Thursday, September 22, 2016

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာဝယ် ဘယ်အချက်တွေက လျှောက်ထားသူတွေကို အကျပ်ရိုက်စေခဲ့သလဲ

၂ဝ၁၆ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများ၏ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများကို ၁၈-၈-၂ဝ၁၆ ရက်မှ ၃၁-၈-၂ဝ၁၆ ရက်နေ့အထိ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် ပိတ်ရက်မရှိ ရန်ကုန်ပညာရေး တက္ကသိုလ် အားကစားရုံကြီးတွင် လက်ခံပေးခဲ့ပါသည်။

အကြောင်း အမျိုးမျိုးကြောင့် သတ်မှတ်ရက်လွန် လျှောက်ထားသူများကိုလည်း အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ လက်ခံပေးလျက် ရှိသည်ကို သတိ ပြုမိပါသည်။
၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ တင်ရာတွင် ထူးခြားချက် အချို့ကို စာရေးသူ တင်ပြလိုပါသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ကောလိပ်ပေါင်း ၄၇ ခု ရှိပါသည်။ ၂ဝ၁၅ ခုနှစ်တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံး ရမှတ်များကို ဖော်ပြထား၍ လျှောက်ထားသူများအဖို့ မိမိ အဆင်ပြေရာ တက္ကသိုလ်တို့ကို ချင့်ချိန်၊ မှန်းဆ လျှောက်ထား နိုင်ခဲ့ပါသည်။

ယခုနှစ် ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တင်ရာတွင် ဝင်ခွင့်နောက်ဆုံးအမှတ် (Last Total Marks - LTM) ကို ဖော်ပြထားခြင်း မရှိ၍ လျှောက်ထားသူ အများစု နားဝေတိမ်တောင် ဖြစ်ခဲ့ရပါသည်။

ယခုနှစ် နောက်ထူးခြားချက် တစ်ရပ် အနေနှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်၏ စာမျက်နှာ ၂ဝ မှ ၂၅ ထိ စာမျက်နှာတိုင်းလိုလိုတွင် ဖော်ပြထားသည်မှာ “အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့် လျှောက်ထားသူများသည် မိမိ ကိုင်ဆောင်သော နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် (သို့မဟုတ်) နိုင်ငံသား လက်မှတ် အပြည့်အစုံကို ဖော်ပြ၍ မိတ္တူများကိုလည်း တစ်ပါတည်း ပူးတွဲ တင်ပြရမည်။ တည်ဆဲ နိုင်ငံသားဖြစ်မှု၊ ဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်ရန် လျှောက်ထားဆဲ ဖြစ်ပါကလည်း အမှန်တကယ် လျှောက်ထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ ထောက်ခံစာ မူရင်းကို မပျက်မကွက် ပူးတွဲ တင်ပြရမည်”ဟူ၍ ပါရှိခြင်းပင် ဖြစ်သည်။ ပညာရေး နယ်ပယ် လျှောက်ထားခွင့်တွင် လူဝင်မှု ကြီးကြပ်ရေး (လဝက) ၏ ထောက်ခံစာ မူရင်းကို တောင်းခံနေခြင်းသည် စာရေးသူ၏ စာသင်သက် ၃ဝ အတွင်း တစ်မူထူးခြားသော အတွေ့အကြုံ တစ်ခုဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) တွင် မှတ်ပုံတင် အသစ် လျှောက်ထားခြင်း၊ မှတ်ပုံတင် ပျောက်၍ ထပ်မံ လျှောက်ထားခြင်း၊ မွေးတိုးသန်းခေါင်စာရင်း ပြုလုပ်ခြင်း စသည်တို့သည် လပေါင်း များစွာ ကြာမြင့်ပြီး “လဝက”ရုံးသို့ အကြိမ်ကြိမ် အခါခါ အမုန်းသွားပြီးမှ မိမိတို့ လိုချင်သော ထောက်ခံစာ၊ မှတ်ပုံတင်တို့ကို ရသော ဝန်ကြီးဌာန တစ်ခု ဖြစ်သည်ကို ပညာရေးဝန်ကြီး ဌာနမှ အကြီးအကဲ ဆိုသူများ “သတိမပြုမိလေရော့သလား”ဟု ထင်မြင်မိသည်။ 

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ပို့ရန် လူဝင်မှု ကြီးကြပ်ရေး (လဝက) ၏ ထောက်ခံစာ ရယူခြင်းသည် လျှောက်ထားသူ ကာယကံရှင်နှင့် မိဘများအတွက် မနိုင်ဝန် ထမ်းစေသည့် လုပ်ရပ်၊ ခဲရာခဲဆစ် အလုပ် တစ်ခုကို လုပ်ခိုင်းစေသည့် ပုံစံမျိုး ယခုနှစ် ၂ဝ၁၆ ခုနှစ်တွင် ဖြစ်စေခဲ့ကြောင်း စာရေးသူ လက်တွေ့ တင်ပြချင်ပါသည်။ စာရေးသူ နေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံး၌ လဝက ဦးစီး မရှိသည်မှာ လေးလကျော်ပြီ ဖြစ်သည်။ ထို့ကြောင့် တာမွေမြို့နယ် “လဝက” ဦးစီး ဦးဖြူမှ တစ်ပတ်လျှင် တစ်ရက်၊ တစ်ခါတစ်ရံ နှစ်ရက် သင်္ဃန်းကျွန်းမြို့နယ်သို့ လာရောက်ကာ တာဝန် ယူပေးရပါသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရုံးစိုက်ရာ နေရာ တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်း ၄၅ မြို့နယ်တွင် အထင်ကရ မြို့နယ် တစ်ခုဖြစ်သည်။ ထိုကဲ့သို့ မြို့နယ်မှ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ရသူများအဖို့ အခက်အခဲ အကျပ်အတည်း မျိုးစုံကို ရင်ဆိုင်ခဲ့ရပါသည်။

ဥပမာ ပြရလျှင် စာရေးသူ၏ တပည့် တစ်ဦးသည် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် လျှောက်ထားမှု မှန်ကန်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးသို့ ထောက်ခံစာ တစ်စောင်ကို (ဃ) ရပ်ကွက် တိုက်နယ်မှူးဆိုသူထံ တောင်းခံခဲ့ပါသည်။ ထိုတိုက်နယ်မှူးဆိုသူက လူဝင်မှု ကြီးကြပ်ရေး (လဝက) ဦးစီးမှူး၏ ထောက်ခံစာ မရရှိနိုင်ကြောင်း၊ ပေးရိုးထုံးစံ မရှိကြောင်း ပြောဆိုခဲ့ပါသည်။ ထူးဆန်းသည်မှာ ထိုကျောင်းသူလေးသည် သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေး (လဝက) ရုံးသို့ မှတ်ပုံတင် လျှောက်ထားခဲ့သည်မှာ ၂ဝဝ၈ ခုနှစ်ကတည်းက ဖြစ်ပါသည်။ မိဘ နှစ်ဦးစလုံးသည် နိုင်ငံသား စိစစ်ရေး ပန်းရောင်ကတ်များ ကိုင်ဆောင်ထားသူများ ဖြစ်ကြပြီး ဖခင်ဖြစ်သူသည် အစိုးရဝန်ထမ်း တစ်ဦး ဖြစ်ပါသည်။
 
ထို့ကြောင့် လူသစ် မူသစ် အစိုးရသစ် လက်ထက်တွင် “အပြောင်း အလဲများ”ကို ပြုလုပ်ခြင်းသည် ပြည်သူလူထုအတွက် ကောင်းကျိုးများ ရှိသလို ဆိုးကျိုးများလည်း အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ပညာရေးရာ ကိစ္စရပ်များကို လက်တွေ့ ဆောင်ရွက်နေသည့် ပညာရေးဝန်ကြီး ဌာနအနေနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်း အသိပေးကာ ယခုကဲ့သို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာရှင်များ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် လျှောက်ထားသည့် ကိစ္စရပ်များတွင် ပညာရေး ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေး (လဝက) တို့ တရားဝင် ပူးပေါင်း ဆောင်ရွက်ခဲ့လျှင် ထိုကဲ့သို့ အခက်အခဲ၊ အကျပ်အတည်းများကို ကျောင်းသား၊ ကျောင်းသူ အများစု ရင်ဆိုင်ကြရလိမ့်မည် မဟုတ်ပေ။ 

ထိုသို့ မဟုတ်ဘဲ ဌာန တစ်ခုနှင့်တစ်ခု “ဘော်လီဘောပုတ်” နေပါက ကြားက မြေစာပင် ဖြစ်ခဲ့ရသည်မှာ အနာဂတ်မျိုးဆက် ကျောင်းသား ကျောင်းသူများပင်ဖြစ်၍ နိုင်ငံနှင့် ပြည်သူလူထုကို အမှန်တကယ် အကျိုးရှိမည့် အပြောင်းအလဲများကို ပြောင်းလဲ ဆောင်ရွက် သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။ 

ဂျက်ဖရီတင်အုန်း 
(R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
The Voice

0 comments:

Post a Comment