Sunday, September 25, 2016

ဒီချုပ်အဖြေထုတ်ရမယ့် ပုစ္ဆာ


မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်မှာ ဥပဒေပြဋ္ဌာန်းခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ အမိန့်အမှတ် (၂၃/ ၂၀၁၄) နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။ အခုဆိုရင် သက်တမ်း အားဖြင့် ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဥပဒေအရ သူ့ရဲ့သက်တမ်းက တော့ ငါးနှစ်ဖြစ်ပါတယ်။ သို့ပေ မဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ် ဦးနဲ့ ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးက ရပ်စဲနိုင်တယ်လို့လည်း   ဥပဒေက ပြဋ္ဌာန်းထားပါတယ်။

 သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက ကော် မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြမှု၊ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တဲ့ လူပုဂ္ဂိုလ်တို့နဲ့ပတ် သက်ပြီး ဝေဖန်ထောက်ပြခဲ့ကြ သလို လူ့အခွင့်အရေး ချိုးဖောက် မှုတွေနဲ့ပတ်သက်ပြီး ဆောင်ရွက် ချက်တွေမှာ ဝေဖန်ခြင်း၊ ကန့် ကွက်ခြင်းတွေ  ရှိခဲ့ပါတယ်။ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်များ အပေါ် မေးခွန်းပေါင်းများစွာ ထုတ်ခဲ့ကြပါတယ်။ သို့ပေမဲ့သမ္မတဦးသိန်းစိန်အစိုးရဟာ ကော်မရှင်ကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း တစ်စုံတစ်ရာ မပြုခဲ့ပါဘူး။
  ဒီချုပ် အစိုးရလက်ထက် ရောက်လာခဲ့တဲ့ချိန်မှာလည်း လူ့ အခွင့်အရေးလှုပ်ရှားသူတွေက ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ အတွက် တောင်းဆိုခဲ့ကြပါသေး တယ်။ ကော်မရှင်မှာ ပါဝင်သင့် သူတွေ မပါဝင်တာ၊ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့တာ နဲ့ပတ်သက်ပြီး အသစ်ပြန်လည် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ကြတာဖြစ် ပါတယ်။ မေလဆန်းပိုင်းက သမ္မ တ ဦးထင်ကျော်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
  ထို့အတူ ကော်မရှင်ရဲ့ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာ နဲ့ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ် တော်မှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာဆိုရင် ကောင်းခါးကျေး ရွာက ကချင်ဆရာမနှစ်ဦး မုဒိမ်း ကျင့်အသတ်ခံရမှု၊ လက်ပံတန်း မှာ ကျောင်းသားသပိတ် ဖြိုခွင်းခံ ရမှု၊ မြို့တော်ခန်းမရှေ့မှာ လက် ပတ်နီတွေ အကြမ်းဖက်မှု၊ ကျူး ကျော်တွေကို ဘူဒိုဇာနဲ့ ဖယ်ရှားမှု တွေ ပါဝင်မလာတာနဲ့ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်များ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကော်မရှင်ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်းကို လည်း ကိုယ်စားလှယ်များက ပြောဆိုခဲ့ကြပါသေးတယ်။ ကော် မရှင်ရဲ့ ၂၀၁၅ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး က ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါ တယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ကော်မရှင်ကို ပြင်ဆင်ဖွဲ့ စည်းပေးဖို့ နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့ပြီး လေးလအကြာ ၂၀၁၅ အစီရင်ခံစာကို ပြည် ထောင်စုလွှတ်တော်မှာ ဆွေးနွေး ခဲ့ပြီး    နှစ်လအကြာမှာတော့ အများပြည်သူ ထိတ်လန့်အံ့သြ ရလောက်တဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ခု ရန်ကုန်မြို့ရဲ့ မြို့ လယ်ကောင်မှာ ပေါ်ပေါက်ခဲ့ပါ တယ်။ အဲဒါကတော့ အားလုံးသိရှိ ထားကြပြီးဖြစ်တဲ့ မိန်းကလေး ငယ်နှစ်ဦးကို အင်းဝအပ်ချုပ်ဆိုင် မိသားစုက ညှဉ်းပန်းနှိပ်စက်၊ လုပ်ခလစာမပေးခြင်းတွေနဲ့ နှစ် ရှည်ကြာ လူ့အခွင့်အရေးကို ချိုး ဖောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Myanmar Now သတင်း အေဂျင်စီရဲ့ သတင်းထောက်ချုပ် ဖြစ်သူ ကိုဆွေဝင်းက ဒီဖြစ်စဉ်ကို စုံစမ်းထောက်လှမ်းခဲ့ပြီး သက် ဆိုင်ရာ   အဖွဲ့အစည်းတွေထံ ဆက်သွယ်တိုင်ကြားခြင်း၊ သတင်း ရေးသားဖော်ပြခဲ့ခြင်းကနေ မိန်း ကလေးငယ်နှစ်ဦး နှစ်ရှည်ကြာ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ လုပ်ခလ စာ ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ပတ် သက်ပြီး အများပြည်သူ သိရှိခွင့် ရရှိခဲ့သလို အုပ်ချုပ်ရေးအဖွဲ့ အစည်းအဆင့်ဆင့်ထံကိုလည်း သိကြားစေခဲ့တာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာလည်း ကော်မရှင် ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ် သက်ပြီး အများပြည်သူက ပြင်း ပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
‘‘ဒါက နေ့တိုင်းကို ညှဉ်းပန်း နှိပ်စက်နေတာဆိုတော့ ချက်ချင်း အရေးယူမယ်ထင်ပြီးတော့ နောက် နေ့မှာ ရဲစခန်းကို ဖုန်းဆက်တော့ ကျွန်တော်တို့ ဘာမှ မထူးခြား သေးပါဘူးဆိုပြီး အကြောင်းပြန် တယ်။ အဲဒီအမှုကို ကိုင်တွယ်တဲ့ သူက နောက်တော့ ပျောက်သွား တယ်။ ဆက်သွယ်လို့မရဘူးဖြစ် တယ်။ နောက်တော့ လူ့အခွင့် အရေးကော်မရှင်ကို အီးမေးလ်နဲ့ လှမ်းပြီး အကြောင်းကြားလိုက် တယ်။ ဓာတ်ပုံပါ လှမ်းပို့လိုက် တယ်။ ဇွန်လအကုန်လောက်ပေါ့။ ပို့ပြီး တစ်လလောက်အကြာမှာ ကျောက်တံတားရဲစခန်းက ထပ် ဆင့်ခေါ်တယ်။ ကော်မရှင်က ဆင့်ခေါ်တယ်ပြောတယ်’’
ရဲတပ်ဖွဲ့နဲ့ ကော်မရှင်တို့ရဲ့ ဆောင်ရွက်ချက်တချို့နဲ့ပတ် သက်ပြီး ကိုဆွေဝင်းက ဆဲဗင်း ဒေးရဲ့ မေးမြန်းချက်ကို ဖြေဆို ထားတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေကြောင့်ပဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မှာ ရဲတပ်ဖွဲ့နဲ့ ကော်မရှင်ဟာ မှန် ကန်စွာ ရပ်တည်ခဲ့သလား၊ မှန် ကန်စွာ ဆောင်ရွက်ခဲ့သလားဆို တဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ တာ ဖြစ်ပါတယ်။
ကော်မရှင်မှာ နှစ်ဖက်ခေါ် ယူ တွေ့ဆုံစေခဲ့ချိန်မှာလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဥပဒေ အတိုင်း အရေးယူဖို့ အကြံပေး ပေမယ့် ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဇော်ဝင်းက ညှိနှိုင်းဖို့သာ စပြော လာတဲ့အတွက် တုန်လှုပ်သွား ကြောင်း၊ သိန်းတစ်ထောင်ပဲပေး ပေး၊ တစ်သောင်းပဲပေးပေး ကျေ အေးဖို့ကိစ္စမဟုတ်ကြောင်း၊ ဥပဒေလမ်းကြောင်းအတိုင်းသာ လုပ်ဖို့လိုကြောင်း ဝင်ရောက်ပြောကြားတဲ့အခါမှာလည်း  ဦးဇော်ဝင်းက ခင်ဗျားက ကာယကံရှင် မဟုတ်ဘူးဆိုတဲ့စကားနဲ့ ငြင်းပယ်ခဲ့တယ်လို့ ကိုဆွေဝင်းကထုတ်ဖော်ပြောဆိုထားပြန်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို စုံစမ်းစစ်ဆေးရမယ့် တာဝန်ရှိတဲ့ အဖွဲ့အစည်းထဲမှာ ပါဝင်ခဲ့သူတစ်ဦးရဲ့ လွဲမှားတဲ့ လုပ်ဆောင်ချက်တချို့ ဖြစ်ပါ တယ်။  အဲဒီကိစ္စ  အုတ်အော် သောင်းတင်း  ဖြစ်လာခဲ့ချိန်မှာ ကော်မရှင်က မီဒီယာတွေကိုဖိတ် ခေါ်ပြီး သတင်းစာရှင်းလင်းပွဲတစ် ရပ်ကို ပြုလုပ်ခဲ့ပါတယ်။အဲဒီအခမ်း အနားမှာလည်း ကော်မရှင်ရဲ့ လွဲမှားတဲ့ပြောဆိုချက်၊ ချေပချက် တွေနဲ့ပတ်သက်ပြီး အများပြည်သူ ရဲ့ ဝေဖန်ပြစ်တင်ခြင်းကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။
   လက်ရှိ အခြေအနေမှာ တော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်က မိသားစုဝင်ငါးဦး ကို ဖမ်းဆီးထားပြီး သမီးအကြီး ဖြစ်သူ မသီရိလတ်မှာ စက်တင် ဘာ ၂၃ ရက်အထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အခုဖမ်းဆီးထားသူ များကို ရာဇသတ်ကြီး ဥပဒေပုဒ်မ များ၊ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး ဥပဒေပုဒ်မများနဲ့ အမှု ဖွင့်ထားသလို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနက လည်း ကလေးသူငယ်ပုဒ်မ ၆၆ (ဃ)နဲ့ ထပ်မံ အမှုဖွင့်ထားပါ တယ်။ တာဝန်ပေါ့လျော့ခဲ့တဲ့ ရဲအရာရှိတချို့ကိုလည်း စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ထို့အတူ စက်တင်ဘာ ၂၂ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ် တော် အစည်းအဝေးမှာ ဒေါပုံမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံး ချိုက လူ့အခွင့်အရေး ချိုးဖောက်မှု ကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်မှ အဖွဲ့ဝင် အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းခဲ့ ပါတယ်။ လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ သဘောတူခဲ့တဲ့ အတွက် မကြာတော့မယ့် ကာလအတွင်းမှာ အဲဒီအရေးကြီးအဆိုကို ဆွေးနွေးသွားတော့မှာ ဖြစ်ပါတယ်။
သမ္မတရုံးကလည်း ဒီဖြစ်စဉ် နဲ့ပတ်သက်ပြီး အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း စက် တင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး ကျောက်တံတားမြို့နယ် ရဲစခန်းကတာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်ခဲ့ပုံ အသေးစိတ်အခြေအနေတွေကို တင်ပြဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှု အခြေအနေများကိုလည်းလေ့လာလျက်ရှိပြီး ဖြစ်ပေါ်တိုးတက်မှု  အခြေအနေတွေကို အလေးထားစောင့်ကြည့်လျက် ရှိကြောင်းဖော်ပြ ထားပါတယ်။
အင်းဝအပ်ချုပ်ဆိုင် ဖြစ်စဉ် ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ရဲ တပ်ဖွဲ့ရဲ့ အားနည်းချက်၊ လစ် ဟာချက်၊ ကော်မရှင်ရဲ့ အားနည်း ချက်၊ လစ်ဟာချက်တွေကို ပေါ် ပေါ်ထင်ထင် တွေ့ရှိရမှာဖြစ်သ လို လာဘ်စားတယ်၊ အဂတိတ ရား လိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေလည်း ထွက်ပေါ်  ခဲ့လေတော့ ဒီဖြစ်စဉ်ရဲ့ နောက် ကွယ်မှာ ဘာတွေ ထပ်ရှိနေသေး သလဲဆိုတာကို ပြည်သူက စိတ် ဝင်စားနေပါတယ်။ အစိုးရအနေ နဲ့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုတွေကို လုပ်ဆောင် သွားဖို့ လိုမှာဖြစ်ပါတယ်။
  အချုပ်အားဖြင့် ဆိုရရင် တော့ အင်းဝအပ်ချုပ်ဆိုင် ဖြစ်စဉ် ဟာ တရားဥပဒေ စိုးမိုးရေး၊ အဂ တိတရား ကင်းရှင်းရေးနဲ့ လူ့အခွင့်အရေးဆိုတာတွေကို အလေး ထားတဲ့ ဒီချုပ်အစိုးရအနေနဲ့ မှန် ကန်အဖြေ၊ တိကျတဲ့အဖြေ၊ ပြတ်သားတဲ့အဖြေကို ထုတ်ပေးဖို့  လိုမယ့် ပုစ္ဆာတစ်ပုဒ် ဖြစ်ကြောင်း ပါ။။
7Day

0 comments:

Post a Comment