Wednesday, March 23, 2016

ရိုးသားသော ပြည်သူ့အစိုးရ ဖြစ်စေလို

အစိုးရသစ်၏ ဝန်ကြီးများစာရင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လျာထားခံရသူ ဦးကျော်ဝင်း ရရှိထားသည့် ပါရဂူဘွဲ့မှာ အစစ်အမှန် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ယင်းသတင်းနှင့် ပတ်သက်၍ ကာယကံရှင် ကိုယ်တိုင်က အလိမ်ခံရခြင်း ဖြစ်ကြောင်း သို့သော် ၎င်းကိုယ်တိုင်မှာမူ အချိန်ကုန်၊ ငွေကုန် ကြိုးစားခဲ့သောကြောင့် ကိုယ်ရေးအချက်အလက်တွင် ထည့်သွင်းခဲ့ကြောင်း လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသွားခဲ့ရာ ပို၍ ဝေဖန်သုံးသပ်စရာ ဖြစ်သွားခဲ့သည်။


ယခင်အစိုးရ လက်ထက်က တပ်မတော် အရာရှိကြီးများနှင့် များစွာ နီးကပ်သော ဆက်ဆံရေး ထူထောင်ကာ ကြီးပွားချမ်းသာခဲ့ကြသူများအနက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အတုဖြင့် ဒေါက်တာဘွဲ့ တပ်ခဲ့သူကို အစိုးရက တရားဝင် အသိအမှတ်ပြုသည့် သဘောဖြင့် ယင်းဒေါက်တာဘွဲ့တပ်၍ တရားဝင် ခေါ်ဝေါ်သုံးစွဲခဲ့သည့် သာဓက ရှိခဲ့ရာ ယင်းအခြေအနေ၊ ယင်းစနစ်နှင့် ယင်းဆက်ဆံရေး ပတ်သက်မှုများအရ ပြောစရာ မရှိသော်လည်း ယနေ့အခြေအနေတွင်မူ ပြောစရာ ဖြစ်လာနိုင်ပေသည်။

အစိုးရအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာ ပါတီတစ်ခု၏ ပုံရိပ်သာမက နိုင်ငံတော်တစ်ခုလုံး၏ မျက်နှာစာ သို့မဟုတ် မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံး၏ ဂုဏ်သိက္ခာကိုပါ ကိုယ်စားပြုနေသောကြောင့် အစိုးရအဖွဲ့အတွင်း ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ မည်မျှအရေးကြီးကြောင်း သာမန်စဉ်းစားတတ်သူတိုင်း နားလည်နိုင်ပေသည်။

ပြည်သူလူထု အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အတိုင်းထက်အလွန် အားကိုးချစ်ခင် ယုံကြည်လေးစားမှု ရှိနေသည့်အတွက် အစိုးရအဖွဲ့အတွင်း မည်သူ့ကို ခန့်ထားတာဝန်ပေးသည် ဖြစ်စေ လက်ခံကြမည် ဖြစ်သော်လည်း အစစ်အမှန် မဟုတ်သော ပညာအရည်အချင်းနှင့် ပတ်သက်၍မူ လက်ခံပေးရန် ခက်ခဲမည် ဖြစ်သည်။

ပညာရေးနယ်ပယ်တွင် နိုင်ငံတကာ တက္ကသိုလ်များမှ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိထားသူများ အနေနှင့်မူ ၎င်းတို့ကိုယ်တိုင် မည်သို့ ကြိုးစားအားထုတ်ခဲ့ရသည်၊ တတိယ ကမ္ဘာ့နိုင်ငံများကို ဦးတည်သော အမည်ခံ အွန်လိုင်းတက္ကသိုလ်များ၏ အစစ်အမှန် မဟုတ်သော မဟာဘွဲ့၊ ပါရဂူဘွဲ့များ မည်သို့မည်ပုံ ရှိသည် ဆိုခြင်းတို့ကို ခွဲခြားသိမြင်နိုင်ကြသည့် အတွက် ဝန်ကြီးအလျာထားခံ ဦးကျော်ဝင်း၏ အငြင်းပွားဖွယ် ပညာရေးမှတ်တမ်းနှင့် ပတ်သက်၍ ပညာရှင်များအကြား အထူးဝေဖန် ဆန်းစစ်စရာ ဖြစ်သွားခဲ့သည်။
မြန်မာပြည်သူလူထုသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်တွင် ရိုးသားမှုဆိုသော စကားလုံး နေရာမရခဲ့သောကြောင့် ဒီမိုကရေစီ အစိုးရလက်ထက် မိမိတို့ကိုယ်တိုင် အသည်းကြားက ဆန္ဒမဲ တစ်ပြားစီဖြင့် ရွေးချယ်ပေးခဲ့သော ပြည်သူ့အစိုးရ ဖြစ်လာချိန်တွင်မူ ရိုးသားသော အစိုးရဖြစ်ရန် အနိမ့်ဆုံးအားဖြင့် မျှော်လင့်နေကြပေသည်။

ထို့ကြောင့် ပြည်သူလူထုက လေးစားယုံကြည်သော၊ ရိုးသားဖြောင့်မတ်သော အစိုးရအဖြစ် ပြသရန်နှင့် မူလကပင် NLD ပါတီအပေါ် အမြင်မကြည်လင်ခဲ့ကြသူများ ထိုးနှက်တိုက်ခိုက်စရာ လက်နက်တစ်ခု တပ်ဆင်ပေးလိုက်သကဲ့သို့ ဖြစ်မသွားစေရန် လက်ရှိအစိုးရအဖွဲ့ အမည်စာရင်းတွင် ပါဝင်သော ဝန်ကြီးများ၏ ပညာအရည်အချင်းကိုလည်း သေချာစွာ ပြန်လည်စိစစ်သုံးသပ်သင့်ပြီး နောင်တွင် အငြင်းပွားဖွယ်ရာ နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်လာစေရေးအတွက် လိုအပ်ပါက ပြင်ဆင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းအားဖြင့် ရိုးသားဖြောင့်မတ်မှုအပေါ် အလေးအနက် တန်ဖိုးထားခြင်းကို ပြသပါမည့်အကြောင်း အကြံပြု တိုက်တွန်းအပ်ပေသည်။


The Voice Daily

1 comments:

  1. Actually I know so less about politics and govt issues but this article is so clear that even I could understand CVR NEWS

    ReplyDelete