Tuesday, September 27, 2016

အနှိမ်ခံ အိမ်ဖော်များဘဝ

(CNN) မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှား အိမ်ဖော်မလေး ဆူမာစရီ (ရေနွေးပူဖြင့် အလောင်းခံရပြီး နှိပ်စက်ခံထားရသည်)

လူ့အခွင့်အရေး ထောက်ခံအားပေးနေသူများက ဟောင်ကောင်တရားရုံး၏ လုပ်ဆောင်မှုများကို ထောက်ခံခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်တရားရုံးသည် အင်ဒိုနီးရှား အိမ်ဖော်မလေးတစ်ဦး၏ အမှုကို တရားမျှတစွာ စီရင်ပေးခဲ့သောကြောင့် ဖြစ်ပါသည်။
လော်ဝမ်တန်ဆိုသည့် အိမ်ရှင်အမျိုးသမီးကြီးကို အာဝီယာနာဆိုသည့် အင်ဒိုနီးရှား အိမ်ဖော်မလေးအား လူမဆန်စွာ ရက်စက်ညှဉ်းပန်းမှုကြောင့် ပြစ်မှုပေါင်း ၁၈ မှုဖြင့် တရားစွဲဆိုလိုက်ပါသည်။ လူသားတစ်ဦးအပေါ် ရက်စက်စွာ ကိုယ်ခန္ဓာ အစိတ်အပိုင်းများအား အနာတရ ဖြစ်စေခြင်း၊ ရာဇဝတ်မှုဆိုင်ရာ မပြုကျင့်အပ်သည့် ကိစ္စများကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ သတ်မှတ်ထားသည့် အခကြေးငွေများကို မပေးခြင်းစသည့် ၁၈ မှုဖြင့် လော်ဝမ်တန်ကို တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် အာဝီယာနာကို လော်ဝမ်တန်သည် လက်သီးဖြင့်ထိုးခြင်း၊ ကြမ်းတိုက်တုတ်တံဖြင့် ရိုက်ခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများကို အကြိမ်ကြိမ် ခံစားခဲ့ရသည်။ ယခင်အလှပြင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ဖူးသည့် အသက် ၄၄ နှစ်အရွယ် လော်ဝမ်တန်ကို ဟောင်ကောင်တရားရုံးက ပြစ်မှုများကြောင့် ထောင်ဒဏ် ၆ နှစ်အပြင်၊ အမေရိကန်ဒေါ်လာ ၁၉၃၀ ခန့်ကို တရားရုံးအား ဒဏ်ငွေပေးဆောင်ရန်ပါ အမိန့်ချမှတ်လိုက်တော့သည်။ 

ဟောင်ကောင်တွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ဖော်လုပ်ငန်းကို လာရောက်လုပ်ကိုင်နေသူပေါင်း ၃၃၀,၀၀၀ ခန့် ရှိပါသည်။ အများစုမှာ မိန်းမသားများ ဖြစ်ကြသည်။ သူတို့နိုင်ငံ မိသားသားစုများအတွက် နှိပ်စက်ညှဉ်းပန်းမှုများကို ခံပြီး လာရောက်ဒုက္ခခံနေကြသူများ ဖြစ်သည်။ စားရတော့ တစ်လုတ် တစ်ဆုပ်၊ အိပ်ရတော့ ကျဉ်းကျဉ်းကျုတ်ကျုတ်၊ အရိုက်အနှက် ခံနေကြရသည့်အပြင် လိင်ပိုင်းဆိုင်ရာ မတရား အနိုင်ကျင့်မှုများကိုပါ ခံစားနေကြရသည်။ 

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းလုံးတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြရသူပေါင်း ၅၂ သန်းခန့် ရှိသည်ဟု ဆိုသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ကလည်း ၂၀၁၁ ခုနှစ်ကတည်းက ထိုကဲ့သို့ အိမ်ဖော်အဖြစ် အသက်မွေးနေရသူများအတွက် လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် နိုင်ငံတကာနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ILO အဖွဲ့နှင့် အိမ်ဖော်များ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံ ရှိနေပြီဟု သိရသည်။ 

၂၀၁၅ ခုနှစ်က ကူဝိတ်နိုင်ငံတွင်လည်း အိမ်ဖော်ကို သေလောက်အောင် ရိုက်နှက်မှုကြောင့် အိမ်ရှင်ကို ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ဒဏ် ချမှတ်ခဲ့သည် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ပင်လယ်ကွေ့နိုင်ငံများ အတွင်း အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်နေကြသော နိုင်ငံတကာမှ အမျိုးသမီးပေါင်း ၂ ဒသမ ၄ သန်းခန့် ရှိသည်။ ထိုအိမ်ဖော်များသည် ငွေကြေးကြောင့် အလုပ်များ လုပ်ကိုင်နေကြရသော်လည်း လူသားမဆန်စွာ နှိပ်စက်ခြင်း၊ ဆက်ဆံခြင်းများကို ခံနေကြရသည်။

၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံတွင် ဇနီးမောင်နှံ နှစ်ဦးအား အိမ်ဖော်မိန်းကလေးတစ်ဦးကို သေဆုံးစေသည်အထိ နှိပ်စက်ခဲ့ကြသောကြောင့် သေဒဏ်ချမှတ်သည်အထိ အပြစ်ပေးခဲ့သည့် ပြစ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ သေဆုံးသူ အသက် ၂၆ နှစ်အရွယ် အိမ်ဖော်မလေးသည် အလေးချိန် ၂၆ ကီလို (၅၆ ပေါင်) ခန့်သာ ရှိတော့သည်။ သူမကို ဆေးရုံခေါ်သွားချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ပြည့်နေသည်၊ ကျောတွင်လည်း အမာရွတ်တွေ တွေ့ရသည်။ လက်မောင်းနှင့် မျက်နှာများတွင်လည်း ဒဏ်ရာတွေနှင့်ဖြစ်ပြီး သေဆုံးသွားခဲ့သည်။

မလေးရှားနိုင်ငံသည် အိမ်ဖော်များအတွက် အကာအကွယ်ပေးသည့် ဥပဒေများ ထုတ်ပြန်ထားသည်။ သူတို့နိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသည့် အိမ်ဖော်အများစုမှာ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်ကြသည်။ အိမ်ဖော်များကို တစ်ပတ်လျှင် ခွင့်တစ်ရက်ပေးသည်။ တစ်လလျှင် အနည်းဆုံး ရင်းဂစ် ၇၀၀ (ဒေါ်လာ ၂၁၀) ပေးရန်လည်း သဘောတူထားသည့် နိုင်ငံဖြစ်သည်။ သို့သော် ဥပဒေကို မလိုက်နာသူများလည်း ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားသည်။

၂၀၁၃ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် အမျိုးသမီးကြီးတစ်ဦးသည် အသက် ၂၁ နှစ်အရွယ် အိမ်ဖော်ကို မျက်လုံးအား ဖူးရောင်သည်အထိထိုးမှု၊ ပေါင်တွင်းကို အကြိမ်များစွာကန်မှု၊ အိမ်သာတံခါးနှင့် ဦးခေါင်းကို အကြိမ်ကြိမ် ဆောင့်ခဲ့မှုများကြောင့် အရေးယူခဲ့ရသည်။ 

ချန်ဟွေဖန်း ဆိုသည့် ထိုအမျိုးသမီးကြီးအား စင်ကာပူ တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့သည်။ စင်ကာပူ နိုင်ငံတွင်လည်း ဖိလစ်ပိုင်၊ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အမျိုးသမီးပေါင်း နှစ်သိန်းခန့် လာရောက်ပြီး အိမ်ဖော်အလုပ်များကို လုပ်နေကြရကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ကူဝိတ်နိုင်ငံ တရားရုံးက အလုပ်ရှင် အမျိုးသမီးကို ဖိလစ်ပိုင် အိမ်ဖော်အား သေသည်အထိ နှိပ်စက်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည်။ အိမ်ဖော်ကို သဲကန္တာရထဲ ခေါ်သွားပြီးနောက် ကားဖြင့်အပေါ်မှ တက်ကြိတ်နှိပ်စက်ရာတွင် လက်လွန်ပြီး သေသွားသောကြောင့် ကူဝိတ်တရားရုံးက သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံ လူသားရင်းမြစ် ဝန်ကြီးဌာန (MOM) ၏ ထုတ်ပြန်ချက်အရ ယမန်နှစ် ဒီဇင်ဘာလအထိ အိမ်ဖော်များကို ရိုက်နှက်မှုပေါင်း ၂၂၂,၅၀၀ခု ဖြစ်ခဲ့သည်ဟု ဝန်ကြီးဌာန Website တွင် ဖော်ပြထားသည်။ အချို့ကလည်း အိမ်ဖော်ဘဝ ဆိုသည်မှာ အောက်ကျခံပြီး နေရမည်ဆိုသည့် အယူအဆဖြင့် မတိုင်သောကြောင့် မသိခဲ့သော အမှုပေါင်းများစွာ ရှိနိုင်သည်ဟု ည်း ဆိုထားသည်။ အိမ်ဖော်တွေ ဘဝက အိမ်ပြင်လည်း မထွက်ရ၊ တိုင်လျှင်လည်း အလုပ်ပြုတ်မည်ကို ကြောက်သဖြင့် ငြိမ်ခံနေကြရသည်က များသည်။ 

မြန်မာနိုင်ငံမှ အသက် ၃၃ နှစ်အရွယ် လေးမွန်သည် အိမ်ရှင်နှင့် ၂ နှစ် စာချုပ်ထားသော်လည်း နှစ်လခန့် လစာမရခဲ့ပေ။ စင်ကာပူနိုင်ငံ ဥပဒေအရ အိမ်ဖော်များကို တစ်လတစ်ကြိမ် လစာရှင်းပေးရန်နှင့်၊ လစာကို လကုန်ပြီး တစ်ပတ်အတွင်း ရှင်းပေးရန် ဥပဒေဖြင့် သတ်မှတ်ထားသော်လည်း လိုက်နာခြင်း မရှိခဲ့ပေ။ 

လေးမွန်ကို အိမ်ရှင်က သတ်မှတ်ထားသည့် နှစ်မကုန်မချင်း ထွက်ပြေးလျှင် ရဲလက်အပ်မည်ဟုလည်း ခြိမ်းခြောက်ထားသေးသည်။ ထို့ပြင် အိမ်ရှင်သည် ရဲစခန်းသို့သွားပြီး လေးမွန်ကို ပိုက်ဆံခိုးကြောင်းတို့ကို သွားတိုင်ခဲ့သေးသည်။ လေးမွန်တစ်ယောက် ခုတော့ သူ့အိမ်ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။ 

ဆော်ဒီနိုင်ငံတွင်လည်း အိမ်ရှင်၏ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှု တစ်ခု ကြုံတွေ့ခဲ့ရသည်။ ဖိလစ်ပိုင် အိမ်ဖော် မလေးကို သူမ၏ အိမ်ရှင်များက ဓားဖြင့်ထိုးသည့်အပြင်၊ အက်စစ်နှင့်လည်း ပက်သည့်အမှု ဖြစ်သည်။ ထိုအမှုအတွက် တရားဥပဒေအတိုင်း အရေးယူပေးရန် ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုထားသည်။ ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် အိမ်ဖော်များကို လစာမပေးခြင်း၊ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ အိမ်ပြင် ထွက်ခွင့်မပေးဘဲ လှောင်ပိတ်ထားခြင်းများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ်တွင် ဇူလိုင်လ အတွင်းက မြန်မာအိမ်ဖော်မလေးကို သတ်ဖြတ်ခဲ့သည့် အမှုတစ်ခု စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့ပါသည်။ အသက် ၅၈ နှစ် အရွယ် မိခင် (ယောက္ခမ) ဖြစ်သူ ပရီမာနာရေနာဆာမီ နှင့် အသက် ၃၆ နှစ်အရွယ် သမီး (ချွေးမ) ဖြစ်သူ အသက် ၃၆ နှစ် အရွယ်ရှိ ဂိုင်ယာသီရိ မူယူဂါရမ်တို့သည် သူတို့ထံတွင် အလုပ်လုပ်နေသော အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသူတစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ ၁၁ နာရီအချိန် တွင် အမှတ် ၁၁ ဘီရှန်းလမ်း၊ တိုက်အမှတ် ၁၄၅၊ ကိုးထပ်မှ ပြုတ်ကျလာကြောင်း ရဲများထံ သတင်းရောက်လာသည်။ ရဲများက သေဆုံးနေသည့် အမျိုးသမီးလေးကို စစ်ဆေးလိုက်သည့် အခါတွင် အခြားဒဏ်ရာများကိုပါ တွေ့ရသောကြောင့်  နောက်တစ်နေ့တွင် အိမ်ရှင်အမျိုးသမီးကြီးနှင့် သူ့သမီးတို့ကို ဖမ်းဆီးလိုက်တော့သည်။ 

သေဆုံးသူသည် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ တီးတိန်မြို့ ဒိမ်ပီးရွာတွင် နေထိုင်သည့် ချင်းတိုင်းရင်းသူလေး ပြောင်ငိုင်ဒွန်း (Piang Ngaih Don) ဖြစ်သည်။ စင်ကာပူရှိ ဤအိမ်သို့ လာရောက်အလုပ် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့် ရှိနေပြီ ဖြစ်သည်။ စင်ကာပူနိုင်ငံ မလာမီက ဆောက်လုပ်ရေးလုပ်သား အဖြစ် လုပ်ကိုင်ခဲ့သည်။ လစာနည်းပါးပြီး မိသားစုကို ထောက်ပံ့ရန် မဖြစ်နိုင်သဖြင့် စင်ကာပူနိုင်ငံ ရောက်လာပြီး အိမ်ဖော်လာလုပ်နေခြင်း ဖြစ်သည်။ 

ရဲများထွက်ဆိုချက်တွင် ဇူလိုင် ၂၆ ရက်နေ့ကို သူတို့ထံ အကြောင်းကြားမှုကို ရရှိပြီး သွားရောက်စစ်ဆေးရာတွင် သူတို့ရောက်ချိန်၌ ကောင်မလေးမှာ သေဆုံးနေပြီဟု ဆိုသည်။ သြဂုတ်လ ၁၂ ရက်နေ့ သတင်းများတွင် အိမ်ရှင်ဖြစ်သူ ရဲအရာရှိဟောင်း ကီဗင်ကို မြန်မာမလေးအား နှိပ်စက်ညှဉ်းပန်းမှုများနှင့် သက်သေခံအထောက်အထားများကို ဖျောက်ဖျက်မှုဖြင့် ထပ်မံဖမ်းဆီးလိုက်သည်။ 

သူ့ကို မြန်မာအမျိုးသမီးငယ်အား သတ်မှု၊ ရဲများအား မမှန်သတင်းပေးမှု၊ အိမ်တွင် တပ်ဆင်ထားသော CCTV ကင်မရာမှ အထောက်အထား သက်သေခံများကို ဖျောက်ဖျက်မှုများဖြင့် ရဲအရာရှိများက တရားစွဲထားသည်။

လူသတ်မှုတွင် ကီဗင်၏ဇနီးနှင့် ချွေးမတို့လည်း ပါဝင်နေကြသည်။ ကီဗင်ကိုယ်တိုင် ဇူလိုင် ၂၃ ရက်နေ့က အိမ်ဖော်မလေးကို ဘတ်တံဖြင့် ဘယ်ဘက်ပခုံးကို ရိုက်နှက်ခဲ့သည်။ နောက်တစ်နေ့တွင် ဆံပင်ကိုဆွဲပြီး လေထဲတွင် မြှောက်ထားခြင်းများကို သူကိုယ်တိုင် ပြုလုပ်ခဲ့သည်။ 

ဇူလိုင်လ ၂၆ ရက်နေ့တွင် တိုက်ပေါ်မှ ကျသေသကဲ့သို့ ပြုလုပ်ပြီးနောက် ကီဗင်သည် CCTV မှတ်တမ်းများကိုပါ ဖျောက်ဖျက်ခြင်း ပြုလိုက်သည်။ သို့သော် ကီဗင်က ရဲများကို CCTV ကင်မရာအား လွန်ခဲ့သည့် နှစ်ဝက်ခန့်ကတည်းက ဖယ်ရှားထားသည်ဟု လိမ်လည်ထွက်ဆိုခဲ့သည်။ 

စင်ကာပူတရားရုံးသည် အမှုများကို ဆက်တိုက်ဆိုသလို စစ်ဆေးနေပြီး ပြစ်မှုထင်ရှားလျှင် မိသားစု သုံးဦးစလုံး သေဒဏ်ကျခံရဖွယ် ရှိကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။ 

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးလားသော နိုင်ငံအများစုတွင် အိမ်ဖော်များ လိုအပ်ချက်က ပိုပြီး ကြီးမားနေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများမှ အမျိုးသမီး အများစုသည် တရားဝင်လမ်းကြောင်းများထက်၊ တရားမဝင် လမ်းကြောင်းများက ထွက်ပြီး ထိုနိုင်ငံများတွင် မိမိတို့ဘဝကို ပေးဆက်နေကြရမှုများ ရှိနေသည်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသမီးများသည် ချမ်းသာသည့် နိုင်ငံများတွင် ဒုက္ခဆင်းရဲမှုပေါင်း များစွာ ခံစားကာ မိသားစုများအတွက် ငွေရှာပေးနေရမှုများ ရှိနေသည်။

နိုင်ငံများအနေနှင့် အမျိုးသမီးများဘဝကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေများ မသတ်မှတ်နိုင်သရွေ့၊ ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးခြင်းများ မရှိသရွေ့ အမျိုးသမီး အိမ်ဖော်တို့ ဘဝမှာ စော်ကားနှိပ်စက်မှုများကို ခံစားနေကြရဦးမည်သာ ဖြစ်သည်။

“လူတွေကို လူသားချင်း စာနာတတ်အောင် ပညာပေးရမယ်။ မစာနာတတ်တဲ့ သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူ အပြစ်ပေးပြနိုင်ရမယ်။ ဥပဒေနဲ့ အကာအကွယ် မပေးနိုင်ရင် အမျိုးသမီး အိမ်ဖော်တွေရဲ့ ဘဝဟာ ရှေ့ဆက်ပြီး လုံခြုံဖို့ မမြင်ဘူး” ဆိုသည့် ILO အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ စကားမှာ အလေးထားစရာပင်။

(Ref : CS Monitor, ABS and CBN News, Straits Times, CNN News, ILO Reports)

ကျော်ဗလ
The Voice

0 comments:

Post a Comment