မြန်မာနိုင်ငံသို့ ၂ဝဝဝ ပြည့်နှစ်ခန့်က စတင် ဝင်ရောက်ခဲ့ပြီး မှေးမှိန်ပျောက်ကွယ် သွားခဲ့ရာမှ ၂ဝ၁၅ နှောင်းပိုင်းမှ စတင်၍ Multi-level Marketing (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) ကုမ္ပဏီများ ပြန်လည်ပေါ်ထွက် လာခဲ့သည်။ တရားမဝင်ဟု စီးပွားရေး ကျွမ်းကျင် ပညာရှင်များက ပြောဆိုနေသည့် ထို Multi-level Marketing ကုမ္ပဏီများ၏ လုပ်ကိုင်ပုံ စနစ်များ၊ ထိုကုမ္ပဏီများကြောင့် ထိခိုက်ရပုံနှင့် ထိုကုမ္ပဏီများ၏ ဈေးကွက် ဝင်ရောက် လာပုံများကို သိရှိနိုင်စေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များကို The Voice က ကောက်နုတ်ဖော်ပြ လိုက်ပါသည်။
“MLM က ဘာကောင်းကျိုးမှ မရှိဘူး။ ဆိုးကျိုးတွေပဲ ရှိတယ်။ ရှင်းရှင်းပြောရရင် လူတွေကို လိုက်လိမ်နေတာ”
“ကုမ္ပဏီ မှတ်ပုံတင်ပြီးရင် ကုမ္ပဏီမှာ ဘာလုပ်ငန်းတွေ လုပ်တယ် ဆိုတာ ပါရတယ်”
ဦးမြင့်သွင် (တရားလွှတ်တော်ရှေ့နေ)
နံပါတ်တစ်က ကုမ္ပဏီ ဆိုလို့ရှိရင် ကုမ္ပဏီ မှတ်ပုံတင်ရမယ်။ ကုမ္ပဏီ မှတ်ပုံတင်ပြီးရင် ကုမ္ပဏီမှာ ဘာလုပ်ငန်းတွေ လုပ်တယ် ဆိုတာ ပါရတယ်။ အဲ့ကုမ္ပဏီက ဘာလုပ်တယ် ဆိုတာ သူ့ရဲ့ လုပ်ကွက်ကို ယူရတယ်။ လုပ်ကွက်ကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လျှောက်ရတယ်။ လျှောက်ပြီးရင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရကနေပြီးတော့ လုပ်ကွက် ပေးရတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးက လုပ်ကွက် ပေးမှ သူက လုပ်ခွင့်ရှိတာ ရှိသလို၊ သူ့ကုမ္ပဏီ အနေနဲ့လည်း လုပ်ကွက် လျှောက်လို့ ရပါတယ်။ ဒါပေမဲ့ သူ့လုပ်ကွက် လျှောက်ထားတာနဲ့ လုပ်နေတာနဲ့ မတူလို့တော့ မရဘူး။ ဥပမာ- ဓာတ်သတ္တုတူးတဲ့ ကုမ္ပဏီက ကျောက်မျက်တူးလို့ မရဘူးပေါ့နော်။ ဒီကုမ္ပဏီတွေကတော့ လုပ်ငန်းလိုင်စင် လျှောက်စရာ မလိုဘူးပေါ့နော်။
Member စုဆောင်းတာတွေကြောင့် တစ် ယောက်ယောက်ကို ထိခိုက်စေခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေမှာကတော့ အလုပ်ရှင် အလုပ်သမားတွေက သတ်သတ် ဥပဒေတွေ ရှိပါတယ်။ နောက်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ သတ်သတ် ရှိတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်မှာလည်း သက်ဆိုင်ရာ အလုပ်သမား ဥပဒေရုံးကို သုံးလို့ ရပါတယ်။ မဟုတ်တာတွေရော၊ ဟုတ်တာတွေရော ပြောပြီး Member စုဆောင်းတာတွေ လုပ်တယ် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅ ဈေးကွက်စီးပွားရေးမှာ လွတ်လပ်တယ် ဆိုပေမယ့် စံချိန်စံညွှန်း မကိုက်ညီတဲ့ အတုအပ လုပ်တဲ့ ထိခိုက်မှု ကတော့ သက်ဆိုင်ရာ ဥပဒေတွေ ရှိသေးတာပေါ့နော်။ စားသောက်ကုန်နဲ့ ပတ်သက်ရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနက တရားစွဲလို့ ရတယ်။ နောက် အတုအပနဲ့ ပတ်သက်ပြီးတော့လည်း အကောက်ခွန် ဌာနက တရားစွဲလို့ ရပါတယ်။ သူ့ဥပဒေနဲ့သူ သီးသန့် ရှိပါတယ်။ သူဘာကို အတုအပ လုပ်လဲ။ နစ်နာမှုရှိအောင် ဘာလုပ်လဲ။ စံချိန်စံညွှန်း မပြည့်မီအောင် ဘာလုပ်လဲပေါ်မှာ မူတည်ပြီးတော့မှ သက်ဆိုင်ရာ ဥပဒေတွေ ရှိတယ်။ တကယ်လို့ အဲ့ဒီဥပဒေတွေမှ မဟုတ်ရင် သူ ကျူးလွန်တာက ထိခိုက်တာ ပြစ်မှုနဲ့ ကျူးလွန်တာ ဆိုလို့ ရှိရင်လည်း ရာဇသတ်ကြီး ထဲမှာလည်း သူတို့ အတုအပ လုပ်တာနဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ အရေးယူ လို့ရပါတယ်။ ဥပဒေနဲ့အညီ မဟုတ်ဘူးဆိုရင်တော့ လုပ်ခွင့် မရှိဘူး။ ဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ စံချိန်စံညွှန်း မကိုက်ညီရင် တည်ဆဲဥပဒေတွေ မလိုက်နာရင်တော့ သူတို့လုပ်ခွင့် မရှိဘူး။ ဥပဒေအရ အရေးယူလို့ ရပါတယ်။
“အကန့်အသတ်တွေ ဥပဒေတွေနဲ့မှ လုပ်ကိုင်ခွင့် ပြုသင့်တယ်”
ဦးဇင်ဇေလွင် ( မြန်မာ့အိပ်မက် - လူငယ် တိုးတက်ရေး မဂ္ဂဇင်း တည်ထောင်သူ)
“တစ်ယောက် ငါးသောင်းဖိုး ဝယ်မယ်ဆိုရင် လူဆယ်ယောက်ဆိုရင် ငါးသိန်း ဖြစ်သွားပြီလေ”
ဒေါ်ခင်လပြည့်ဝင်း (ကျွမ်းကျင်သူ တစ်ဦး)
ပြောရရင်တော့ အများကြီးပါပဲ။ Personal အရတော့ အစ်မကတော့ သဘော မကျဘူး။ အစ်မကတော့ သင်္ချာသမား ဖြစ်တဲ့အတွက် သင်္ချာလိုပဲ တွေးပါတယ်။ ရှင်းရှင်းလင်းလင်း ပါပဲ။ ၁ဝ တန်ပစ္စည်းကို ၁၁ ကျပ်နဲ့ ရောင်းရင် ဘယ်သူ့ကိုမှ ခွဲမပေးနိုင်ဘူး။ ၁ဝ တန် ပစ္စည်း တစ်ခုကို ၁ဝဝ နဲ့ ရောင်းမယ်ဆိုရင်တော့ ဆင်သတ်ပြီး အရပ်ဝေလို့ ရတာပေါ့။ အများကြီး ပေးလို့ ရတယ်လေ။ သူတို့တွေ (MLM)က အမြတ်တွေ အများကြီး ယူတယ်။ အမြတ်တွေ အများကြီး ယူတာကို သူတို့တွေက ဘာပြောလဲဆိုတော့ သူတို့ပစ္စည်းတွေက Herbal (သဘာဝဆေးဖက်ဝင်)တွေပေါ့နော်။ ဒါကြောင့်မို့ ဈေးကြီးတယ်ပေါ့။ အစ်မ ပြောချင်တာက အစ်မတို့ နိုင်ငံမှာလည်း Herbal တွေ ရှိတာပဲ။ Fame က ထုတ်တဲ့ ဆေးတွေဆိုလည်း အကုန်လုံးက Herbal တွေပဲလေ။ (ကျပ်) ၃ဝဝဝ လောက်ပဲ ရောင်းတယ်။ အများဆုံးမှ ၆ဝဝဝ လောက်ပဲ ရှိတယ်လေ။ ဆေးတွေက တကယ့်ကို Australia နိုင်ငံက အသိအမှတ်ပြု တံဆိပ်တွေလည်း Cost တွေ မကုန်တဲ့အခါကျတော့ ဒီလိုမျိုးအမြတ်တွေကို ပေးနိုင်တာပါပေါ့။ ဒီအမြတ်တွေက ဘယ် Owner မှလည်း အိတ်ထဲက စိုက်မပေးဘူး။ ၁ဝ တန်ပစ္စည်း တစ်ခုကို ၁ဝဝ နဲ့ ရောင်းလို့ ၉ဝ မြတ်ရင် သူတို့က ၅ဝ ယူမယ်။ ကျန်တဲ့ ၄ဝ ကို အောက်က လူတွေကို ခွဲပေးမယ်။ မမြတ်ဘဲနဲ့တော့ Owner က အိတ်ထဲက စိုက် ပေးမယ်လို့တော့ လုံးဝ ထုံးစံ မရှိဘူး။ ဒါကို နားမလည်တဲ့ သူတွေကတော့ ဗြုန်းခနဲ ဆိုရင်တော့ ဒါကို နားယောင်ကြတယ်။ နားယောင်ပြီးတော့ ဒါကို ဟုတ်နိုးနိုး၊ မြတ်နိုးနိုး၊ တစ်ချိန်ကျရင် ရနိုးနိုးနဲ့ နိုးနိုးပေါင်း များစွာနဲ့ လုပ်နေကျတာပေါ့။ ဒါပေမဲ့ နိုးနိုးကြားမှာပဲ နစ်သွားတဲ့ သူတွေလည်း အများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်အချက်က Bonus ကို ရဖို့အတွက်ကို အမှတ်ကို ထိန်းရတယ်။ အမှတ်ကို ရဖို့အတွက်ကို ဥပမာ တစ်လကို (ကျပ်) ငါးသောင်းလား ရှစ်သောင်းဖိုးလား မသိဘူး သူတို့ ပစ္စည်းကို ဝယ်ရတယ်။ အဲ့လို မဝယ်ရင် Bonus မပေးဘူး။ ရှစ်သောင်းဖိုးမှ မဝယ်နိုင်ရင် Bonus ရဖို့ မစဉ်းစားနဲ့တော့။ အဲ့ဒီလို မဝယ်ထားလို့ရှိရင် (ကျပ်) သိန်းတစ်ရာဖိုးလောက် ရောင်းရလည်း ဒီ Bonus ထဲကို မဝင်ဘူး။ ဘယ်လိုခေါ်မလဲ ဒီမှာ ဝယ်ကိုဝယ်ရမယ်။ အဲ့တော့ တစ်ယောက် ငါးသောင်းဖိုးဝယ်မယ်ဆိုရင် လူဆယ်ယောက်ဆိုရင် ငါးသိန်းဖြစ်သွားပြီလေ။ Bonus ရချင်း၊ မရချင်းက ဒုတိယအပိုင်းပဲ။ အဓိက ကတော့ သူတို့ရဲ့ ရောင်းအားကတော့ ရောင်းနေရတာပဲလေ။ ကျန်တဲ့လူ အမြတ်ရတာ မရတာက တစ်ပိုင်းပဲ။
သူတို့ (MLM)တွေက များသောအားဖြင့် နယ်က လူတွေကို Focus ထားပြီးတော့ လုပ်ကြတယ်။ နယ်က လူတွေကျတော့ ပွဲလမ်းသဘင်လည်း ဘယ်မှ မသွားဖူးဘူး။ သူတို့တွေက Dinner တို့ ဘာပွဲ၊ ညာပွဲပေါ့။ ဒီလို စည်းရုံးကျတာပေါ့။ နယ်ကလူတွေဆိုတော့ ဒီလိုပွဲမျိုးတွေ မတက်ဖူးတော့ သာယာသွားကြတာ။ ဒီလိုပွဲလမ်းသဘင်တွေမှာပဲ ဘယ်သူတွေကတော့ Diamond Crown ရနေတာ။ ဘယ်သူ့ကို ဂုဏ်ပြု ပါတယ်ပေါ့။ ဘယ်သူကတော့ ဘယ်လောက် အများကြီး ရသွားတာဆိုပြီး လုပ်ကြတယ်။ မသိတဲ့ လူတွေက ဒါတွေကို မက်တာပေါ့။ ကိုယ့်အိတ်ထဲက ကုန်သွားတဲ့ဟာတွေကို မကြည့်တော့ဘူး။
MLM တွေရဲ့ ရောင်းနေတဲ့ ဆေးပစ္စည်း အကြောင်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက် ရှိလားလို့ မေးကြည့်တော့ သွင်းကုန် လိုင်စင်ရှိတယ်လို့ ပြန်ဖြေတယ်။ သွင်းကုန်လိုင်စင်ဆိုတာ ဆေးဝါး ထောက်ခံချက်နဲ့မှ မတူတာ။ နားလှည့်ပြီး ပါးရိုက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ပြောချင်တာက သွင်းကုန် လိုင်စင် ဆိုတာကတော့ နိုင်ငံခြားက သွင်းလာချင်တဲ့ ပစ္စည်းတွေကို သွင်းခွင့်ပေးမှာပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးကနေ ပြီးတော့ Agree လုပ်ထားတာ ရှိ၊ မရှိလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ သူတို့တွေ မယူထား၊ မရထားဘူးလို့ပဲ ကြားပါတယ်။ တရုတ်မှာတောင် ဒါတွေက ပြည်သူလူထု အကျိုး မရှိတဲ့အတွက် ပိတ်နေပြီလို့ ကြားတဲ့အချိန်မှာ ဒီမှာကစပြီး ဖွံ့ဖြိုးလာတဲ့ အခါကျတော့ ဒါကြီးနောက်ကို တော်တော်များများက လိုက်နေကျတယ်။ ကြာတဲ့ အခါမှ လူတွေက ဘာမှလည်း အရင်းမစိုက်ရဘဲနဲ့ အမြတ်ရတယ်ဆိုတဲ့ဟာကိုပဲ မြင်နေကြတယ်။
ဟိန်းမြတ်စိုး၊ အောင်သီဟ
The Voice
0 comments:
Post a Comment