Sunday, September 25, 2016

အခက်စုံမဲ့ပင်လုံ

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ‘ရင်လေးဖွယ်ပင်လုံ’ အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ အခုနောက်ဆက်တွဲ တွေ့ရှိချက်အချို့နဲ့ အမြင်အချို့ကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဟာ ၂၁ ရာစုဆိုတဲ့ အမည်အတိုင်း ခေတ်တစ်ခုရဲ့ နောက်ဆုံး သုံးသပ်ချက်အမြင်များအဖြစ် ထူးခြားကွဲပြားစွာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ယေဘုယျ ခြုံကြည့်ရင် အဖွဲ့အသီးသီးဟာ အမြင့်ဆုံးသော တောင်းဆိုချက်တွေနဲ့စပြီး ဈေးဖွင့်ခဲ့ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ သမိုင်းခေတ် အခြေအနေဟာ လွတ်လပ်ရေး တောင်းဆိုတဲ့ ကာလမျိုး သို့မဟုတ် ပြည်ပအန္တရာယ် အလွန်နီးကပ်နေတဲ့ အချိန်မျိုးနဲ့ မဖြစ်မနေ အလျင်အမြန် ဆုံးဖြတ်ရမယ့် အခြေအနေသာဆိုရင် အကျဉ်းအကျပ် တွေ့သွားနိုင်တဲ့ အခြေအနေပါ။ ပထမပင်လုံမှာ ဒီအခြေအနေမျိုးကို ကြုံခဲ့ရတာ ဖြစ်တယ်။  အောင်ဆန်းအက်တလီ စာချုပ်ဟာ လွတ်လပ်ရေးနဲ့ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးအတွက် အခြေခံအချက်တွေ ပါဝင်ခဲ့တာ ဖြစ်တယ်။ 

နောက်ပိုင်းဖြစ်ရပ်များ ဖြစ်တဲ့ ပင်လုံစာချုပ်၊ ရီးစ်ဝီလျံကော်မရှင် စတာတွေဟာ အောင်ဆန်းအက်တလီ စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်တာ ဖြစ်ပြီး နောက်ပိုင်း တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူတာနဲ့ ၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတာတွေကလည်း ပင်လုံစာချုပ်အပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလွန်တိုတောင်းတဲ့ အချိန်အတွင်း ဖြစ်ပျက်ခဲ့တာကို တွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပင်လုံစာချုပ်ဟာ အလွန်မွန်မြတ်တဲ့ တောင်တန်းမြေပြန့် ပူးပေါင်းပြီး လွတ်လပ်ရေး အရယူမယ် ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျူးနိုင်ခဲ့ပေမယ့် ၄၇ အခြေခံဥပဒေပါ နိုင်ငံတည်ဆောက်ရေးမှာတော့ အားလုံး သူမနာ၊ ကိုယ်မနာဆိုတဲ့ ပုံစံမျိုး မရခဲ့တာ အသေအချာပါပဲ။

အခုညီလာခံမှာ တင်သွင်းကြတဲ့ အဖွဲ့အသီးသီးရဲ့ စာတမ်းများနဲ့ မိန့်ခွန်းပေါင်း ၆၀ ကျော်ကို လေ့လာရာမှာ အတိတ်က ကြီးကျယ်မြင့်မြတ်ခဲ့တဲ့ သမိုင်းကြောင်းများကို ဖော်ထုတ်ချက်တွေနဲ့ အတိတ်က အနာတွေကို ပြန်လည်ဖော်ထုတ်ချက်တွေကိုလည်း တွေ့ရတာ ဖြစ်တယ်။ အတိတ်သမိုင်းကြောင်းများကို လိုအပ်တာထက် ပိုမိုဖော်ထုတ် ခံစားခြင်းဟာ အနာဂတ်ကို မျှော်ကြည့်ရေးအတွက် အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လိုအပ်သလောက်ကို ပြန်လည်သုံးသပ်ခြင်းကတော့ အတိတ်ရဲ့ သင်ခန်းစာကိုယူပြီး အနာဂတ်မှာ အကျိုးရှိအောင် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အတိတ်ကာလ ကြီးကျယ်မြင့်မြတ်ခဲ့ပုံကို ‘ဝ’ အဖွဲ့ရဲ့ တင်ပြချက်များ ဓာတ်ပုံများနဲ့တကွ တွေ့ရတာ ဖြစ်တယ်။ ထိုင်းနိုင်ငံထဲရှိ ‘ဝ’ ဘုရင် နန်းစိုက်ရာ သူ့ရဲ့သမီးတော်ရုပ်တု၊ ကျိုင်းတုံဟာ ‘ဝ’ ရဲ့ မြို့တော်ဖြစ်ပုံ၊ အမှတ်အသားများနဲ့တကွ တင်ပြထားတာ ဖြစ်တယ်။ ကိုးကားစာတမ်းတွေကလည်း ဒေါက်တာသန်းထွန်း G.E ဟာ ဗေးဆာဂျေဂျော့စကော့၊ တင်မောင်ရင် အပါအဝင် သမိုင်းပညာရှင်များရဲ့ အဆိုတွေနဲ့တကွ ဖော်ပြတာ တွေ့ရတယ်။ ထိုထိုသော အကြောင်းအရာ အချက်များကြောင့် ‘ဝ’ နယ် ဖွဲ့စည်းရေးအတွက် နယ်မြေသတ်မှတ်ရာမှာ လက်ရ ခြောက်မြို့နယ်သာမက ကျိုင်းတုံနဲ့ တောင်ပိုင်းက ၁၀ မြို့နယ်ပါ ပါဝင်သွားတာပါ။ ဒီလိုနယ်မြေပိုင်းခြားပုံအရဆိုရင် တရုတ်နယ်စပ်၊ ရွှေတြိဂံနဲ့ ထိုင်းနယ်စပ်တွေအထိ ဖြန့်ကြက်ထားတဲ့ နယ်မြေတစ်ခုအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စမှာလည်း သမိုင်းကြောင်းတွေကတော့ ရှိပါတယ်။ ထိုင်းနယ်စပ် လွယ်လန်းဒေသက တောင်ကုန်းနှစ်ကုန်းကို ‘ဝ’ တပ်တွေဟာ ဗကပ လက်ထက် ၁၉၈၆-၈၇ လောက်ကတည်းက ဘိန်းလမ်းကြောင်း ဖွင့်ဖို့အတွက် ခွန်ဆာတပ်ဖွဲ့များထံက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ နောက်နှစ် အကြာကြီးနေမှ ခွန်ဆာတပ်တွေက အစိုးရစခန်းကုန်း ခုနစ်ကုန်းလောက်ကို အလစ်အငိုက် ဝင်တိုက်ခဲ့တာပါ။ ထိုင်းဘက်ကလည်း မီးမောင်းတွေထိုးပေးပြီး ပစ်ကူပေးခဲ့တယ်လို့ ထိုစဉ်က သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒါက ၂၀၀၁-၂၀၀၂ လောက်ကပါ။ နောက် ဒီကျဆုံးသွားတဲ့ တောင်ကုန်းတွေကို ‘ဝ’ တပ်တွေ အကူအညီနဲ့ ပြန်လည်သိမ်းပိုက်ခဲ့ရတာကြောင့် အဲဒီဒေသမှာ ‘ဝ’ တွေကို အခြေချနေထိုင်ခွင့် ပေးခဲ့ရာက ‘ဝ’ နယ် တောင်ပိုင်းဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ဒီဒေသတွေ တည်ဆောက်ဖို့အတွက် အဓိက ငွေရေးကြေးရေး ပါဝင်တဲ့ သူတွေကတော့ အမေရိကန်က ဖမ်းဝရမ်းထုတ်ထားတဲ့ ‘ဝေ့ညီအစ်ကို’ များလို့လည်း သတင်းများက ဆိုတာ ဖြစ်ပါတယ်။ မည်သို့ဆိုစေ အခုအခါမှာတော့ ဒီနယ်မြေတွေ အားလုံးကို ‘ဝ’ တပ်ဖွဲ့က ‘ဝ’ ပြည်နယ်အဖြစ် တရားဝင် တောင်းဆိုလာပါပြီ။

‘ဝ’ နယ် အတွေ့အကြုံလို အနီးခေတ် အဖြစ်အပျက်ရော၊ ပင်လုံကာလနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ချီတဲ့ ကိစ္စများလောက် မဟုတ်ပေမယ့် သမိုင်းကြောင်းကို ပြန်လှန်ရတဲ့ စာတမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီစာတမ်းတွေထဲမှာ ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ တင်ပြချက်လည်း ပါဝင်ပါတယ်။ သူတို့တင်ပြချက်မှာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ ၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲချိန် ကာလလောက်အထိ ရှမ်းနီများရဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံမှာ နစ်နာခဲ့ရမှုများကို ခိုင်မာတဲ့ အထောက်အထားတွေနဲ့ တင်ပြသွားတာ ဖြစ်တယ်။ ဒီအဖြစ်အပျက်တွေရဲ့ နောက်ခံကို ပိုမိုပြည့်စုံစွာ သိချင်ရင် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုရန်သွားတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အင်္ဂလိပ်အစိုးရကို တင်ပြတဲ့ အစီရင်ခံစာမှာ ကြည့်ရင် သိနိုင်ပါတယ်။ ဒီအစီရင်ခံစာမှာ တောင်တန်းဒေသ ဝန်ထောက် စတီဗင်ဆင်ရဲ့ ခြေရှုပ်မှုတွေကို ဖော်ပြထားတာ ဖြစ်တယ်။ 

ဒါ့အပြင် ၂၀၁၄ ခုလောက်က လားရှိုးတစ်ဝိုက်က ရှေ့မီနောက်မီ ကချင်ပညာတတ်များ ပြုစုတဲ့ ‘မုန်းမြိတ်ဆင်လီ’ ဆိုတဲ့ စာအုပ်မှာလည်း ရှမ်းမြောက်မှာရှိတဲ့ ကချင်များက ပြည်နယ်တောင်းဆိုဖို့ လုပ်ရာမှာ စတီဗင်ဆင်က တားခဲ့ကြောင်း၊ ရှမ်းမြောက်မှာ ပြည်နယ်တောင်းရင် ကချင်ပြည်နယ် ဖွဲ့စည်းရေးမှာ မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်ထဲက ရှမ်းနီတွေ နေထိုင်တဲ့ မြေပြန့်ဒေသတွေကို ကချင်ပြည်နယ်ထဲ ထည့်သွင်းရေး လုပ်ဆောင်နေတဲ့ အစီအစဉ်တွေ ပျက်သွားနိုင်တဲ့အတွက် ရှမ်းမြောက်ကချင်များဟာ ရှမ်းပြည်နယ်ထဲမှာပဲ Sub state အနေနဲ့ နေသင့်ကြောင်းပြောလို့ ရှမ်းမြောက်ကချင်များက ပြည်နယ်မတောင်းဆိုတော့တာလို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒါတွေကတော့ သမိုင်းတွေပါ။ လိုအပ်သလောက်ပဲ လှန်ကြည့်သင့်တဲ့ သမိုင်းများ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေကနေ ရနိုင်တဲ့ သင်ခန်းစာကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်နယ်တစ်ခုအတွက် သို့မဟုတ် လူမျိုးတစ်မျိုးအတွက် အခြားဘယ်လူမျိုးကိုမှ မနစ်နာစေသင့်ဘူး ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။

ပထမပင်လုံအပြီး ပေါ်ထွက်လာတဲ့ အကြီးဆုံး ပြဿနာက ပြည်ထောင်စုအတွင်း ပါဝင်မယ့် အခြေခံယူနစ်တွေဖြစ်တဲ့ ပြည်နယ်တွေကို ဘယ်လို ခွဲခြားသတ်မှတ်ကြမလဲ ဆိုတဲ့ ပြဿနာပါ။ လူမျိုးအခြေခံ ခွဲခြားမှာလား၊ နယ်မြေအခြေခံ ခွဲခြားမှာလား ဆိုတာပါပဲ။ သို့မဟုတ် နှစ်မျိုးရောစပ် သတ်မှတ်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အမေရိကန်ပုံစံကတော့ နယ်မြေအခြေခံပြီး ပြည်နယ်တွေ ခွဲခြားသတ်မှတ်ခဲ့တာ ဖြစ်ပြီး အိန္ဒိယပုံစံကတော့ နှစ်မျိုးရောစပ် သတ်မှတ်ခဲ့တာ ဖြစ်တယ်။ လူမျိုးများအလိုက် ခွဲထားတဲ့ ပြည်နယ်အများအပြား ပေါင်းစုထားတဲ့ ဖက်ဒရယ် ပုံစံကတော့ ကမ္ဘာမှာ မရှိသေးတဲ့ပုံစံ ဖြစ်ပါတယ်။ 

လူများစုဖြစ်တဲ့ လူမျိုးရဲ့ လွှမ်းမိုးမှုကို ကာကွယ်တားဆီးရာမှာ ပြည်နယ်များ ခွဲခြားဖို့ စဉ်းစားရုံနဲ့ ရနိုင်မှာလား၊ အခြားသော အကာအကွယ်ပေးမယ့် အင်စတီကျူးရှင်းများက အဖြေလား ဆိုတာလည်း ကွဲပြားအောင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အဖွဲ့အသီးသီးရဲ့ တင်ပြချက်များမှာ ပါတီငယ်များရဲ့ ထူးခြားတဲ့ တင်ပြချက်များလည်း တွေ့ရတာ ဖြစ်တယ်။

လီဆူးအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး (ဒူးလေး) ပါတီရဲ့ တင်ပြချက်မှာ ဖက်ဒရယ်စနစ်နဲ့ တည်ထောင်သွားမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များကို လူမျိုးအမည်နာမများဖြင့် မဖွဲ့စည်းဘဲ ပထဝီ ဒေသန္တရ အမည်များ အခြေခံပြီး ခေါ်ဆိုသင့်ကြောင်း၊ သို့မှသာ လူမျိုးရေးခွဲခြားမှု၊ လူမျိုးရေး မုန်းတီးမှုများ ပပျောက်သွားမှာ ဖြစ်ကြောင်း၊ လူမျိုးနာမည်များဖြင့် ဆက်လက်ဖွဲ့စည်း ထားရှိပါက ပြည်နယ်တွင်းရှိ လူမျိုးအသီးသီးက ပြည်နယ်သစ်များ တောင်းဆိုလာမှာ ဖြစ်တဲ့အတွက် အမိမြန်မာနိုင်ငံတော်ကြီးမှာ ပြည်နယ်လေးများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း တင်ပြသွားတာ ဖြစ်တယ်။ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီမှ ဖတ်ကြားတင်သွင်းတဲ့ စာတမ်းမှာတော့ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများ၏ အကျိုးစီးပွားများအပြင် မြေပြန့်နေ ဗမာတိုင်းရင်းသား ညီအစ်ကိုများ၏ အကျိုးများကိုပါ အလေးထား ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဥပမာအားဖြင့် အခြေခံလူတန်းစားများ၏ အကျိုးကို လျစ်လျူရှုမိခဲ့သဖြင့် ၈၈ ကဲ့သို့ အရေးအခင်းမျိုး ထပ်မံဖြစ်ပွားပါက လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်ကြောင်း ထူးခြားစွာ တင်ပြထားတာ တွေ့ရပါတယ်။

ခြုံကြည့်ရင်တော့ တင်ပြချက်အားလုံးဟာ မြန်မာပြည်ရှိ ပြဿနာနှင့် ပဋိပက္ခပေါင်းစုံကို ထင်ဟပ်နေတာ ဖြစ်တယ်လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ နယ်မြေခွဲခြားရေး၊ အင်စတီကျူးရှင်းများ တည်ဆောက်ရေး၊  ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ လူမှုတရားမျှတရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြဿနာများအထိ အလုံးစုံ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြေရှင်းကြရာမှာလည်း အလုံးစုံကို ခြုံငုံပြီး ရှေ့တစ်ဆင့် တက်နိုင်တဲ့ ပုံစံမျိုးကိုပဲ အရင်စဉ်းစားသင့်ကြတာ ဖြစ်ပါတယ်။ ဘယ်နယ်ပယ်များမှာမဆို အမြင့်ဆုံး တောင်းဆိုချက်များဟာလည်း လက်တွေ့ဖြစ်နိုင်ဖွယ် မရှိကြောင်း တွေ့မြင်ရတာ ဖြစ်ပါတယ်။ 

ဘမောင်ညို
The Voice

0 comments:

Post a Comment