးသမီးငယ် တစ်ဦးက ဖွင့်ဟဖူးသည်။

ထိုစာမျက်နှာများတွင် Successmore ၏ လူခေါ် ကြော်ငြာများကို တွေ့ရပြီး ပညာ အရည်အချင်း သတ်မှတ်ချက် မလို၊ ကျောင်း တက်၊ ရုံးတက်၊ အိမ်မှာနေရင်း လုပ်ကိုင်ရုံဖြင့် တစ်နှစ်အတွင်း ကျပ် ၄၈၅ သိန်းကျော် ရရှိနိုင်ကြောင်း ကြော်ငြာများ တင်ထားသည်။

“ပညာရေးရေချိန် အားနည်းတဲ့ တိုင်းပြည်တွေမှာ MLM က အားကောင်း တတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဆင်ခြင်တုံတရား အားနည်းသွားတာပေါ့။ မက်လုံးတွေကိုပဲ မြင်ပြီး ငါးမျှားချိတ်ကို မမြင်ဘူး။ ငါးစာပဲ မြင်ပြီးတော့ လုပ်တဲ့ဟာ မျိုးလည်း ရှိတယ်”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောကြားထားသည်။

MLM စနစ်သည် နာမည်ဆိုးနှင့် ကျော်ကြားလှသော ပိရမစ်ပုံစံ ဈေးရောင်းနည်းဖြစ်ပြီး Downline ဟု ခေါ်သော အောက်ဆုံး အဆင့်တွင် ရှိနေသူများ၏ လုပ်အား၊ ရောင်းအားကြောင့် ရရှိလာသော  ကော်မရှင်ကို ထိပ်ပိုင်းရှိ လူများကပါ အချိုးကျ အမြတ်ခွဲဝေ ခံစားကြခြင်း ဖြစ်သည်။

“ပိရမစ်ပုံစံလို့ ပြောတာပေါ့။ အပေါ်မှာ ရှိနေရာက အောက်ကို ဆင့်ပွားသွားတဲ့ အတွက်ကြောင့် ပွားလေ ပွားလေ အဲဒီအပေါ် လူရဲ့ ဝင်ငွေကို ရတယ်လို့ သီအိုရီမှာ ရေးတာပေါ့။ လူတွေက ဒီကုန်စည်ကို ရောင်းချတာထက် ပွား၊ ပွား သွားဖို့ အောက်ကအဆင့် လိုင်းကို ပွားတဲ့အခါမှာ တစ်ခါတလေ အကျိုး ရှိသလောက် မရှိဘူး။ အန္တရာယ် ရှိနိုင်တယ် ဆိုတာလေးတွေလည်း ရှိလာတာ အဲဒီစနစ်ရဲ့ အားနည်းချက်လို့ ပြောရမှာပေါ့”ဟု  ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာခင်လှိုင်ဦးက MRTV, Aim Star ထိပ်ပိုင်း ခေါင်းဆောင် ဦးဂျိုးဇက်နှင့် တွေ့ဆုံမှုတွင် ပြောကြားထားသည်။ 

တစ်ကမ္ဘာလုံးတွင် တရားမဝင်ဟု  သတ်မှတ်ထားသော ပိရမစ်ပုံစံ ဆိုသည်မှာ ဈေးကွက်တွင် အစစ်အမှန် ဝယ်လိုအား မရှိဘဲ ကုန်ပစ္စည်း တစ်ခုကို ဖြန့်ဖြူး ရောင်းချသူ ကိုယ်တိုင် (MLM အဖွဲ့ဝင်) က ဝယ်ယူသုံး စွဲနေခြင်းနှင့် ကုန်ပစ္စည်း ရောင်းချခြင်းမှ ရသည့် ဝင်ငွေထက် လူသစ် ရှာခြင်းကြောင့်ရသည့် ဝင်ငွေက ပိုများနေသည် ဆိုလျှင် ထိုစနစ်မှာ တရား မဝင်သော စီးပွားရေး လုပ်ငန်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုရှိ စားသုံးသူ အသိပညာပေးအဖွဲ့  (Consumer Awareness Institute) မှ ကွန်ရက်ဖြန့်ကျက် စီးပွားရေးကို မျက်နှာဖုံး ခွာချခြင်း သုတေသန စာတမ်း ရေးသားသူ ပါရဂူဘွဲ့ရ Jon M. Taylor  က ဆိုသည်။

အမေရိကန် ပြည်ထောင်စုတွင် MLM လုပ်ကိုင်သူများအနက် ၉၉ ဒသမ ၇ ရာခိုင်နှုန်းသည် ငွေကြေး ဆုံးရှုံးမှု၊ မိသားစု ဘဝပြိုကွဲမှု၊ အိမ်ခြေယာမဲ့ ဖြစ်ပွားမှုများပင် ဖြစ်ကြရကြောင်း ၎င်း၏စာတမ်းတွင် ဖော်ပြ ထားသည်။

MLM လုပ်ငန်းကြောင့် ထိခိုက် နစ်နာမှုများ အကြောင်း ပြောဆိုရာတွင် ငွေကြေး ထိခိုက် နစ်နာမှုကို အသားပေး ပြောဆိုလေ့ ရှိသော်လည်း ထို တစ်ချက်တည်း မဟုတ်ဘဲ အခြားသော လူမှုဝန်းကျင် ပေါင်းသင်း ဆက်ဆံရေးများပါ ထိခိုက် နစ်နာမှုရှိကြောင်း စင်ကာပူတွင် MLM လုပ်ခဲ့ဖူးသူ ဦးကိုကိုကြီးက ဆိုသည်။

“ပိုက်ဆံ ဆုံးရှုံးတာထက် အချိန်၊ ဘဝ၊ ရည်ရွယ်ချက်တွေ ဆုံးရှုံး ခဲ့ရတယ်။ စင်ကာပူမှာ လုပ်နေတာတွေကို ဖြုတ်ချခဲ့  ပြီး ဒီကို ပြန်လာလုပ်မယ် ဆိုပြီး လုပ်ခဲ့တာကိုး။ ပိုက်ဆံက ရှာလို့ရတယ်။ ပိုက်ဆံထက် အရေးကြီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ဆုံးရှုံး လိုက်ရတယ်”ဟု ၎င်းက ရင်ဖွင့်သည်။

အဆိုပါ MLM ကုမ္ပဏီများသည် ကုမ္ပဏီများ အက်ဥပဒေအရ မှတ်ပုံတင် ထားသော်လည်း စီးပွားရေး လုပ်ငန်းများ  ဆောင်ရွက်ရာတွင် အများပြည်သူ အကျိုး စီးပွား ထိခိုက်လာပါက အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန အနေနှင့် စစ်ဆေး အရေးယူရန် ဦးစီးဌာန၏ လုပ်ငန်း တာဝန်အောက်တွင်  ကျရောက်နေကြောင်း ဥပဒေပညာရှင်  ဦးမင်းတေဇညွန့်တင်က ဆိုသည်။ 

သို့သော် လက်ရှိအချိန်ထိ MLM ကြောင့် ငွေများ၊ အချိန်များ၊ လူမှုရေးများ ထိခိုက်ရသော်လည်း တရားဝင် တိုင်ကြားသူများ မရှိသေး။ မပိုပို ကဲ့သို့ မျှော်လင့်ချက်များနှင့် MLM စီးပွားရေးသို့ ဝင်ရောက်လာသူများမှာလည်း လက်ဗလာဖြင့် တိတ်တဆိတ် အိမ်ပြန် သွားနေကြသည်။

စစ်ငြိမ်းသူ
The Voice

0 comments:

Post a Comment