Tuesday, September 27, 2016

ဒီမိုကရေစီ နိုင်ငံတော် နှင့် ဒီမိုကရေစီ ရဲတပ်ဖွဲ့

ရဲတပ်ဖွဲ့သမိုင်းအစ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သမိုင်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ “ရဲတပ်ဖွဲ့”လို့ အမည် မပြောင်းခင် ပုလိပ် (Police) တပ်ဖွဲ့ကို စာရေးသူတို့ မြန်မာနိုင်ငံမှာ ထူထောင်ခဲ့တာ နှစ်ပေါင်း ၁၂ဝ နီးပါး ရှိခဲ့ပါပြီ။

ဒီကနေ့ မြန်မာ့တပ်မတော် ဖွဲ့စည်းခဲ့တာထက် နှစ်ပေါင်း ၆ဝ လောက်စောပြီး သက်တမ်း ရှည်ခဲ့တဲ့ တပ်ဖွဲ့ပါ။ “တပ်မတော်” နဲ့ “ပုလိပ်တပ်ဖွဲ့” ကွာခြားတာက မြန်မာ့တပ်မတော်ကို ဖွဲ့စည်းခဲ့တုန်းက လွတ်လပ်ရေး ရဖို့ ရည်မှန်းပြီး တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိတဲ့ လူငယ်တွေနဲ့ စုပြီး ဖွဲ့စည်းခဲ့တာပါ။ ပုလိပ်တပ်ဖွဲ့ကတော့ နယ်ချဲ့ အင်္ဂလိပ်အစိုးရ လက်ထက်မှာ သူတို့ အကျိုးအတွက် ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပုံချင်း မတူသလို ရည်ရွယ်ချက်ခြင်းလည်း မတူပါဘူး။

ပုလိပ်တပ်ဖွဲ့ကတော့ မြန်မာစကားပုံအရ ပြောရရင် “မျိုးစေ့ မမှန် ပင်မသန်” ဆိုသလိုပါပဲ။ 

ပုလိပ်တပ်ဖွဲ့ စတင် ဖွဲ့စည်းခြင်း

ပုလိပ်တပ်ဖွဲ့ (ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့) သမိုင်းကြောင်းကို ပြောရင် သီပေါမင်း ပါတော်မူပြီးချိန်ကစပြီး ပြောရမှာပါ။ သီပေါမင်း နယ်ချဲ့ရဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရပြီး ၂ နှစ်အကြာ ခရစ်နှစ် ၁၈၈၇ ခုနှစ်မှာ မြန်မာ မျိုးချစ် သူရဲကောင်းတွေရဲ့ တော်လှန် ပုန်ကန်မှု စခဲ့ပါတယ်။
 
ဒီလို ပုန်ကန် ထကြွမှုတွေကို နယ်ချဲ့ အင်္ဂလိပ်အစိုးရဟာ အိန္ဒိယပြည်က “စစ်ဗာရီ”တွေ ခေါ်ပြီး နှိမ်နင်း ခဲ့ရတယ်။ အဲဒီအချိန်က မြန်မာပြည်ရဲ့ ဝန်ရှင်တော်မင်းကြီးက “ဆာချာလ်ကရောဝိတ်” ဖြစ်တယ်။ သူက မြန်မာလူမျိုးတွေ ပါဝင်တဲ့ “ရာဇဝတ်အဖွဲ့” တစ်ဖွဲ့ ဖွဲ့ဖို့ အစီရင်ခံစာ ရေးသား တင်ပြခဲ့တယ်။

အဲဒီမှာ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး ပုလိပ်အဖွဲ့မှာ လူတွေစပြီး ရွေးချယ် ခန့်ခဲ့ပါတယ်။ ဒီလို လူရွေးရာမှာ ကိုယ့်တိုင်းရင်းသား အချင်းချင်း နှိမ်နင်းဖို့ တကယ့် လူဆိုး၊ လူမိုက်တွေကို ရွေးပြီး ခန့်ခဲ့တယ်။

“စစ်ဗာရီ” ပုလိပ်တွေကို အောက်မြန်မာပြည်မှာ “မစ္စတာဂျိမ်း မဆင်”က အုပ်ချုပ်ပြီး အထက် မြန်မာပြည်မှာတော့ “ကာနယ်အက်ဒွပ် စတီဗင်”က အုပ်ချုပ်ခဲ့တာပါ။ “၁၈၈၉” ခုနှစ်မှာတော့ အထက်အောက် မြန်မာပြည် မခွဲခြားတော့ဘဲ ပုလိပ် တပ်ဖွဲ့ကြီးကို ပူးပေါင်းခဲ့ပါတယ်။
 
ခရစ်နှစ် “၁၈၉၁” ခုနှစ်မှာ နယ်ချဲ့ အစိုးရဟာ ဒီကနေ့ ရဲတပ်ဖွဲ့ရဲ့ (Civil-Police) လို့ခေါ်တဲ့ မြို့ပြပုလိပ်တွေကို စပြီး ဖွဲ့စည်းခဲ့တယ်။ မြန်မာလူမျိုးတွေနဲ့ စပြီး ဖွဲ့စည်းခဲ့တာပါ။ အင်္ဂလိပ်ရဲ့ “လက်ကိုင်တုတ်” အဖွဲ့ပါပဲ။ အိန္ဒိယက လာတဲ့ ပုလိပ်တွေကိုတော့ (Military Police) “စစ်ပုလိပ်”ဆိုပြီး သီးခြား ဖွဲ့စည်းခဲ့တယ်။

နယ်ချဲ့ အင်္ဂလိပ် လက်အောက်က ပုလိပ်အဖွဲ့

မြန်မာတွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့ပြ ပုလိပ်တွေဟာ အင်္ဂလိပ်အလိုကျ အမှုထမ်းကြပြီး ကိုယ့်လူမျိုး အချင်းချင်း မတရား ဖမ်းဆီး၊ နှိပ်စက်ခဲ့ကြတယ်။ ပိုပြီး ဝမ်းနည်းဖို့ ကောင်းတာက လယ်ခွန်၊ မြေခွန်တွေနဲ့ အကြွေးတွေနဲ့ပိပြီး ဒုက္ခ ရောက်နေကြတဲ့ တောင်သူ လယ်သမားတွေရဲ့ လယ်တွေ၊ ယာတွေ၊ သားပျို၊ သမီးပျိုတွေ၊ ကျွဲ၊ နွားတွေ သိမ်းဆည်းရာမှာလည်း      “ချစ်တီးကုလား”တွေရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့ကြတယ်။
 
ဒါဟာ ပုလိပ်တပ်ဖွဲ့အပေါ် ပြည်သူလူထု စပြီးမုန်းတီးခဲ့တဲ့ “ပထမ အမုန်း”ပါ။ ပုလိပ်ဆိုရင် ရွံကြောက်ကြီး ကြောက်နေကြပြီ။

“၁၉၂ဝ” ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ၊ ဗြိတိသျှ အစိုးရဟာ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ပြဋ္ဌာန်း ခဲ့တယ်။ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မကျေနပ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော် ဆန္ဒပြကြတယ်။ နယ်ချဲ့ အစိုးရဟာ အိန္ဒိယက ခေါ်ယူထားတဲ့ “စစ်ပုလိပ်”တွေနဲ့ အကြမ်းဖက် လူစုခွဲခဲ့ကြတယ်။ 

“၁၉၂၈” ခုနှစ်မှာ “ဆရာစံ” ခေါင်းဆောင်တဲ့ တောင်သူ လယ်သမားတွေဟာ နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတယ်။ အင်္ဂလိပ်က သူပုန်တွေလို့ အမည်တပ်ပြီး လက်နက်တွေနဲ့ ရက်စက်စွာ ဖြိုခွင်းခဲ့တယ်။ ဆရာစံကို ဖမ်းဆီးရမိပြီး သာယာဝတီထောင်မှာ ကြိုးပေး သတ်ခဲ့ကြတယ်။ နောက်လိုက်တွေလည်း ကြိုးပေး သတ်ခဲ့တာပါပဲ။
 
၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ကိုနုနဲ့ ကိုအောင်ဆန်းတို့ ဦးဆောင်မှုနဲ့ ရန်ကုန်တက္ကသိုလ် “ဒုတိယ ကျောင်းသားသပိတ်ကြီး” ပေါ်ပေါက်ခဲ့တယ်။ ကျောင်းသား ဘဝမှာရော သခင်ဘဝမှာပါ နယ်ချဲ့ ပုလိပ်တွေ၊ စုံထောက်တွေရဲ့ ခြေရာခံ၊ နှောင့်ယှက်တာ ခံခဲ့ရတယ်။ ဂျပန်ကို သွားရသလို ထိုင်း (အမွိုင်) က ပြန်ဝင်တော့လည်း ပုလိပ်ရန်ကို ကြောက်လို့ ရုပ်ဖျက် ဝင်ကြရတယ်။
 
“၁၉၃၈” ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်မှာ ကျောင်းသား ခေါင်းဆောင် “ဗိုလ်အောင်ကျော်”ဟာ ကိုလိုနီ နယ်ချဲ့ရဲ့ မြင်းစီး ပုလိပ်တပ်ဖွဲ့ကို “မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” လို့ ကြွေးကြော်ခဲ့တယ်။ ဗိုလ်အောင်ကျော်ဟာ မြင်းစီးပုလိပ်တွေရဲ့ မြင်းခွာအောက်မှာပဲ ပုလိပ်တွေရဲ့ “နံပါတ်တုတ်”နဲ့ ရိုက်နှက်ခံရပြီး မရှုမလှ ကျဆုံးခဲ့ရတယ်။ အဲဒီနှစ်မှာပဲ မန္တလေးက ဆန္ဒပြသူ ရဟန်း၊ သံဃာ၊ ကျောင်းသားတွေထဲက ၁၇ ဦးဟာ ကိုလိုနီ ပုလိပ်တွေရဲ့ သေနတ်ထိမှန် ကျဆုံးခဲ့ပြန်ပါတယ်။ ကျဆုံးခဲ့တဲ့ ၂၆ (B) လမ်းကို “အာဇာနည်လမ်း” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

နယ်ချဲ့ အင်္ဂလိပ် အစိုးရကို ဆန့်ကျင်တရား ဟောခဲ့တဲ့ ဆရာတော် “ဦးဥတ္တမ”ကို ကုလားပုလိပ် ၂ဝ လောက်က ဝိုင်းဝန်း ဖမ်းဆီးပြီး အစိုးရဟာ ဆရာတော်ကို အရူးတွေနဲ့ ရောနှောပြီး “အရူးထောင်”မှာ ချုပ်ထားခဲ့တယ်။ ဆရာတော်ဟာ ဒုက္ခမျိုးစုံ ခံစားခဲ့ရတာပါ။
 
နယ်ချဲ့ အင်္ဂလိပ်တွေ၊ အရာရှိကြီးတွေရဲ့ မင်းပွဲ၊ စိုးပွဲတွေမှာ ပုလိပ်တပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက် ပေးရတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ “သခင်” အားလုံးကို လျှို့ဝှက် ဖမ်းဆီးကြတယ်။ နှိပ်စက် ညှဉ်းပန်းပြီး စစ်ဆေးရေးတွေ လုပ်ကြတယ်။
 
ကိုလိုနီခေတ်က ပုလိပ်တပ်ဖွဲ့ဟာ သူတို့နဲ့ အဆင် မပြေခဲ့သူကို နေအိမ်ဝင်းထဲ “ဘိန်း” ပစ်ဖမ်းတာမျိုး၊ ကျည်ဆန် ပစ်သွင်းပြီး ဖမ်းတာမျိုး စတဲ့ “မသမာ”တဲ့နည်းတွေ သုံးပြီး အမှုဆင် ဖမ်းခဲ့ကြတယ်။ ငိုနေတဲ့ ကလေးတောင် “ပုလိပ်ကြီးလာပြီ”ဆိုရင် အငို တိတ်သွားသတဲ့။ ကြောက်တာလေ၊ ပုလိပ်နဲ့ ခြောက်ကြတာ။

ထိုစဉ်က ရန်ကုန်မြို့လယ်ကောင်ရှိ တရုတ် ဘိန်းခန်းများ၊ ၃၆ ကောင် ဂျင်ဝိုင်းနှင့် ပြည့်တန်ဆာ အိမ်များမှာ ပုလိပ်တို့ ဝင်ထွက်ရာ နေရာများ၊ ဆက်ကြေး ကောက်ခံရာ နေရာများ ဖြစ်ခဲ့ပါတယ်။

ပုဏ္ဏားဘထွန်း၊ လမ်းမတော်ဖိုးတုတ်၊ ဗိုလ်တထောင်ငမိုး စတဲ့ ရာဇဝင် လူဆိုးတွေကို “ပုလိပ်တပ်ဖွဲ့”က ပြန်ကြောက်ရတဲ့ အချိန်ပါ။ ခါးပိုက် ဗိုလ်၊ ဖောက်ထွင်းဝိဇ္ဇာ စတဲ့ လူဆိုးတွေလည်း ပုလိပ်တပ်ဖွဲ့ကို အိတ်ထဲမှာ ထည့်ပြီး ထင်သလို မင်းမူခဲ့ကြတယ်။

ဖဆပလခေတ် ပုလိပ်တပ်ဖွဲ့

ဖဆပလ ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက်မှာ မြန်မာနိုင်ငံ ပုလိပ်တပ်ဖွဲ့ဟာ ရန်ကုန်မြို့တော် လုံခြုံရေးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၁၉၅၈ ခုနှစ် ကမ္ဘာအေး ကုန်းမြေမှာ ပြုလုပ်ခဲ့တဲ့ “ဆဋ္ဌသင်္ဂါယနာ” တင်ပွဲမှာလည်း အောင်မြင်အောင် ကူညီ ဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။ ပခုံးဒေါက်မှာ “ရဲဗမာ” စာလုံး တပ်ခဲ့တယ်။

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ မဲထည့်စဉ် ကာလတွေမှာလည်း မျှမျှတတ ဘက်မလိုက်ဘဲ ကူညီ ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်။ ဘယ်ပါတီ ဘက်ကိုမှ မလိုက်ခဲ့ဘူး။

ရဲတပ်ဖွဲ့ အသွင်ပြောင်းခြင်း

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ အသွင် ပြောင်းခဲ့တယ်။ ဒီနှစ်မှာ ထူးခြားတာက ရဲတပ်ဖွဲ့မှာ တိုက်ရည် ခိုက်ရည်ရှိတဲ့ သူတွေကို တပ်မတော်သို့ ကူးပြောင်း တာဝန်ထမ်းရွက် စေခဲ့သလို တပ်မတော်က အရာရှိကြီး တချို့လည်း ရဲတပ်ဖွဲ့ကို စတင် ကူးပြောင်း ခဲ့ကြတယ်။

၁၉၆၄ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ဆယ်နှစ်တာ ကာလမှာ ရဲတပ်ဖွဲ့ စည်းရုံးရေး လုပ်ငန်းတွေ အောင်မြင်ခဲ့တယ်။ “ရဲကြေးမုံ”စတဲ့ မဂ္ဂဇင်းတွေ လစဉ် ထုတ်ဝေခဲ့တယ်။ ပြည်သူတွေရဲ့ ထောက်ခံမှု အများဆုံး ရရှိခဲ့တဲ့ ကာလဖြစ်ပြီး “အဓိကရုဏ်း” နှိမ်နင်းရေးတွေလည်း ကြီးကြီးမားမား မကြုံတွေ့ခဲ့ရဘူး။ 

၁၉၇၄ ခုနှစ်မှာ “ဦးသန့် အရေးအခင်း”၊ ၁၉၇၅ ခုနှစ်မှာ “အလုပ်သမား အရေးအခင်း”တွေနဲ့ တွေ့ကြုံခဲ့ရတယ်။ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍက တည်တည်ငြိမ်ငြိမ်ပဲ ဆောင်ရွက်သွားနိုင်ခဲ့တယ်။ “၁၉၈၈” ခုနှစ် ဒီမိုကရေစီ တောင်းဆိုပွဲမှာတော့ ရဲတပ်ဖွဲ့ဟာ ထူးထူးခြားခြား ပြည်သူနဲ့ပူးပေါင်း ပါဝင်ခဲ့ကြတယ် (လုံထိန်းရဲက လွဲရင်ပေါ့)။

န.ဝ.တ ခေတ်

၁၉၈၈ ခုနှစ် နောက်ပိုင်းတပ်မတော် - အစိုးရ အာဏာရယူပြီးချိန်မှာ တဖြည်းဖြည်း ရဲတပ်ဖွဲ့ဟာ တပ်မတော်ရဲ့အောက်ကို တိုက်ရိုက် ရောက်သွားခဲ့တယ်။ ရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းဆိုင်ရာ နေရာ တော်တော်များများမှာ တပ်မတော်က ပုဂ္ဂိုလ်တွေ နေရာယူ ပြောင်းရွှေ့ လာခဲ့ကြတယ်။ 

“ဒီမိုကရေစီ” တောင်းဆိုမှုတွေကို ၂၂ နှစ်ကြာ မသိကျိုးကျွန် ပြုခဲ့တဲ့ တပ်မတော် အစိုးရဟာ ပြည်သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အကြိမ်ပေါင်း များစွာကို ကြုံရတယ်။ ဒီဆန္ဒပြုမှု၊ တောင်းဆိုမှုတွေကို မလိုက်လျောဘဲ အကြမ်းဖက် နှိမ်နင်းရေးကိုသာ ရှေးရှုခဲ့တယ်။ ဒါကြောင့်လည်း ၈၈ အရေးအခင်းမှာ အသုံးချခဲ့တဲ့ လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်း (လုံ/ ထိန်း) တွေကို အသစ် ထပ်မံ တိုးချဲ့ပြီး ဖွဲ့စည်းခဲ့ပြန်တယ်။ (ရဲတပ်ရင်းတွေ ၃ဝ ကျော်ထိ ဖွဲ့စည်းခဲ့ပါတယ်။)

ရဲတပ်ရင်းတွေ လာပြီ

စာရေးသူတို့ နိုင်ငံမှာ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးအခင်းကြီး မတိုင်မီက လုံထိန်း တပ်ရင်းတွေဟာ လက်ချိုး ရေတွက်ရင် တစ်ဒါဇင်တောင် မရှိပါဘူး။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်မှာ ရှိတဲ့ ဝေါထရိတ် အဆောက်အအုံကြီး ဖြိုခွဲ တိုက်ခိုက်ခံရပြီး နောက်ပိုင်းနယ်စပ် လုံခြုံရေးအတွက်၊ ဘူးသီးတောင်၊ မောင်တော၊ မုံရွာစတဲ့ နေရာတွေမှာ  “ရဲတပ်ရင်း”တွေ တိုးချဲ့ဖွင့်ခဲ့တယ်။
 
စစ်တွေ၊ ပြည် စတဲ့ လူမျိုးရေး အဓိကရုဏ်းဖြစ်တဲ့ နေရာ အားလုံးနဲ့ မြို့ကြီးတွေမှာလည်း လုံထိန်း အမည်ပြောင်း ရဲတပ်ရင်းတွေ တိုးချဲ့ဖွင့် ခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ လစာ စားပြီး စစ်တပ်ရဲ့ အလုပ်တွေ လုပ်ကြရတယ်။   ဖွဲ့စည်းပုံက တပ်မတော်က တပ်ရင်းအတိုင်းပါပဲ။

“ရဲတပ်ရင်း”တွေဟာ နောက်ပိုင်းမှာ ပြည်သူကို ဖြိုခွင်းဖို့အသွင်    ပြောင်းခဲ့တယ်။ အနာဂတ်အတွက် ကြိုတင် စိန်ခေါ်မှုနဲ့ အသင့်ပြင်ထားတဲ့ ပုံစံဖြစ်ခဲ့တယ်။ “ကွန်မန်ဒို” လို့ခေါ်တဲ့ လည်စည်း အနီရောင်နဲ့ တုတ်၊ ဒိုင်းတွေ ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ “ဘယ်ရီဂိတ်”ခေါ် သံဆူးကြိုးတွေကိုတွေ့ရင် ပြည်သူတွေ သွေးလန့်နေကြတယ်၊ ဒီမြင်ကွင်းတွေကို မမြင်လိုကြဘူး။

ဒီအဆင်တန်ဆာတွေကို “ဒီမိုကရေစီ” နိုင်ငံတော်က ရဲတပ်ဖွဲ့ တော်တော်များများမှာ မတွေ့ရတော့ပါဘူး။ “တိုက်ပွဲဝင် ဝတ်စုံ”တွေဟာ စစ်တပ်ရဲ့ “အဆင်တန်ဆာ”တွေပါ။

လက်နက်ဖွဲ့စည်းပုံ

အင်္ဂလိပ်လက်ထက်က (Military-Police) စစ်ရဲတွေဟာ ဒီကနေ့ ရဲတပ်ရင်း အသွင်ပြောင်းပြီး၊ (Civil) လို့ခေါ်တဲ့ မြို့ပြရဲကတော့ လူထုအကြားမှာ ရှိနေတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တပ်မတော် အစိုးရလက်ထက် ၂ဝဝ၃ ခုနှစ်မှာ ယူနီဖောင်း အရောင် ပြောင်းခဲ့တယ်။ ဒီကနေ့ ကိုလိုနီ အငွေ့အသက်ပါတဲ့ “ကာကီ”ရောင်တွေကို စွန့်ပယ်ခဲ့ပြီး မီးခိုးရောင်နဲ့ နက်ပြာရောင် ပြောင်းခဲ့တယ်။ လိုအပ်တဲ့ မော်တော်ယာဉ်၊ စကားပြောစက်တွေ ထုတ်ပေးခဲ့တယ်။

အရေး အကြီးဆုံးဖြစ်တဲ့ လက်နက် ဖွဲ့စည်းပုံကတော့ ဒီကနေ့ ဒီမိုကရေစီ အစိုးရလက်ထက်ထိ မပြောင်းလဲသေးပါဘူး။ မြို့ပြရဲတွေဟာ  စစ်လက်ကျန်ဖြစ်တဲ့ “ရိုင်ဖယ်”သေနတ်တွေ ကိုင်နေကြရပါသေးတယ်။  နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်ခဲ့တဲ့ ဒီသေနတ်တွေဟာ လုံးဝ ခေတ်မမီတော့ပါဘူး။ ကမ္ဘာက လေးစားတဲ့ ရဲတပ်ဖွဲ့ဖြစ်လာအောင် ခေတ်မီလက်နက်တွေ ပြောင်းလဲ ပေးသင့်ပါတယ်။
 
ယူနီဖောင်း အရောင်ပြောင်းလဲခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ရေးရာတွေ ပြောင်းလဲပြုပြင် ပေးဖို့လည်း လိုပါတယ်။

နေအိမ်လိုင်းခန်း၊ အဆောက်အအုံများ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ ရဲတပ်ဖွဲ့ဝင်တွေအတွက် အဆောက်အအုံသစ်တွေ ဆောက်ပေးခဲ့တာ တွေ့မြင်ရပေမယ့် နယ်မြို့ကလေးတွေမှာတော့ အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တဲ့ အဆောက်အအုံတွေနဲ့ ဖဆပလ အစိုးရလက်ထက် ဆောက်ခဲ့တဲ့ အဆောက်အအုံတွေက များပါတယ်။ နှစ်သက်တမ်းတွေက ကြာပြီမို့ လုံခြုံမှု မရှိပါဘူး။ သစ်ပင်လဲပြီး လိုင်းခန်းပေါ် ကျတဲ့အတွက် အသက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်။

ဒီကနေ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ “ရမည်းသင်း” ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်လိုင်းခန်းပေါ်ထိ တက်ကြည့်ခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေအတွက် ဝမ်းသာစရာ ပြောင်းလဲမှု ဆုလာဘ် တစ်ခု မကြာမီ ရမယ်လို့ မျှော်လင့်ရပါတယ်။ မိသားစု လုံခြုံမှုက အရေးကြီးပါတယ်။ အဆင့်မီတဲ့ အဆောက်အအုံသစ်တွေ ဆောက်ပေးဖို့ လိုပါတယ်။
 
ယနေ့ ရဲတပ်ဖွဲ့ ဆောက်ရွက်မှုများ

ယနေ့ မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသည့် လူဦးရေ ၅၁ သန်းကျော်နှင့် နှိုင်းယှဉ်ပါက သိန်းဂဏန်းကျော်မျှသာ ရှိတဲ့ ရဲတပ်ဖွဲ့ အင်အားက အလွန် နည်းပါးနေပါသေးတယ်။ အစိုးရသစ် လက်ထက်မှာ အမြန်လမ်းမကြီး လုံခြုံရေး ရဲတပ်ဖွဲ့၊ နိုင်ငံခြားသား ကူညီ စောင့်ရှောက်ရေး တပ်ဖွဲ့နဲ့ ရေကြောင်း လုံခြုံရေး တပ်ဖွဲ့တွေ တိုးချဲ့ ဖွဲ့စည်းခဲ့တာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သမိုင်းမှာ ထူးခြားချက် တစ်ရပ် ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေး အနေနဲ့ ကိုင်းဖျား၊ ကိုင်းနားပဲ ဖမ်းဆီးရမိပြီး “ပင်စည်” အပိုင်းကို မဖမ်းဆီးနိုင်သေးပါဘူး။ ဒီကြားထဲ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိတာလည်း ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို အနည်းနဲ့အများ ထိပါးစေပါတယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(Interpol) အာဆီယံရဲတပ်ဖွဲ့ (Asian-Police) တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ၊ အိမ်နီးချင်း ဖြစ်တဲ့ တရုတ်၊ ထိုင်းရဲတပ်ဖွဲ့တွေနဲ့ မှုခင်း ကာကွယ်တာ၊ တရားခံ အပြန်အလှန် ဖမ်းဆီးကူညီ ပေးတာတွေကတော့ အလွန် ကောင်းပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးသလိုပဲ ကျွန်းသစ်၊ တမလန်းစတဲ့ အဖိုးတန်   သစ်တွေနဲ့ ကျောက်စိမ်း စတဲ့ မြေသယံဇာတတွေ ဖမ်းဆီးရာမှာလည်း  ပိုင်ရှင်မဲ့ (Unclaimed) တွေ မကြာခဏ ဖမ်းမိတာ တွေ့ရတယ်။ တရားခံ (ပိုင်ရှင်) ကို ရေဆုံး၊ မိုးဆုံးထိ လိုက်လံ ဖမ်းဆီးဖို့ တာဝန် ရှိပါတယ်။ အထက်ကလည်း ပိုင်ရှင်မဲ့လိုဟာမျိုးကို ခွင့်မပြုသင့်ပါ။

မကြာခဏ ဆိုသလို ပိုင်ရှင်မဲ့ ဖမ်းဆီးမိတာ ပြည်သူတွေက ရဲတပ်ဖွဲ့ကို အထင်သေးစေပါတယ်။ ပြီးတော့ မှုခင်းကာကွယ်ရေး ဆောင်ရွက်ရာမှာ ဆိုင်ကယ်တွေ၊ ကားတွေ အများကြီး စီတန်း လှည့်လည်ပြီး အင်အားပြတဲ့ (Show of Force) ပုံမျိုး၊ ဓာတ်ပုံသတင်း (Photo News) ဆန်ဆန် အပေါ်ယံ ဟန်ပြ လုပ်တာမျိုးတွေကို ပြည်သူတွေ မကြိုက်နှစ်သက်ပါဘူး။

“ဖားကန့်”မှာ အစည်းအဝေး လုပ်ရင်း ခြောက်လုံးပြူးနဲ့ ထုတ်ချိန်တာမျိုး၊ မင်္ဂလာတောင်ညွန့်မှာ တာဝန်ချိန် သောက်စား မူးယစ်တာမျိုး၊  ပြည်သူ အထင်အမြင် သေးစေမယ့် ပြစ်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်တွေကိုတော့ ပွင့်လင်းမြင်သာ အရေးယူဖို့ လိုအပ်ပါတယ်။

ရဲတပ်ဖွဲ့၏ ပုံရိပ် (Image) ကို ထိခိုက်စေသော အကြောင်းအရာများ 

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ယခင်အစိုးရဟောင်း လက်ထက်က အကြမ်းဖက် နှိမ်နင်းမှုများတွင် လက်ပန်းတောင်းတောင် သပိတ်စခန်းအား မီးလောင်ဗုံးများ ပစ်သွင်း ဖြိုခွဲသည့်ကိစ္စ၊ လက်ပံတန်းတွင် ဆန္ဒပြ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ရက်စက်စွာ အင်အားသုံး ရိုက်နှက် ဖြိုခွဲခဲ့သည့် ကိစ္စ၊ ဟင်္သာတခရိုင် မလက်တို ကျေးရွာတွင် အကြမ်းဖက် ဖြိုခွဲခဲ့သည့် ကိစ္စရပ်များမှာ ရဲတပ်ဖွဲ့ သမိုင်းကို အကျည်းတန် အရုပ် ဆိုးစေသည်”လို့ ပြည်သူတွေ ရင်ထဲမှာ စွဲနေခဲ့တယ်။
 
ဒီကနေ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ် ဆိုပြီး အသွင်ပြောင်း လုပ်နေတယ်။ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေဖြစ်တဲ့ လုပ်အားပေး ကိစ္စတွေ၊ သဘာဝဘေး ကယ်ဆယ်ရေးတွေ၊ မှုခင်း ပညာပေးခြင်း ဆောင်ရွက်တာတွေကို စီမံချက် ချပြီး လုပ်နေတာတွေလည်း တွေ့ရပါတယ်။ ဘယ်လိုပဲလုပ်လုပ် ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှု၊ ချစ်ခင် လေးစားမှုကိုတော့ အချိန်ယူပြီး လုပ်ကြရဦးမှာပါ။ လွယ်လွယ်နှင့် မရနိုင်ပါဘူး။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၂ဝ (ဂ) မှာ “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်”လို့ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဟာ “သမ္မတ” အောက်မှာ သီးခြား ရပ်တည်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာပြီး ပြည်သူ့အကျိုးကို ဟန်ပြသက်သက် မဟုတ်ဘဲ အမှန်တကယ် သယ်ပိုးမည့် ဒီမိုကရေစီ ရဲတွေ ပေါ်ထွန်းလာဖို့ ပြည်သူအားလုံးရဲ့ အလိုလားဆုံး ဆန္ဒပါ။

စာရေးသူတို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ “ငါးလောင်းပြိုင်” လူသတ်မှု၊ “လေး လောင်းပြိုင်” လူသတ်မှုတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြီးမားဆုံး စိန်ခေါ်မှုတွေပါပဲ။

ရဲတပ်ဖွဲ့နေ့ကို ကြိုဆို

ပြည်သူတွေ ချစ်ခင်လေးစား၊ အားကိုးရမည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး ဖြစ်လာစေဖို့ ၁-၁ဝ-၂ဝ၁၆ နေ့မှာ ကျရောက်မည့် ၅၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆို ရေးသားလိုက်ပါတယ်။

ရဲနောင်လင်း
The Voice

0 comments:

Post a Comment