Saturday, September 24, 2016

UMFCCI ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံခြင်း

ပုံမှန်အားဖြင့် မြန်မာနိုင်ငံသို့ လာသော နိုင်ငံတကာ စီးပွားရေး အသင်းအဖွဲ့တိုင်း ဦးတည် တွေ့ဆုံသည်မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဖြစ်သည်။ အသင်းချုပ် ဥက္ကဋ္ဌမှာ နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံခွင့် သာမက ပြည်တွင်း လုပ်ငန်းများ အပေါ်တွင်လည်း သြဇာ ကြီးမားသည်။ ဒုတိယ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း များစွာ တာဝန်ယူခဲ့သော ဦးဇော်မင်းဝင်းမှာ စက်တင်ဘာ ရွေးကောက်ပွဲပြီးနောက် ဥက္ကဋ္ဌ ဖြစ်လာသည်။ တစ်ချိန်တည်းတွင် မြန်မာ့ စီးပွားရေးအတွက် အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်မည်ဟူသည့် သတင်းစကားများကိုလည်း ကြားရသည်။ ထိုအခါ စီးပွားရေး ပိတ်ဆို့မှုအလွန် မြန်မာ့စီးပွားရေး မျှော်လင့်ချက်၊ UMFCCI အပြောင်းအလဲနှင့် အမေရိကန် ရင်းနှီး မြှုပ်နှံမှုများအကြောင်း ဥက္ကဋ္ဌသစ် ဦးဇော်မင်းဝင်းနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။

Voice : ရွေးကောက်ပွဲ ပြီးပြီဆိုတော့ ဥက္ကဋ္ဌနေရာ အပြောင်းအရွှေ့အတွက် ဘာတွေ လုပ်နေပြီလဲ။ အခြေအနေက ဘယ်ထိ ရောက်ပြီလဲ။
UZMW : အရင်ဆုံး ကျွန်တော်တို့က မလွှဲပြောင်းခင်မှာ ယခင်အမှုဆောင်အဖွဲ့အဟောင်းတွေက နှစ်ပတ်လည် ညီလာခံလုပ်ဖို့ အစည်းအဝေး လုပ်နေတယ်။ အဲဒါ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး လုပ်နေတာပေါ့။ အကုန်လုံး ညှိနှိုင်း ပြီးတဲ့အခါ အောက်တိုဘာလကုန်လောက်ပေါ့ မှန်းထားတယ်။ အများရဲ့ ဆန္ဒပေါ့။ ဘာလို့ဆိုတော့ သင်းဖွဲ့စည်းမျဉ်း အတိုင်းပဲလေ။

Voice : ရွေးကောက်ပွဲ မတိုင်ခင်က ပြောခဲ့တဲ့ သင်းဖွဲ့ စည်းမျဉ်းပြင်မယ် ဆိုတာကိုရော ဘာဆက်လုပ်ဖို့ ရှိလဲ။
UZMW : ခင်ဗျားတို့ ကြားခဲ့သလိုပဲ။ အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်။ ပွင့်လင်း မြင်သာပြီး အားလုံး မဲ ပါဝင် ပေးနိုင်အောင်ပေါ့။ (ကိုယ်စား မဲပေးခွင့် ကိစ္စ) ဒါလည်း စည်းမျဉ်းကို ကျော်တာတော့ မဟုတ်ဘူး။ တချို့ကလည်း သင်းဖွဲ့ စည်းမျဉ်းကို ကျော်တယ် ယူဆတယ်။ တချို့ကလည်း မကျော်ဘူး ပြောတယ်။ ဘယ်လိုဖြစ်ဖြစ် သင်းဖွဲ့ စည်းမျဉ်းမှာ အားနည်းချက်တွေ ရှိတယ်။ အငြင်းပွားမှုတွေ ရှိခဲ့တယ်။ နိုင်ငံတကာ Chamber ဥပဒေတွေကို ကြည့်ပြီး အသင်းသူ၊ အသင်းသားတွေ ညီနောင် အသင်းတွေရဲ့ သဘောထားကိုကြည့်ပြီး လုပ်ရမှာပေါ့။

Voice : သင်းဖွဲ့ စည်းမျဉ်း ပြင်တဲ့ကိစ္စက လာမယ့် အောက်တိုဘာလ အစည်းအဝေးမှာ ပါဝင်လာဖို့ ရှိလား။
UZMW : အဲဒီမှာ ပါမှာ မဟုတ်ဘူး။ သက်သက် ဖိတ်ခေါ်ပြီး စိတ်ဝင်စားတဲ့ အသင်းသူ၊ အသင်းသားတွေ ပါဝင်ပြီး ဆောင်ရွက်ရမှာ။ ဒါက မြန်မြန်ဆန်ဆန် လုပ်လို့ မရဘူး။ အနည်းဆုံး သုံးလေးလလောက် ကြာမယ်။ 
အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာကိုး။ ခြောက်လလည်း ကြာချင် ကြာမယ်။ လာမယ့်ကာလမှာ လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ အဓိက တစ်ချက် အနေနဲ့ပါတယ်။

Voice : UMFCCI ကို တခြားသော လုပ်ငန်းရှင်တွေက ပြောကြတာ ရှိတယ်။ ပြည်ပ လုပ်ငန်းရှင်တွေက လာရောက် ချိတ်ဆက်ကြတဲ့အခါ ဒီကလူတွေက လက်ဦးမှု ယူထားတယ်။ နိုင်ငံခြား ခရီးစဉ်တွေ လက်ဝါးကြီး အုပ်ထားတယ် ဆိုတာမျိုးပေါ့။ ဒီဘက်သက်တမ်းမှာရော အဲဒီလို အသံတွေ မထွက်အောင် ဘယ်လိုလုပ်မလဲ။
UZMW : ဒါကတော့ စွပ်စွဲတယ် ဆိုတာထက် မသိလို့ ပြောတာပဲလို့ အန်ကယ် ပြောချင်တယ်။ လက်ဝါးကြီး အုပ်တယ် ဆိုတာထက် နိုင်ငံခြားက အဖွဲ့အစည်းတွေ လာရင် ဖိတ်ကြားတယ် ဆိုတာ... ပိုပြီးတော့ ချိတ်ဆက်မှု တွေ ရစေချင်တယ်။ အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေကို ပိုပြီးတော့ မြေတောင် မြှောက်ပေးချင်တယ်။ သူတို့လည်း ပိုပါဝင်လာစေဖို့၊ ဆွေးနွေးလာဖို့ ယခင်ကလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မလာနိုင်ခဲ့လို့ ။ မဖိတ်ခံရတဲ့ တချို့ကလည်း ပြောခဲ့တာ ရှိပါတယ်။

Voice : လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေက ဘယ်လိုရှိလဲ။ 
UZMW : လက်ရှိ စီးပွားရေး အခြေအနေက တန့်နေတာပေါ့။ တိုးတက် သင့်သလောက် မတိုးတက်ဘဲ နည်းနည်း နှေးသွားတဲ့ သဘော ရှိတယ်။ အစိုးရသစ် အပြောင်းအလဲလေး ဖြစ်သွားတာကြောင့်လို့ ထင်တယ်။ ခုမှပြန်ပြီးတော့ အရှိန် ယူနေရတဲ့ အချိန်ပေါ့။ နိုင်ငံခြားကရော၊ ဒီကရော စီးပွားရေး ပေါ်လစီ ဘယ်လို ချမှတ်မလဲ ဆိုတဲ့အပိုင်းကို စောင့်နေတာလေးလည်း ပါသွားတာပေါ့။ ဒါကြောင့် စီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်ရမှာ မတိုးတက်ဘဲ ဖြည်းဖြည်းချင်းပဲ သွားနေတာလို့ မြင်ပါတယ်။

Voice : အမေရိကန် စီးပွားရေး ပိတ်ဆို့မှုလည်း လွတ်တော့မယ်။ နိုဝင်ဘာ ၁၃ ရက်ဆို GSP လည်း ရတော့မယ်ဆိုတော့ စီးပွားရေး ပိတ်ဆို့မှုအလွန် မြန်မာ့စီးပွားရေး မျှော်မှန်းချက်လေး ပြောပြပါ။
UZMW : စီးပွားရေး ပိတ်ဆို့မှုကြောင့် အန်ကယ်တို့ (နိုင်ငံ) စီးပွားရေးတွေ သိပ်ပြီးတော့ တိုးတက်မှု မရှိခဲ့ဘူး။ စီးပွားရေး နှောင့်နှေးတယ်။ တခြားနိုင်ငံ (အမေရိကန် မဟုတ်တဲ့ နိုင်ငံ) နဲ့ပဲ လုပ်ရတော့ ဈေးကွက်လည်း ကျဉ်းမြောင်းတယ်။ နောင်ဆို GSP ကို အသုံးချနိုင်ဖို့ ရှိတယ်။ အသုံး ချနိုင်ဖို့ဆို သူတို့နိုင်ငံက သတ်မှတ်တဲ့ စနစ်နဲ့ စံချိန်စံညွှန်း မီအောင် ပစ္စည်းတွေ ထုတ်လုပ်ပေးဖို့ လိုတယ်။ သူတို့ နိုင်ငံကလည်း ကူညီပေးမယ်လို့ ပြောတယ်။ အထူးသဖြင့် ထုတ်လုပ်မှု အပိုင်းမှာ အထည်ချုပ်ဆို အများကြီး အဆင်ပြေမယ်။ အန်ကယ်တို့ နိုင်ငံရဲ့ စီးပွားရေးက ပိုပြီးတော့ တိုးတက်လာမယ် ထင်တယ်။

Voice : အထည်ချုပ်အပြင် မြန်မာ့နိုင်ငံရဲ့ ဘယ်ကဏ္ဍက ပို့ကုန်အတွက် အလားအလာ ရှိလဲ။
UZMW : နောက်ဆို သယံဇာတကို အခြေခံတဲ့ စက်ရုံတွေ အများကြီး ရှိတယ်။ သယံဇာတ၊ သတ္တုနဲ့ ပတ်သက်တာတွေ နောက်ပိုင်း တင်ပို့နိုင်မယ်။ အထူးသဖြင့် မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အခြေခံတဲ့၊ ထုတ်လုပ်တဲ့ တန်ဖိုးမြှင့် ထုတ်ကုန်တွေ လိုအပ်တယ်။ အမေရိကန်လည်း အများကြီး သုံးစွဲတယ်။ မြန်မာပြည်ကလည်း သူတို့ လိုချင်တဲ့ အရည်အသွေးမျိုးကို ထုတ်လုပ်နိုင်ရမယ်။ အထူးသဖြင့် ဂျပန်လို၊ အမေရိကန်လို၊ ဥရောပ နိုင်ငံလိုမျိုး လိုချင်တဲ့ ပုံစံပေါ့။ အန်ကယ် သိသလောက် စားသောက်ကုန်ဆိုတာ တစ်ကမ္ဘာလုံးက စားသုံးကြတော့ သေသေချာချာ ထုတ်လုပ်နိုင်မယ်ဆို ပိုပြီးတော့ အလားအလာ ကောင်းမယ်။

Voice : ပို့ကုန်အတွက်ဆိုရင် အစိုးရရဲ့ စီးပွားရေးမူဝါဒက ဘယ်လိုရှိလဲ။
UZMW : အန်ကယ်သိသလောက် ပြောရင် နိုင်ငံတော်က စီးပွားရေး မူဝါဒ ပေါ်လစီ ၁၂ ချက်ကို ချထားတယ်။ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်မယ်။ နိုင်ငံခြားက တတ်သိ ပညာရှင်တွေကို ဖိတ်ခေါ်မယ်။ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို ချပြမယ်။ ပိုပြီး ပွင့်လင်း မြင်သာပြီးတော့ လုပ်နိုင်တဲ့ အနေအထားတွေကို သူတို့က (အစိုးရက) ဖွင့်ပေးမှာ ဖြစ်တယ်။ နိုင်ငံတကာက မျှော်လင့်နေတယ်။ ဒါမျိုးကို ကြိုဆိုတယ်။ 

အန်ကယ်တို့မှာ လူ့စွမ်းအား အရင်းအမြစ်ဘက်မှာ အားနည်းချက် ရှိတယ်။ ထုတ်လုပ်မှု အပိုင်းမှာ အထူး သဖြင့် Technical အပိုင်းမှာ သက်မွေးပညာနဲ့ ပတ်သက်တဲ့ Training တွေ အများကြီး လုပ်ချင်တယ်။ နောက်ပြီး သူတို့လိုချင်တဲ့ Standard ဘယ်လိုရှိမလဲ။ သူတို့နိုင်ငံကို တင်သွင်းမယ်ဆို ဘယ်လို Procedure နဲ့သွားရမလဲဆိုတာ လုပ်ငန်းရှင်တွေ သိဖို့ လိုတယ်။ အသင်းချုပ်က လုပ်ပေးမယ်။ အထူးသဖြင့် SME to SME မှာ ထောက်ပံ့ပေးဖို့။ ကုန်ပစ္စည်း ထုပ်ပိုးတာက အစပေါ့။ နမူနာ တစ်ခု ပြောမယ်ဆို မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဦးစားပေး လုပ်စေချင်တယ်။ သူ့အတွက် အထောက်အကူပြု ပစ္စည်းတွေ အများကြီး ထုတ်လုပ်နိုင်မယ်ဆိုရင် စီးပွားရေးက တက်လာမယ်။

Voice : လုပ်ငန်းရှင်တွေ ပြောတာက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ လိုအပ်ချက်က ကွက်လပ်ကြီး ဖြစ်နေတယ်။ လက်ရှိအစိုးရရဲ့ SMEs အပေါ် ဖြည့်ဆည်းပေးမှုက ဘယ်လိုလဲ။ စီးပွားရေးပိုင်းကိုရော အစိုးရက အာရုံစိုက်တယ် ထင်လား။
UZMW : ငွေကြေး ရင်းနှီး မြှပ်နှံမှုကတော့ လိုတာပေါ့နော်။ ဒါ့ကြောင့် ယခင်ထက်စာရင်တော့ နည်းနည်းလေးတော့ အားစိုက်ပြီးတော့ လုပ်ငန်းရှင်တွေကို ချေးပေးပြီးတာရှိတယ်။ အသေးစား အလတ်စား အတွက်ဆို ဂျပန်က ပေးတဲ့ Two Step ချေးငွေ ချေးပေးတာ ရှိတယ်။ ဟိုတုန်းကဆိုရင် ချေးတဲ့ ပမာဏက နည်းတယ်။ ချေးတဲ့ ကာလကလည်း တိုတယ်။ အခုက မဟုတ်တော့ဘူး။ အနည်းဆုံး သိန်းငါးထောင်ထိ ချေးမယ်ဆိုတာ တော်တော်လေး ကောင်းပါတယ်။ချေးတဲ့နေရာမှာ တော်တော်လေးကို အလားအလာ ကောင်းတဲ့ စက်မှု လုပ်ငန်းလေးတွေကို အားစိုက်ပြီးတော့ လုပ်သလို စိုက်ပျိုးရေး လုပ်ငန်းကိုလည်း ပိုပြီးတော့ ထုတ်လုပ်နိုင်အောင် ချေးပေးမယ်ဆိုရင် ပိုကောင်းလာမယ်။ နိုင်ငံခြားက ဘဏ်တွေ လာပြီးနောက် ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေကို ချေးငွေ များများ ပေးနိုင်ရင် အများကြီး အဆင်ပြေသွားမယ်။ နောက်တစ်ခုက မြန်မာပြည် အစိုးရအပေါ်မှာ နိုင်ငံတကာက ယုံကြည်မှုနဲ့ အသိအမှတ် ပြုလာပြီဆိုတော့ ကမ္ဘာ့ဘဏ်၊ ADB၊ IMF တို့လို အဖွဲ့အစည်းတွေကလည်း ငွေကြေးဆိုင်ရာ အကူအညီ ပေးနိုင်မယ်ဆိုရင် လိုအပ်နေတဲ့ အခြေခံ အအောက်အဦ အများကြီး တိုးတက်လာမယ်။ ၂ဝ၁၇ နောက်ပိုင်းဆိုရင် အန်ကယ်တို့ စီးပွားရေး ပိုကောင်းလာမယ် ထင်တယ်။

Voice : ဆရာက UMFCCI မှာလည်း လုပ်တာကြာပြီဆိုတော့ အမေရိကန်တွေက ကျွန်တော်တို့ဆီက ဘယ်ကဏ္ဍတွေကို စိတ်ဝင်စားတယ်လို့ ဆရာ ထင်လဲ။
UZMW : ဟိုတုန်းကတည်းက GE တို့၊ ကိုကာကိုလာတို့ လာဆွေးနွေးတယ်။ ကုန်သွယ်မှုမှာလည်း စိတ်ဝင်စားတယ်။ စွမ်းအင်အပိုင်း၊ လျှပ်စစ် ထုတ်လုပ်တဲ့ ကဏ္ဍတွေမှာလည်း သူတို့ လုပ်ချင်တယ်ပေါ့။ တချို့သော ဂျပန်လို၊ ကိုရီးယားလို နိုင်ငံတွေကလည်း မြန်မာ့ခရီး သွားလာရေး လုပ်ငန်းမှာ အားနည်းတာ သိလို့ လုပ်ဖို့ စီစဉ်သေးတယ်။ သီလဝါမှာတော့ ဂျပန်တော်တော်များ ရှိနေပြီ ။ နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု ပေါ်လစီပေါ်မှာ လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ပေးမယ်ဆိုရင်လည်း SEZ တွေမှာ အများကြီး ဝင်ရောက် လုပ်ကိုင်ကြမယ် ထင်တယ်။

Voice : ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ ဒီဘက်မှာက သူတို့နဲ့ ဖက်စပ်လုပ်ဖို့ ဘဏ္ဍာငွေ တောင့်တင်းတဲ့ ကုမ္ပဏီက လက်ရှိမှာ နည်းတယ်။ ဘဏ္ဍာငွေ တောင့်တာက အမည်ပျက်စာရင်း ဝင်နေတဲ့ ကုမ္ပဏီကြီးတွေ။ ဒီအတွက် ပြဿနာ ရှိလား။
UZMW : မှန်တယ် အန်ကယ်တို့က သူတို့နဲ့ ကုမ္ပဏီ တစ်ခုချင်း ယှဉ်ရင် သိပ်အားနည်းတယ်။ ဟိုက ကုမ္ပဏီ လာရင် အန်ကယ်တို့ကလည်း ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီးတော့ အများပိုင် ကုမ္ပဏီ ထောင်ပြီး လုပ်ဖို့ လုပ်ကြဖို့ အားပေးလာတယ်။ ကုမ္ပဏီ တစ်ခုတည်းနဲ့ လုပ်လို့ မရဘူး။ တစ်ခုထဲ လုပ်မယ်ဆို သူတို့ရဲ့ ငွေရေးကြေးရေးကို မမီဘူး။ နောက်တစ်ခုက နည်းပညာပိုင်း ယှဉ်လို့ မရဘူး။ ဈေးကွက်ကို ယှဉ်လို့ မရဘူး။ ဒါ့ကြောင့် အများပိုင် ကုမ္ပဏီ ပြောင်းဖို့ ဆွေးနွေးကြတာ ဖြစ်တယ်။

Voice : Black list စာရင်းမှာ ကျန်ခဲ့တဲ့ သူတွေက မြန်မာ့စီးပွားရေးမှာ တကယ့် အကြီးကြီးတွေ ဖြစ်နေတယ်။ ဒီလူတွေကို Sanction လွှတ်ပေးဖို့ မလွှတ်ပေးဖို့က မြန်မာ့စီးပွားရေးအတွက် ဘယ်လောက် အရေးကြီးလဲ။
UZMW : အရင် Black list ဝင်နေတဲ့ ကုမ္ပဏီကြီးတွေရဲ့ ငွေကြေး ဓန အင်အားက ကျန်တဲ့သူတွေနဲ့ ယှဉ်ရင် တော်တော်လေး ရှိနေတယ်။ သူတို့လည်း နိုင်ငံတော်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ ဝင်လုပ်ရင် ကောင်းမယ်။ သန့်ရှင်းတဲ့ ငွေကြေးဖြစ်ဖို့ လိုတာပေါ့နော်။ ဘာလို့ဆို ငွေကြေး အင်အားက သူတို့ လက်ထဲမှာပဲ ရှိတာကိုး။ ယခင်က ဖြစ်ခဲ့တာတွေ သိပ်မသိဘူး။ သူတို့ကလည်း နိုင်ငံတော်ရဲ့ အကျိုးရှိတဲ့ အလုပ်တွေမှာ လုပ်မယ်ဆို ဖြစ်သင့်ပါတယ်။

Voice : သန့်ရှင်းတဲ့ ငွေကြေးဆိုတာက …။
UZMW : သန့်ရှင်းတဲ့ ငွေကြေး ဆိုတာက။ ဒီလိုလေ သူတို့လည်း ထိုက်သင့်တဲ့ အခွန် ဆောင်ထားတာ ဖြစ်ရမယ်။ ငွေကြေးခဝါချမှု လုပ်မထားတဲ့ဟာတွေပေါ့။

Voice : သူတို့မပါဘဲ မြန်မာစီးပွားရေး ပြန်လည် ထူထောင်ဖို့ ဖြစ်နိုင်ပါ့မလား။
UZMW : မဖြစ်နိုင်ဘူးလို့ မဟုတ်ပါဘူး ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ကလည်း အားပေးနေတာ။ ငွေကြေး အားနည်းနေတယ် ဆိုတာလည်း သိတယ်။ အိမ်နီးချင်း နိုင်ငံတွေကလည်း သူတို့ရဲ့ ငွေကြေးနဲ့ နည်းပညာ ယူလာမှ အဆင်ပြေမယ်။ ထုတ်လုပ်မှု အပိုင်းမှာ အန်ကယ် သိသလောက် ဒီကလူမပါဘဲ လုပ်ရင် ပထမ လေး ငါးနှစ်မှာ အခက်အခဲ ဖြစ်နိုင်ပါတယ်။ လက်တွဲ လုပ်ရမယ်။ ဖက်စပ် ကုမ္ပဏီတွေ အတွက်လည်း အသစ်ထွက်မယ့် ရင်းနှီးမြှုပ်နှံမှု ပေါ်လစီမှာ ပါလာမှာ ဖြစ်တဲ့အတွက် ကောင်းသော အမြင်နဲ့ကြည့်ဖို့ လိုတာပေါ့နော်။

Voice : တရုတ် ရင်းနှီးမြှုပ်နှံသူ အချို့ကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးဆိုပြီး ပြည်တွင်းမှာ ပြောလေ့ ရှိကြတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတွေကို ဖိတ်ခေါ်ဖို့က ဘယ်လောက် အရေးကြီးလဲ။ UMFCCI က ဒီလိုဖိတ်ခေါ်ဖို့ ဘယ်လိုတာဝန်ယူမှာလဲ။
UZMW : တာဝန်ယူမှု တာဝန်ခံမှု အများကြီး အရေးကြီးပါတယ်။ ဘာပြောပြော တရုတ်က ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံ။ ဟိုခေတ်ကာလမှာ ဘယ်သူ့မှ ရင်းနှီးမြှုပ်မှု မလာခင် မှာ သူတို့လုပ်ခဲ့တာ အများကြီး။ တရုတ် ကုမ္ပဏီတွေ အားလုံးကို မဆိုလိုပါဘူး။ ရင်းနှီးမြှုပ်နှံမှုမှာ ပတ်ဝန်းကျင် ထိခိုက်ခဲ့တဲ့ ပြဿနာတွေ ဖြစ်ခဲ့တာ ရှိတယ်။ နောက် မဖြစ်အောင် လုပ်မယ်။ စနစ်တကျနဲ့နောက် ဘယ်သူပဲဖြစ်ဖြစ် ရင်းနှီး မြှုပ်နှံမယ်ဆို ဖိတ်ခေါ်မယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံဖို့အတွက် အစိုးရဘက်က ဆောင်ရွက်နေပြီ ထင်ပါတယ်။ လူတိုင်းကို၊ အားလုံးကို တံခါး ဖွင့်ထားတာ။ ဘယ်အဖွဲ့အစည်းနဲ့မှ လုပ်မယ်ဆိုတာ မရှိဘူး။ အားလုံးနဲ့ အဆင်ပြေအောင် လုပ်မှာ ဖြစ်တဲ့အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမေရိကန်၊ ဥရောပ၊ အာဆီယံနိုင်ငံများနဲ့ အားလုံးက မိတ်ဘက် အဖွဲ့အစည်းအဖြစ် လုပ်ဆောင် သွားမှာပါ။

Voice : နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဥရောပနဲ့ အမေရိကန် ခရီးစဉ် သွားတဲ့အခါ ဒီက စီးပွားရေး လုပ်ငန်းရှင်တွေ ပါတာ မတွေ့ဘူး။ အစိုးရ ဦးဆောင်တဲ့ စီးပွားရေး ဖော်ဆောင်မှုမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်သင့်တယ် မဟုတ်လား။
UZMW : တချို့နိုင်ငံ အကြီးအကဲတွေ နိုင်ငံတကာ သွားတဲ့အခါ သူတို့နဲ့အတူ လုပ်ငန်းရှင်ကြီးတွေ ခေါ်သွားတာ တွေ့တယ်။ အရင်အစိုးရ လက်ထက်ကလည်း ခေါ်သွားတယ်။ ဒီအစိုးရလည်း ခေါ်ဖို့တော့ အစီအစဉ် ရှိမှာပေါ့။ ဒါပေမဲ့ အစိုးရသစ် ဖြစ်တဲ့အခါ သူတို့မှာလည်း အရေးကြီးတဲ့ တခြားကိစ္စတွေ ရှိနိုင်တယ်။ ဦးစား ပေးပြီးတော့ သွားနေတဲ့ အနေအထားလို့ မြင်ပါတယ်။ နောက်ပိုင်းမှာ ကြားသိရတာက စီးပွားရေး လုပ်ငန်းရှင်တွေလည်း ခေါ်သွားဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ကြားရတယ်။ မကြာမီ ခရီးစဉ်တွေမှာ ဒီက လုပ်နိုင်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သမာသမတ်ကျတဲ့ အဖွဲ့အစည်းတွေကို ခေါ်သွားရင် ဖြစ်သင့် ဖြစ်ထိုက်မယ်လို့ ထင်ပါတယ်။ ခေါ်မယ်လို့လည်း ယုံကြည်ပါတယ်။

Voice : သမာသမတ်ကျတဲ့ လုပ်ငန်းရှင်ဆိုတာ နည်းနည်းရှင်းပြပါ။
UZMW : အန်ကယ်တို့ အဖွဲ့အစည်းကလည်း ယခင်တုန်းကတော့ ပြောဆိုနေကြတာ အမျိုးမျိုး ကြားနေရတာပဲ။ အခုတော့ တကယ့် လုပ်နိုင်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်ကို ပြောတာ။ သမာသမတ်ကျတယ် ဆိုတာထက် လုပ်နိုင်ရမယ်။ ကိုယ့်အကျိုးရော တိုင်းပြည်အကျိုးရော အတ္တနဲ့ပရ မျှရမယ်။ ကိုယ့်အတွက်ပဲ အကျိုးရှိလို့ မရဘူး။ နိုင်ငံအတွက်လည်း အကျိုးရှိမှ ဒါကို ပြောတာပါ။

Voice : မကြာခင် SDN စာရင်းကို ပယ်ဖျက်ပေးမယ် ပြောတယ်။ အဲဒီ စာရင်းထဲက ပယ်ဖျက် ပေးခံရမယ့်သူကို ပြောပါဆိုရင် ဘယ်သူ့ကို ပြေးမြင်လဲ။
UZMW : အဲဒီကိစ္စတော့ အန်ကယ် မပြောတတ်ဘူး။ ဒါက သူတို့လည်း အများကြီး စဉ်းစားမှာပေါ့လေ။ လွှတ်ပေးမယ့် အမေရိကန်က ပိုသိမှာပေါ့။ အန်ကယ်တို့က မျှော်မှန်းဖို့ ခက်ပါတယ်။ တော်တော်များများလည်း နားလည်မှု ပေးပြီး လွှတ်သင့် လွှတ်ထိုက်သူကို လွှတ်မယ်လို့ ဒီလိုပဲ ပြောပါရစေ။ မသိနိုင်ပါဘူး။

Voice : UMFCCI ဥက္ကဋ္ဌအသစ် အနေနဲ့ အသင်းသားတွေ၊ ပြည်သူတွေအပေါ် ဘာပြောချင်ပါလဲ။
UZMW : အသင်းချုပ် အနေနဲ့ကတော့ နိုင်ငံရဲ့ အားကိုး အားထားပြုရတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေကို သူတို့ရဲ့ လိုအပ်ချက်တွေကို အန်ကယ်တို့ အနေနဲ့ တတ်နိုင်သလောက် ပံ့ပိုးပေးမှာပါ။ အထူးသဖြင့် ငွေဆိုလည်း ချေးငွေ၊ နည်းပညာ ဆိုလည်း နိုင်ငံခြားလာတဲ့ အဖွဲ့တွေ၊ ပါတနာ ဆောင်ရွက်နေတဲ့ NGO တွေ၊ လက်ရှိလည်း ဆောင်ရွက်နေတဲ့ ဂျပန်၊ ကိုရီးယား စသည့်ဖြင့် ကူညီနေပါတယ်။ အရေးကြီးတဲ့ ဈေးကွက်လည်း ရအောင် လုပ်ပေးသွားဖို့ ရှိပါတယ်။

ရဲနိုင်ဦး

The Voice

0 comments:

Post a Comment