Monday, September 26, 2016

ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထု ငွေကြေးဆုံးရှုံးမှုများကြောင့် ဝေဖန်မှုများ မြင့်တက်နေသော Multi-level Marketing- MLM (ဆင့်ပွား ရောင်းဝယ်ရေး လုပ်ငန်း) များနှင့် ပတ်သက်၍ ယင်းဈေးကွက်ရေးရာပိုင်းကို နားလည် တတ်ကျွမ်းသူ တစ်ဦးဖြစ်သည့်အပြင် ဥပဒေရေးရာ ပညာရှင် တစ်ဦးဖြစ်သည့် ဦးမင်းတေဇညွန့်တင်နှင့် တွေ့ဆုံ၍  ယင်းလုပ်ငန်း၏ လူထုအပေါ် ဆိုးကျိုး သက်ရောက်စေမှုနှင့် မည်သို့ အရေးယူ ဆောင်ရွက်သင့်ပုံများကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


Voice : MLM လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆရာ့ရဲ့ သဘောထားလေးကို အရင်ဆုံး သိပါရစေ ခင်ဗျ။
UMTZN : ကျွန်တော့်အမြင်ကတော့ Sale & Marketing နဲ့ ပတ်သက်တဲ့ Concept တွေ၊ Idea တွေ အပေါ်မှာတော့ ကျွန်တော် ဘာမှ မပြောလိုပါဘူး။  သို့သော် တစ်ခုပဲ ရှိတယ်။ Business တစ်ခု လုပ်တဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေကို ညီညွတ်ဖို့တော့ လိုတာပေါ့နော်။ MLM ကို ကျွန်တော် အာရုံ ရှိတာကတော့ ဒီကုမ္ပဏီတွေက တည်ဆဲ ဥပဒေတွေနဲ့ လုပ်ရပ်တွေက ညီညွတ် သလားပေါ့။ နောက်တစ်ခုက တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်တယ်။ မညီညွှတ်ဘူးဆိုတဲ့ နေရာမှာမှ အခွန်တို့၊ FDA ကိစ္စရပ်တွေ နောက်ပြီး သွင်းကုန် ကိစ္စရပ်တွေ အဲ့ဒါတွေက ဥပဒေတွေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ ဆိုတာကို ကျွန်တော် စိတ်ဝင်စားပါတယ်။

Voice : ဒီကုမ္ပဏီတွေ လုပ်ဆောင်ပုံတွေကို ဆရာ လေ့လာထားတာလေး သိပါရစေ။ နောက် အခုပြည်သူတွေ ငွေကြေး ဆုံးရှုံးမှုတွေ ရှိလာတော့ အစိုးရက အရေးယူလို့ ရ မရ ဒါလေး သိပါရစေ။

UMTZN : MLM ကုမ္ပဏီ ဆိုတဲ့နေရာမှာ ကုမ္ပဏီ တစ်ခု တည်ထောင်လို့ရှိရင် Objective တစ်ခုရှိရတာပေါ့။ ဘာလုပ်ငန်းတွေ လုပ်မယ် ဆိုတာမျိုးပေါ့။ Local Company တစ်ခုခု ဖြစ်ကောင်း ဖြစ်မှာပေါ့။ အဲဒီ နေရာမှာ တစ်ချက် ဘာပြန်ကြည့်ရမလဲ ဆိုတော့ ဒီ MLM ကုမ္ပဏီ အများစုက ပြည်ပမှာလည်း ရှိကြတယ်။ အဲ့တော့ ပြည်ပမှာရှိတဲ့ လုပ်ငန်းတွေသည် ပြည်တွင်းမှာ မှတ်ပုံတင်တဲ့အခါမှာ ပြည်ပ ကုမ္ပဏီအနေနဲ့ မှတ်ပုံတင်တာလားပေါ့။ သို့မဟုတ် ပြည်တွင်း ကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်သလားပေါ့။ ဒါက ပထမအချက်ပေါ့။ အဲ့တော့ Local Company အနေနဲ့ မှတ်ပုံတင်တယ်ဆိုရင် ဒီလို တံဆိပ်မျိုး သုံးစွဲခွင့် ရှိလား၊  မရှိဘူးလား။ ဟိုဘက် (ပြည်ပကုမ္ပဏီ) တွေရဲ့ တာဝန်ပေး အသိအမှတ်ပြုချက် ရှိ၊ မရှိပေါ့။ Local Company ဆိုရင်တော့ Trading ကိစ္စကတော့ သိပ်အများကြီး ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သို့သော် Local Company မဟုတ်ဘဲနဲ့ ပြည်ပ ကုမ္ပဏီရဲ့ အစုအဖွဲ့ (Share) တစ်ခုခုပေါ့။ Share (ရှယ်ယာ) တစ်ခုခုပေါ့ ပါခဲ့မယ် ဆိုရင်ပေါ့။ Import လုပ်ဖို့အတွက် အခွင့်အရေး မရှိပါဘူး။ Import လုပ်ဖို့  အခွင့်အရေး ရှိခဲ့မယ်ဆိုရင်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြော်ငြာစာတွေနဲ့အညီ တင်သွင်းတာ ဟုတ်၊ မဟုတ်ပေါ့။ အဲတော့ Foreign Company ဖြစ်ခဲ့မယ်ဆိုလို့ ရှိရင်လည်း Trading လုပ်လို့ မရတဲ့အခါမှာ ဘယ်လို လုပ်မလဲပေါ့။ ဘယ်လို လုပ်ကြသလဲပေါ့။ နောက်ပြီး သူတို့ဆီမှာက Bottom Line ဆိုတာ ရှိကြတာပေါ့။ အပေါ်ပိုင်းမှာ ရှိတဲ့သူတွေက သူတို့အပေါ်ပိုင်းကို ရောက်လာဖို့ဆိုတာ သူတို့ ဘယ်လောက် လူတွေကို စုစည်းခဲ့ရသလဲပေါ့နော်။ အဲဒီ စုစည်းတဲ့အပေါ်မှာ မူတည်ပြီးတော့ တစ်ယောက်ကို (ကျပ်) သုံးသိန်းဆိုရင် Diamond တို့ ဘာတို့ ရဖို့ဆိုရင် ဥပမာ သူတို့ လူ ၁ဝ ယောက်ဆို သိန်း ၃ဝ။ အဲဒီ သိန်း ၃ဝ ပစ္စည်းကို ရောင်းလိုက်တဲ့အခါမှာ တစ်ဦးချင်း အနေနဲ့ပဲဖြစ်ဖြစ်၊ သက်ဆိုင်တဲ့ လုပ်ငန်းကြီး အနေနဲ့ပဲဖြစ်ဖြစ်၊ အမြတ်ခွန်တို့ ဝင်ငွေခွန်တို့ တိတိကျကျ ဆောင်ထားခြင်း ရှိ၊ မရှိ။ နောက်တစ်ခုကတော့ FDA ပေါ့။ အဲ့တော့ သူတို့က Food အနေနဲ့သော်လည်းကောင်း Food Supplementary အနေနဲ့သော်လည်းကောင်း လုပ်လို့ရှိရင် FDA ရဲ့ Registration ပါ၊ မပါပေါ့။ အဲ့ဒီဟာတွေ အပေါ်မှာ  စစ်ဆေးလို့ ရပါတယ်။

Voice :  Foreign Company ဆိုရင် Trading အပိုင်းမှာ ဘာတွေ ကန့်သတ်ချက် ရှိမလဲ။
UMTZN : Foreign Company ဆိုလို့ရှိရင် အခု လတ်တလော အခြေအနေထိမှာတော့ Trading လုပ်တဲ့အပေါ်မှာ ကန့်သတ်ချက်တွေ ရှိတာပေါ့။ ပြည်တွင်း ကုမ္ပဏီဆိုရင်တော့ ကန့်သတ်ချက်တွေ မရှိဘူး ပေါ့။ Foreign Company ဆိုရင်တော့ တခြားသူတွေရဲ့ နာမည် ခံပြီးတော့ တင်သွင်းလာတာတွေ ရှိကောင်း ရှိနိုင်တာပေါ့။ အဲ့ဒီကြားမှာ ငွေရေးကြေးရေး ကိစ္စတွေ၊ အပေးအယူ ကိစ္စတွေ၊ တင်သွင်းတဲ့ ကိစ္စတွေမှာတော့ ဟာကွက်တွေက အများကြီး ရှိမယ်လို့ ယုံကြည်ပါတယ်။ အဲပေါ်မှာ အခြေခံပြီးတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ စိစစ်ပြီးတော့ အရေးယူလို့ ရတာပေါ့။ သက်ဆိုင်ရာ ကုမ္ပဏီ မှတ်ပုံတင်ဌာနရဲ့ လုပ်ကိုင်ပုံတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ ဘာမှ အရေးယူလို့ မရဘူးပေါ့။ သို့သော် ခုနပြောသလို သူများဟာတွေ ယူသုံးတာ၊ Import လိုင်စင်တို့ ယူသုံးတာတို့ Trading လုပ်လို့ ရရင်လည်း တကယ့် Normal Trade က သွင်းတဲ့ဟာမျိုးပေါ့။ အဲ့လို မဟုတ်ခဲ့ဘဲနဲ့ တချို့ဆို လေယာဉ်ကွင်းကနေ တစ်ဆွဲဆွဲလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နယ်စပ်ကနေ တရားမဝင် သွင်းတာတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲ့လိုဟာမျိုးအပြင် တာဝန်ရှိတဲ့ အခွန် အရပ်ရပ် ပေးဆောင်ရန် မရှိလို့ ရှိရင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန အနေနဲ့ အရေးယူလို့ ရပါတယ်။ 

Voice : ဒါဆို ဆရာ ပြောချင်တာက အစိုးရအနေနဲ့ ဒီလို အချက်တွေကို ဖော်ထုတ် အရေးယူလို့ရတယ်ပေါ့။
UMTZN : ဟုတ်တယ်။ အရေးယူလို့ ရတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ၊ တရားဝင် လုပ်နေရင်တောင်မှ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန အနေနဲ့  ရည်ရွယ်ချက်တွေအရ စိစစ် အရေးယူလို့ ရတယ်။ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာတွေ နစ်နာမှု ရှိ၊ မရှိ ဥပမာအားဖြင့် လှိုင်သာယာလို နေရာမျိုးမှာ သေဆုံးသွားတဲ့  အမျိုးသမီး တစ်ယောက်၊ ဂျပန်အမျိုးသား တစ်ယောက်က မြေတွေကို ဈေးကြီး ပေးဝယ်တယ်။ မြေတွေကို ဈေးကစားတယ် ဆိုပြီးတော့ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနကနေပြီးတော့ စုံစမ်း စစ်ဆေးတာတွေ ရှိတယ်။ အဲ့လို ပုံစံမျိုးနဲ့ လုပ်လို့ ရပါတယ်။ 

Voice : တခြား အကြောင်းအရင်းရော ရှိဦးမလား။
UMTZN : တခြား အကြောင်းအရင်းကတော့ ပြည်သူတွေရဲ့ ထိခိုက် နစ်နာမှုပေါ့။ ထိခိုက် နစ်နာမှု အပေါ်မှာ  အမှန်တကယ် ထိခိုက်နစ်နာမှု အပေါ်မှာဆိုလို့ရှိရင် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရကသော်လည်း ကောင်း၊ ပြည်ထောင်စု အစိုးရကသော်လည်းကောင်း သူတို့အနေနဲ့ အခုချိန်မှာ ပြည်သူ့အစိုးရ ဖြစ်တဲ့အတွက် ပြည်သူ့ မျက်နှာကိုတော့ ကြည့်သင့်ပါတယ်။ အဲတော့ အခု ရောင်းလို့ရလို့ အမြတ်အစွန်းတွေ ဝင်ငွေတွေ အဲဒါတွေဟာ ဘယ်နည်း၊ ဘယ်ပုံနဲ့ အပြင်ကို ပြန်ထွက်သွားလဲ။ ဘယ်နည်း၊ ဘယ်ပုံနဲ့ အဲ့ဒီပစ္စည်းတွေက အပြင်ကို ပြန်ရောက်သွားလဲ ဆိုတာကတော့ သေသေချာချာ အရေးယူဖို့တော့ သင့်နေပြီ။ ဘာကြောင့်လဲဆိုတော့ နားမလည်တဲ့ သူတွေကို မက်လုံးတွေ ပေးပြီးတော့ ဖြားယောင်း သွေးဆောင်နေတဲ့ ပုံစံမျိုးတွေနဲ့ ရောင်းဝယ် ဖောက်ကားနေတဲ့ဟာကိုတော့ ကျွန်တော့်အနေနဲ့ မနှစ်မြို့ဘူး။

Voice : MLM ကုမ္ပဏီတွေကြောင့် ဘယ်သူတွေက အဓိက ထိခိုက် နစ်နာစေသလဲ။
UMTZN : MLM တွေကြောင့် အဓိက ထိခိုက် နစ်နာသူတွေကို ပြောရမယ် ဆိုရင်တော့ အသက်ဝန်းကျင်နဲ့ ပြောရမယ် ဆိုရင်တော့ အသက် ၂၅ နှစ်ကနေ အထက်ပေါ့။ ပင်စင်စားတွေလည်း ပါနိုင်တယ်။ အလုပ်အကိုင် ရှာဖွေနေတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။ အရပ်စကား ပြောရမယ်ဆိုရင် အလုပ် သေသေချာချာ မရှိသူတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ယေဘုယျ အားလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ လူလတ်တန်းစား ပြည်သူတွေပဲ ထိခိုက်နစ်နာ နေတာပေါ့။ 

Voice : အဓိက သူတို့က ဘာကြောင့် ထိခိုက် နစ်နာ နေရတာလဲ။
UMTZN : တစ်အချက်ကတော့ ဥပဒေရဲ့ အားနည်းချက်ပေါ့။ ကျွန်တော်တို့ တိုင်းပြည်က ရုတ်ခြည်း အသွင်ကူးပြောင်း သွားတဲ့အခါကျတော့ ခေတ်နဲ့ညီတဲ့ စနစ်နဲ့ညီတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ မူတွေ မရှိဘူးပေါ့။ အဲ့ဒါကလည်း အကြောင်းတရား တစ်ခုပေါ့။ နံပါတ်နှစ်ကလည်း ပြည်သူတွေရဲ့ ပညာရေးရေချိန် မြင့်မားမှုပေါ့။ နံပါတ်သုံးက ပုံမှန် စီးပွားရေးကို သာမန် လူလတ်တန်းစားတွေက လုပ်ကိုင် စားသောက်ဖို့ဆိုတာ ခက်ခဲတာပေါ့။ အဲ့တော့ ပုံမှန် မဟုတ်တဲ့ စီးပွားရေး လုပ်ငန်းတွေက မက်လုံးတွေ ပေးပြီးတော့ အောင်မြင် လာကြတာပေါ့။ 

Voice : ဆရာ ပြောသွားတဲ့ အထဲမှာ ပြည်သူတွေက ထိခိုက် နစ်နာစေတာကို ပြောသွားတယ်ပေါ့။ နိုင်ငံတော်ဘက်ကရော ဘာတွေ ထိခိုက် နစ်နာမှု ရှိစေသလဲ။
UMTZN : ပြည်သူတွေဘက်တော့ ခုနပြောသလို  သုံးသိန်း ပေးလိုက်တာတို့ ၁ဝ သိန်း ပေးလိုက်တာတို့ ပြီးတော့ ထပ်ပြီး မဖွဲ့စည်းနိုင်ရင် လူတွေ မစုစည်းနိုင်လို့ရှိရင် အဲ့လူတွေ အလိုအလျောက် ဆုံးရှုံးပြီးသားပေါ့။ အဲ့တော့ ဥပမာအားဖြင့် အဲ့ဒီ ကုမ္ပဏီ တစ်ခုမှာ လူတစ်ထောင် ရှိမယ်ဆိုရင် သုံးသိန်းနဲ့ပဲ အခြေခံ တွက်ကြည့်ပါ။ ဘယ်လောက်ထိ သူတို့ရဲ့ ဝင်ငွေဟာ အားကောင်းမလဲလို့။ ဒါက အခြေအဆင့်ပဲ ရှိသေးတယ်။ အပေါ်က Diamond တို့၊ Gold တို့၊ Silver တို့ အဆင့်ဆင့် တက်သွားမယ်ဆိုရင် ဖြစ်နိုင်တဲ့ Volume က တအား ကြီးလာပြီ။ အဲ့တော့ Volume ကြီးလာလေ။ အခြေခံ အနေနဲ့ စဉ်းစားမယ်ဆိုရင် သုံးသိန်း အမြှောက် တစ်ထောင်ဆိုရင် အဲ့ဒီရောင်းရမှု အပေါ်မှာ အစိုးရ အနေနဲ့ ဝင်ငွေခွန် အနေနဲ့ ကုမ္ပဏီက ပေးဆောင်မယ်လို့တော့ ကျွန်တော် မမြင်ပါဘူး။ တင်သွင်းလာတဲ့ အခါမှာလည်း သွင်းကုန် လိုင်စင်တွေ အခြား အကောက်ခွန် နှုန်းထား သတ်မှတ်ချက်တွေ အခွန် အရပ်ရပ်တွေ  နောက်ရောင်းချတဲ့အခါမှာ ပေါ်ပေါက်လာနိုင်တဲ့ ဝင်ငွေခွန်တွေ ကုန်သွယ်ခွန်တွေ စသဖြင့် အနေနဲ့ အစိုးရ အပေါ်မှာ ထိခိုက် နစ်နာစေတာပေါ့။ အဲတော့ အခုဟာက ပြဿနာက အစိုးရရော ပြည်သူရော နှစ်ရပ်စလုံး နစ်နာတာပေါ့။

Voice : MLM ကုမ္ပဏီတွေ အနေနဲ့ ဘာပစ္စည်းတွေကို ဘယ်နေရာကနေ တင်သွင်း နေကြတယ်လို့ ဆရာ ထင်လဲခင်ဗျ။
UMTZN : MLM တွေ သွင်းတာ များတာကတော့ တစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့ အရပ်အခေါ်က တစ်ဆွဲပေါ့။ အဲ့လိုမျိုး သွင်းတာက ကျွန်တော်ထင်တယ် ၆ဝ ရာခိုင်နှုန်းလောက် ဖြစ်မယ်ထင်တယ်။ နောက်ထပ် ၃ဝ ရာခိုင်နှုန်းလောက်တော့ DHL ကဲ့သို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်စည် တင်ပို့တဲ့ ဝန်ဆောင်မှုမျိုး အနေနဲ့ သွင်းတာ ဖြစ်နိုင်တယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ လိုင်စင်နဲ့ သွင်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် ထင်တာကတော့ သူတို့က ဆေးကို ဆေးလို့ တင်သွင်းလာမယ်လို့တော့ မထင်ဘူး။ Food Supplement အနေနဲ့ တင်သွင်း လာနိုင်တယ်။ ဆေးကို ဆေးအနေနဲ့ တင်သွင်းမယ်ဆိုရင် အကြမ်းဖျင်း အဲ့ဒီဆေး တစ်ခုက မြန်မာနိုင်ငံမှာ  ရောင်းချရဖို့ဆိုတာ အကြမ်းဖျင်း ၁၄ လနဲ့ ၁၈ လကြာတယ်။ FDA Approval ရဖို့။ ဒီကြားထဲမှာလည်း ပေးရတဲ့ စာရွက်စာတမ်းက သက်ဆိုင်ရာ ထုတ်လုပ်တဲ့ ကုမ္ပဏီက စာရွက်စာတမ်းတွေက အများကြီးပဲ။ အဲ့လို မတင်သွင်းပဲနဲ့ ကျွန်တော်တို့ ထင်တာတော့ ကျိန်းသေ ဖြစ်နိုင်ခြေ ရှိတာက Food Supplement အနေနဲ့ပဲ သူတို့ တင်သွင်းလိမ့်မယ်။ Food Supplement နဲ့ တင်သွင်းလာမယ်ဆိုရင် ပေးရတဲ့ စာရွက်စာတမ်းတွေရော ပေးရတဲ့ ငွေရေး ကြေးရေးတွေရော အကုန်လုံး သက်သာတယ်။ Food Supplement ဖြစ်လိမ့်မယ်။ ဒါကြောင့်မို့လို့လဲ သူတို့ (MLM) တွေက ဓာတ်စာလို့ ပြောရောင်းတယ်။ 

Voice : ဒီကုမ္ပဏီတွေကို နိုင်ငံတော်က ဘယ်လိုလုပ်လို့ ရနိုင်မလဲ။
UMTZN : သက်ဆိုင်ရာ  အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ မရှိဆိုတာ လုပ်လေ့ လုပ်ထ ရှိတယ်။  အဲတော့ ဘယ်လို လုပ်ရမလဲဆိုတာ သူတို့ (အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန) အနေနဲ့ သိပြီးသားပါ။ အခြေခံကတော့ ဒီလုပ်ငန်းတစ်ခုမှာ Member ဘယ်နှယောက်ရှိလဲ။ အဲဒီ Member တွေမှာမှ Top Level တွေ အားလုံး ဟိုးထိပ်ကနေ အောက်ထိကို သူတို့ကို ခေါ်ပြီးတော့ စစ်ဆေးပိုင်ခွင့် ရှိတယ်။ စစစ က ခေါ်ယူ စစ်ဆေးပိုင်ခွင့် ရှိတယ်။ အဲ့ဒါကို ခေါ်စစ်လိုက်မယ် ဆိုရင်တော့ ပေါ်လာမှာပါ။ အားလုံး။

Voice : MLM ကုမ္ပဏီတွေက လိမ်လည်တယ်လို့ ပြောလို့ရမလား။ တကယ်လို့ လိမ်ညာ လုပ်ဆောင်တယ်ဆိုရင် ဘယ်လို တရားစွဲလို့ရှိရင် ထိရောက်နိုင်မလဲ။
UMTZN : အခုက ကျွန်တော်တို့က လိမ်လည်တယ်လို့တော့ ပြောမရဘူး ဖြစ်နေတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီဟာကိုပဲ ဘယ်နှလနေရင် ဘယ်လို သူဌေးကြီး ဖြစ်မယ်လို့ သူတို့ ပြောကောင်း ပြောမယ်။ မက်လုံးတွေ ပေးကောင်း ပေးမယ်။ အဲ့ဒီမက်လုံးတွေ အပေါ်မှာ  လိုက်လုပ်တဲ့သူတွေရဲ့ သူ့ရဲ့ ဆင်ခြင်တုံတရားအပေါ်   အခြေခံပြီးတော့ ဒီလူဟာ ဆက်ပြီးတော့ ပါဝင် ပတ်သက်ခြင်း ရှိ မရှိ ဆိုတာ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်တယ်။ ဒီဟာကတော့ Attention တစ်ခုခုနဲ့ လုပ်တာ ဖြစ်သော်လည်း တရားစွဲဖို့တော့ အခက်အခဲ ရှိနိုင်တယ်။ လုပ်ရမှာ ကျွန်တော် ခုနပြောတဲ့ ကုမ္ပဏီတွေရဲ့ စာရင်းဇယားတွေ၊ Import/Export တွေ၊ အခွန်ကိစ္စတွေက မှန်ကန်မှု ရှိ မရှိ အဲ့လိုဟာတွေက  စစ်ဆေးဖို့ပဲ သင့်တော်မယ် ထင်တယ်။ ပိုပြီးတော့ ဥပဒေအရ ချည်နှောင်အား ကောင်းပြီးတော့ အရေးယူလို့ အဆင်ပြေမယ်။ 

Voice : ဒီကုမ္ပဏီတွေက MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)မှာ MLM လုပ်ငန်းလုပ်မယ် ဆိုပြီးတော့ လျှောက်ထားခြင်း မရှိဘူးလို့ သိရတယ်ခင်ဗျ။ ဆရာ့အနေနဲ့ရော ဘယ်လို သိထားလဲ ခင်ဗျ။
UMTZN : MIC အောက်မှာ တည်ထောင်ထားတဲ့  ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ကြီးမားကြတယ်။ အများစုကတော့ ထုတ်လုပ်တဲ့ဟာမျိုးတွေ များတယ်။ အခုလိုမျိုး Service ပေါ့နော်။ Service Sector ကတော့ နည်းတယ်။ 

Voice : ဒီကုမ္ပဏီတွေကို ဘယ်လို ထိန်းချုပ်လို့ ရနိုင်မလဲ။ ဥပမာ ဥပဒေနဲ့ ထိန်းချုပ်မလားပေါ့။
UMTZN : အကောင်းဆုံးက ဥပဒေနဲ့ ထိန်းချုပ်တာ အကောင်းဆုံးပဲ။ ခုနပြောတဲ့အတိုင်း ဒီကုမ္ပဏီ မှတ်ပုံတင်ထားတဲ့ဟာကလည်း သူတို့ကို MIC ပါမစ် ပေးထားတာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ သူတို့ ကျိန်းသေတယ် MIC ကုမ္ပဏီ မဟုတ်ဘူး။ ပုံမှန်အနေနဲ့တော့ MIC မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပဲ ဖြစ်လိမ့်မယ်။ အဲ့မှာလည်း Objective တွေ ပါတယ်။ အဲဒီ Objective နေရာမှာ MLM ကို လုပ်ရမယ်။ လုပ်ခွင့်ပြုတယ်ဆိုတဲ့ သီးသီးခြားခြား ဖော်ပြထားတဲ့ Objective မပါဘူး။ လုပ်ခွင့်လည်း ပေးမှာ မဟုတ်ဘူး။  အဲ့လိုမျိုး တင်တောင်းလေ့ မရှိဘူး။ အဲ့လိုမျိုး တင် တောင်းရင်လည်း ကုမ္ပဏီများ မှတ်ပုံတင်ရေး ဦးစီးဌာနက ခွင့်ပြုမှာ မဟုတ်ဘူး။

Voice : အဲ့လိုမျိုး ခွင့်မပြုဘဲ လုပ်နေတာကရော ဘယ်လို လုပ်နေကြတာလဲ။
UMTZN : အဓိက ကတော့ ဥပဒေမှာကလည်း မလုပ်နဲ့လို့ ပြောထားတာက လုပ်ရင်။ လုပ်ပါလို့ ပြောထားတာကို မလုပ်ရင် အဲ့တော့ ကုမ္ပဏီများ အက် ဥပဒေမှာလည်း MLM ကို မလုပ်ပါနဲ့လို့ ပြောထားတဲ့ အကြောင်း အခြင်းအရာ တစ်ခုမှ မရှိဘူး။ MLM ကို မလုပ်ပါနဲ့လို့ တားမြစ်ထားတဲ့ ဥပဒေလည်း တစ်ခုမှ မရှိဘူး။ အဲဒီအခါကျတော့ ပြောကြမယ်ဆိုရင် ဥပဒေကို  ချိုးဖောက်တယ်လို့တော့ ယေဘုယျ သွားပြောလို့ မရဘူး။ သို့သော် သူတို့သည် ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်နေတယ် ဆိုတာကတော့ ငြင်းမရတဲ့ ကိစ္စပဲ။ ဆိုတော့ စစစ အနေနဲ့ စိစစ် ဖော်ထုတ်ပြီးတော့ ပြည်သူအကျိုးကို ထိခိုက်သလား၊ နိုင်ငံတော်ရဲ့ အကျိုးကို ထိခိုက်သလား ဆိုတာ စုံစမ်း ပြီးတော့ ဖော်ထုတ်ရမှာ သူတို့ရဲ့ တာဝန်ဖြစ်တယ်။ 

Voice : ဆရာ ခုန ပြောသလို ဥပဒေနဲ့ ထိန်းချုပ်မယ်ဆိုရင် ဘာတွေကို လုပ်သင့်လဲဆိုတာ အကြံပြုပေးပါဦး။
UMTZN : ကျွန်တော် အကြံပြုချင်တာကတော စင်ကာပူနိုင်ငံလိုပဲပေါ့။ MLM ကို လုံးဝ လုပ်ဖို့ အားမပေးဘူးပေါ့။ ခိုးကြောင်ခိုးဝှက် စင်ကာပူမှာလည်း လုပ်နေကြတာပဲ။ အဲ့တော့ ဥပဒေအရ မလုပ်ပါနဲ့လို့ ပြောတာကို လုပ်ရင်တော့ ပြစ်မှု ပေးလိုက်ပေါ့။ ပြစ်ဒဏ် ခံစားရမှာပေါ့။ အခုကတော့ ဘာမှ မရှိတဲ့အတွက် တိတိကျကျ ဘာမှ အရေးယူလို့ မရဘူး။ သို့သော် သူတို့ရဲ့ လုပ်ရပ်တွေသည် မှားယွင်းနေတယ်။ လစ်ဟာမှုတွေ ရှိနေတယ်။ မရိုးမဖြောင့်တဲ့ Twit & Turn တွေ ရှိတယ်ပေါ့ဗျာ။ အဲ့ဒါတွေကတော့ ကျိန်းသေတယ်။ အာမခံတယ်။
Voice : ဒီကုမ္ပဏီတွေက လူတွေကို လုံးဝ အကျိုး မပြုတဲ့ဟာတွေလို့ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မှတ်ချက် ပြုတယ်ပေါ့နော်။ ဆရာ့အနေနဲ့ရော ဘယ်လို ထင်ပါသလဲ။
UMTZN : ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က ဒီဟာကို ဆိုးကျိုးတွေချည်းပဲလို့ ပြောတယ်။ ဆရာကြီးက ဘွင်းဘွင်းနဲ့ တည့်တိုး ပြောဆိုတတ်တယ်။ ကျွန်တော်ကတော့ ဆရာကြီး ပြောတာကို အပြည့်အဝ ထောက်ခံတယ်။ ဒီကိစ္စသည် ဆိုးကျိုးတွေပဲ ဖြစ်ဖို့ရှိတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ အစိုးရ အဆင့်ဆင့် အနေနဲ့ အရေး ယူဖို့အတွက် ကျွန်တော်လည်း ဆရာကြီးအဆိုကို ထောက်ခံရင်းနဲ့ အကြံပြုလိုပါတယ်။

Voice : ဒီကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများ ပြောလိုပါသလဲ။
UMTZN : ကျိန်းသေတာက ခုနက ပြောသလိုပဲ သူတို့ရဲ့ Marketing Strategy တွေ သီအိုရီတွေ အပေါ်မှာ ကျွန်တော် ဝေဖန်ဖို့ အကြောင်း မရှိဘူး။ သို့သော် သူတို့ရဲ့ ဆောင်ရွက်ပုံ အဆင့်ဆင့်သည် ရိုးသား ဖြောင့်မတ်မှု မရှိဘူး။ ထိုနည်းတူစွာပဲ သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ လိုင်စင်တို့ သွင်းကုန်လိုင်စင်တို့ စသည်ဖြင့် ကိစ္စရပ်တွေသည်လည်း ဥပဒေတွေနဲ့ ညီညွတ်မှု မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့်မို့လို့  အစိုးရအနေနဲ့ ဒီကိစ္စ (MLM တွေ) ကို တိတိကျကျနဲ့ ထိထိရောက်ရောက် အရေး ယူစေချင်တယ်။ ဒါမှ  အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစားရဲ့ ဆုံးရှုံးနေတဲ့ နစ်နာမှုတွေကို ကာကွယ်ပေးနိုင်မယ်။ သူတို့တွေသည် ဆုံးရှုံးတာတွေ ရှိကောင်း ရှိမယ်။ နစ်နာတာတွေ ရှိကောင်း ရှိမယ်။ သို့သော် ပတ်ဝန်းကျင်မှာ အလိမ် ခံလိုက်ရတယ် ဆိုတာမျိုး၊ ထိခိုက် သွားတယ်ဆိုတဲ့ဟာမျိုး မပြောရဲတဲ့ အရှက်တရားတွေနဲ့ ဖုံးလွှမ်းပြီးတဲ့အပေါ်မှာ သူတို့က အသာစီး ယူနေသေးတယ်လို့ပဲ ကျွန်တော် နောက်ဆုံးပိတ် ပြောပါရစေ။

Voice : အခုလို ဖြေကြား ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဟိန်းမြတ်စိုး
The Voice

0 comments:

Post a Comment