Wednesday, March 16, 2016

စောင်းမင်းသမီးလေး


ဆံပင်အုပ်လုံးသိမ်းနှင့် အသက်(၂၈) နှစ်အရွယ် အမျိုးသမီးလေး တစ်ဦး။ သူမရင်ခွင် အတွင်းမှာ မြန်မာ့ ရိုးရာ စောင်းကောက် တစ်လက်ကို ပိုက်ထားရင်း သီချင်း တစ်ပုဒ်ကို တီးပြသည်။ အဆိုလည်းပါ၏။

အောင်ဇေယျတု သဗ္ဗမင်္ဂလံ xxx အောင်အတိတ်ကျော်သံ xxx ကျက်သရေ တိုးလို့ xxx တက်နေ တန်ခိုး စတဲ့ ပီသကြည်မြတဲ့ ဆိုသံက စောင်းသံနှင့် အင်မတန် လိုက်ဖက် လှသည်။ ကျွန်တော်ပင် စည်းချက် လိုက်နေ မိတော့၏။ ထို ဆယ့်ခြောက်ကြိုးတပ် စောင်းကြိုးများပေါ် သူမ၏ လက်ဖျားကလေးများ လှုပ်ရှား သွားတိုင်း အသံတစ်သံချင်းစီ ထွက်လာ၏။ ထိုအသံများကို စုပေါင်းရာမှ သီချင်း တစ်ပုဒ်၏ တီးကွက် တစ်ခု ဖြစ်လာ၏။စောင်းသံက မြန်မာ့ ဆိုင်းဝိုင်းကြီးများ၏ သံစဉ်လို ရင်ထဲအုံနှင့် ကျင်းနှင့် မ၀င်ရောက်။ မသိမသာ၊ ဖြည်းညင်းစွာ ၀င်ရောက်သည်။ သို့သော်ရင်ထဲမှ ပြန်ထွက် သွားဖို့တော့ ခဲယဉ်း၏။ ကျွန်တော် ထိုသို့ ထင်မြင်မိ၏။ စမ်းချောင်း စီးသံလို၊ မိုးပေါက် ကလေးများ ကျသလို၊ ကြည်နူး သလိုလို၊ ၀မ်းနည်း သလိုလို ဖြစ်မိ၏။ ထင်မိ၏။ သို့သော် ထိုအမျိုးသမီးက သူ့ စောင်းသံနှင့် ပတ်သက်၍ ကျွန်တော့် ဖြစ်အင်ကို သတိထား မိဟန်မတူ။ စိတ်ပါလက်ပါ ဆိုတီးတုန်းပင်။

သူမ၏ နာမည်က ချိုမူဝင်း။ သူမ ၏မိခင်က စောင်းနှင့် ပတ်သက်၍ နာမည်ကြီးခဲ့သည့် စောင်းပညာရှင်ကြီး ဒေါ်မူမူသိန်း။ တစ်နည်း စောင်းမူမူသိန်း။ ထို့ကြောင့် သူမကိုလည်း သမီး မူမူသိန်းဟု ခေါ်တွင် စေ၏။ ကျွန်မကို အမေက စောင်းပညာရော၊ နာမည်ရော အမွေပေးခဲ့တယ် ဟု သူမက ဆိုသည်။ မြန်မာ့ စောင်းကောက်သည် လှပ တင့်တယ်၏။ ကျက်သရေရှိ၏။ မြန်မာတို့၏ ရှေးဟောင်း အမွေအနှစ် တူရိယာ အစစ်လည်း ဖြစ်၏။ တီးခတ်သူ အပေါ် မူတည်၍ သာယာ လှပသည့် သံစဉ် များကို ကျွန်ုပ်တို့ နားဆင်နိုင်ပေ၏။

စောင်းတီးကွက်သည် ခံ့ညား၏။ စောင်းသံသည် သာယာနာ ပျော်ဖွယ်ရှိ၏။ တီးဖို့ရန် ခက်ခဲ လိမ့်မည် ဟု ကျွန်တော်ထင်၏။ သို့သော် သမီး မူမူသိန်း အတွက်က ခက်ခဲသည်ဟု မထင်။ ပင်ပန်းသည်ဟု မထင်။ ကျွန်မ ရှစ်နှစ်သမီး လောက်ကတည်းက စောင်းစတီး လာတာ။ သီချင်းလည်း ဆိုခဲ့တယ်။ ပြိုင်ပွဲ လည်း ၀င်ခဲ့တယ် ဟုပြောသည်။

စောင်းသည် ရှေးအကျဆုံးသော တူရိယာတစ်မျိုး ဖြစ်သည်။ ရှေးခေတ် လူတို့သည် သားရဲ တိရိစ္ဆာန် များကို လေးမြားဖြင့် လိုက်လံ ပစ်ခတ်ရာမှ လေးညှို့ခတ်သံရဲ့ သာယာမှုကို အကြောင်းပြု၍ စောင်းတူရိယာကို စတင် တီထွင်ခဲ့သည်ဟု ကမ္ဘာ့ ဂီတလောကမှ သုတေသီများက ယူဆကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်လောက်က အစပြု၍ ဆူးမားပြည်နှင့် အီဂျစ်ပြည်များတွင် စောင်းတူရိယာ များ ပေါ်ပေါက်ခဲ့သည်ဟု လည်း အဆို ရှိပါသည်။ မြန်မာ့စောင်းကောက်သည် အိန်္ဒိယ ယဉ်ကျေးမှုမှ ဆင်းသက် လာသည် ဟူ၍ သုတေသီတို့က ယူဆကြသည်။ ပုဂံမြို့၊ အာနန္ဒာဘုရား စေတီတော် အတွင်းရှိ ကျောက်ရုပ်တု များတွင် စောင်းကောက်ပုံများ တွေ့ရခြင်း အားဖြင့် မြန်မာနိုင်ငံ၌ ရှေးပုဂံခေတ် ကတည်းက စောင်းကောက် တူရိယာ ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုခေတ်က မင်းခမ်းမင်းနားများတွင် သာမက တောင်သူ လယ်သမား များနှင့် ဆင်းရဲသားတို့ တွင်လည်း စောင်းကောက် တူရိယာ ခေတ်စား ခဲ့ကြောင်း ရှေးဟောင်း ပန်းပု၊ မင်စာ၊ ကျောက်စာများ အရ သိရသည်။ ယင်းအထောက်အထား များကို မူတည်၍ မြန်မာ နိုင်ငံတွင် စောင်းကောက် တူရိယာ ပေါ်ပေါက် လာခဲ့သည်မှာ နှစ်ပေါင်း (၈၀၀) ကျော် (၉၀၀) လောက် ရှိပြီဟု ခန့်မှန်း နိုင်ပါသည်။

အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များ ၌လည်း စောင်းပညာ လေ့လာလိုက်စား ကြသည်။ တောင်ငူ ဘုရင် နတ်ရှင်နောင်၊ ဘကြီးတော် ဘုရား၊ အနောက် နန်းမတော် မမြလေး၊ မြ၀တီ မင်းကြီး ဦးစတို့ ကိုယ်တိုင် စောင်းပညာ လေ့လာကြကြောင်း စောင်းဦးထွန်းရှိန်၏ စောင်းပညာနှင့် ကျွန်တော့် ဘ၀စာအုပ်တွင် ဖော်ပြ ထားသည်။ သမီး မူမူသိန်း အတွက်တော့ စောင်းသည် ဘ၀ ဖြစ်သည်။ စောင်းသည် အနုပညာ ဖြစ်သည်။ စောင်းသည် မျှော်လင့်ချက် ဖြစ်သည်။ စောင်းတီးနေရ လျှင်ဖြင့် အရာ အားလုံးကို လျစ်လျူရှုနိုင်သည်ဟု ပင်ထင်နေသူ။

သူမကို စတင် မွေးဖွားသည့် ခုနှစ် က ၁၉၈၈ ခုနှစ်။ မွေးချင်း သုံးဦးတွင် ဦးဆုံး သမီးကြီး။ အသက် ရှစ်နှစ် အရွယ်မှစ၍ သူမ မိခင်က စောင်းတီးသင်ပေး ခဲ့သည်။ တုတ်ဖြင့် ထောက်၍ သင်ပေး ခဲ့သည်။ ငိုခဲ့ ရသည် မှာလည်း အခါခါ။ ငိုရင်းဖြင့် တီးခဲ့ရသည် မှာလည်း အခါခါ။ ထိုသို့ ငိုရင်း လေ့ကျင့်တီးခတ်ခဲ့ ရသည့် ရလဒ် အဖြစ် နိုင်ငံတော်က ကျင်းပခဲ့သည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ များတွင် ရွှေဆုလေးဆု အပါအ၀င် ဆုတံဆိပ် ခြောက်ဆု ရရှိခဲ့သည်။ နိုင်ငံခြား တိုင်းပြည်များသို့ စေလွှတ်ခြင်းခံခဲ့ ရပြီး နိုင်ငံပေါင်း (၁၂) နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထိုအထဲတွင် ဒေါ်မမနိုင် ရုပ်သေး အဖွဲ့ဖြင့် သွားခြင်းများလည်း ပါဝင်သည်။

သို့သော် အရာအားလုံးထက် သူမ၏ မိခင် ပြောစကားကို ပိုလို့ မှတ်မိနေ ခဲ့သည်။ မေမေ မှတ်မှတ်ရရ ပြောတဲ့ စကား။ သမီး... ဒီပညာကို ဘယ်တော့မှ မတိမ်ကော မပပျောက်ရအောင် ငါ့သမီး အနေနဲ့ အတတ် နိုင်ဆုံး ထိန်းသိမ်းရမယ်။ လူငယ်တွေ ကိုလည်း လက်ဆင့်ကမ်းရမယ် ဟု သူမက ပြောသည်။ စောင်းပညာရပ် ကို လေးစား တန်ဖိုးထားသည့် သူတစ်ဦး အတွက် ထိုစကားသည် လက်တွေ့ကျ ပါသည်။ သို့သော်ထို စောင်းပညာရပ်ကို လက်ဆင့်ကမ်းဖို့ ကြိုးစားရာ တွင်တော့ သူမ အခက်အခဲများကြုံခဲ့ ရသည်။

အတတ်နိုင်ဆုံး ကလေးတွေကို သင်ပေးတယ်။ ဘယ်လောက်ပဲ အားထုတ် သင်ပေးပေမယ့် သူတို့ မလိုက်နိုင်ကြဘူး။ ခက်တယ်။ တော်ရုံလူ မရနိုင်ဘူး ဟု သူမက ဆို၏။ ၂၀၀၈ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် သူမ၏ အမေ ဆုံးပါးခဲ့သည်။ သူမ အမေ မဆုံးခင်က စောင်းတီးဝိုင်း တစ်ခု ထူထောင်ခဲ့သည်။ ထို တီးဝိုင်းကို သူမ အမွေ ဆက်ခံခဲ့သည်။ မင်္ဂလာ ဧည့်ခံပွဲ၊ ဘုန်းကြီး ပူဇော်ပွဲ၊ အလှူပွဲ၊ မွေးနေ့ မင်္ဂလာပွဲ စသည့် စသည့် ပွဲများတွင် လိုက်လံ ဖျော်ဖြေခဲ့သည်။ တစ်ရက်၊ နယ်ဘက် အလှူပွဲ တစ်ခုတွင် စောင်းတီး ဖျော်ဖြေနေရင်း စောင်းကြိုးပြတ်သွား ခဲ့သည်။ အောက်က လူငယ်တွေက စောင်းကြိုးပြတ် သွားတယ်။ ကြေးနန်းကြိုး ယူမလားတဲ့။ သူမက ၀မ်းနည်းစွာ ပြောသည်။

တစ်ခါက ဆိုလည်း သင်္ဘောပေါ်မှာ မွေးနေ့ပွဲ ဆိုပြီး သွားတီးတာ။ ကိုယ်တွေ သွားတော့ သူတို့က အရက်ထိုင်သောက် နေကြတယ်။ သူတို့ တွေရဲ့အကြည့်၊ စိတ်ခံစားချက်တွေက မတူတော့ဘူး။ သာမန်စိတ် မဟုတ်တော့ဘူး။ ဒါမျိုး သုံး၊ လေးကြိမ်လောက် ကြုံဖူးတယ် ဟု ဆို၏။ အနုပညာဟု ဆိုရာတွင် စာပေ၊ ဂီတ၊ ပန်းချီ စသည့် စသည့်တို့ ပါဝင်နေသည်။ အနုပညာသည် ရောင်းကုန် မဟုတ်။ အနုပညာသည် အရက်နှင့် မြည်းစရာ အမြည်း မဟုတ်။ အနုပညာသည် အသုံးချစရာ မဟုတ်။ အနုပညာသည် ဇိမ်ခံပစ္စည်း မဟုတ်။ ကျွန်တော် ထိုသို့ ယူဆသည်။

ကျွန်မ ဒီစောင်းပညာကို မြတ်နိုးတယ်။ ဒီစောင်းပညာက ဘယ်လောက်တန်ဖိုး ရှိသလဲ။ ဒီအနုပညာက ဘယ်လောက် တန်ဖိုးရှိသလဲ။ ဒီအနုပညာထဲ မှာမှ စောင်းပညာက ဘယ်လောက် ခက်ခဲနက်နဲ သလဲ။ ဒီစောင်းပညာကို မခံစားတတ်နိုင် တောင်မှ မစော်ကားစေချင်ဘူး။ လေးစားစေ ချင်တယ်။ တချို့က မလေးမစားနဲ့ လျှောက်ပြော တာတွေ ရှိတယ်။ စောင်းတီးပြပြီဆို သမ်းပြတာတွေ ရှိတယ် ဟု သူမဆိုသည်။

ဂီတတွင် ဘာသာစကား အဆီးအတားမရှိ။ နယ်မြေ အကွာအဝေး မရှိ။ အနောက်မှ အရှေ့သို့ လည်းကောင်း၊ အရှေ့မှ အနောက်သို့ လည်းကောင်း၊ ကူးလူး ဆက်ဆံနေကြသည်။ အရှိန်အဟုန် ပြင်းပြင်းဖြင့် ထိုးဖောက် ၀င်ရောက်နေသည့် အနောက်တိုင်း ဂီတ သံစဉ်တွေ ကြားမှာ မြန်မာ့ရိုးရာ ဂီတ သံစဉ်များက ကျားကုတ် ကျားခဲ ရုန်းကန်နေ ကြသည်။ အချို့ဆို ပျောက်ကွယ်သွား ကြပြီး ဖြစ်သည်။ ဒါကို သူမက တတ်နိုင် သလောက် ကျားကန်ချင်သည်။ တတ်နိုင်သလောက် ပံ့ပိုးချင်သည်။ တတ်နိုင် သလောက် လက်ဆင့်ကမ်း ချင်သည်။

စောင်းပညာရပ် အပေါ် မြတ်နိုးမှု၊ တန်ဖိုးထားမှု၊ လေးစားမှု များကို သူမ မျက်ဝန်းတွင် အထင်းသား တွေ့ရ၏။ တစ်ချိန် တစ်ခါတုန်း မြန်မာနိုင်ငံ အစိုးရက ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ များကို ၀ှီးချဲ ကျင်းပပေးခဲ့ ဖူးသည်။ သို့သော် ထိုပြိုင်ပွဲများက ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်ခဲ့ သနည်း။ လိုအပ်သည့် အတိုင်းအတာ အထိ မရောက်ခဲ့ဟု သူမက ယူဆသည်။ ယခုတော့ ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲ များက ဘာသံမှ မကြားရတော့။ တီဗွီမှာလည်း မဟာဂီတ သီချင်းကြီးတွေ လာတာလည်း မတွေ့ရတော့။

နိုင်ငံတော်က အဓိက ကူညီပံ့ပိုးပေးဖို့ လိုတယ်။ အစစအရာရာ မြှောက်စားရ မှာပေါ့။ ဆိုင်း၊ ကီးဘုတ် အကုန်ပေါတယ်။ စောင်းတစ်ခုပဲ ရှားနေတာ။ နိုင်ငံတကာမှာဆို ရိုးရာကို အားပေးတယ်။ ဒီမှာလည်း အားပေး စေချင်တယ်။ လူကြီးတွေ ကလည်း သူတို့ အလုပ်နဲ့သူတို့ ရှုပ်နေကြတယ် ထင်တယ်။ ဆို၊ က၊ ရေး၊ တီး ဆိုတဲ့ ပြိုင်ပွဲ အသံတောင် မကြားရတော့ဘူး ဟု သမီး မူမူသိန်းက ပြောသည်။

ပြီးတော့ သူမက သူမ၏ မိခင်နှင့် ပတ်သက်၍ လည်းကောင်း၊ စောင်းပညာနှင့် ပတ်သက်၍ လည်းကောင်း သူမ၏ သဘောထား များကို ရေးသား ထားသည့် စာရွက်တစ်ရွက် ပေးသည်။ သူမ ရေးသားထားသည့် အတိုင်း ကျွန်တော် ဖော်ပြချင်သည်။ မေမေ့အကြောင်း တွေးမိတိုင်း မျက်ရည်ကျ မိတယ်။ မြှောက်စားပေးခဲ့တဲ့ မေမေ့ကြောင့် ယခုလို အောင်မြင်မှုရခဲ့ တာပါ။ ကိုယ့်ရဲ့ တတ်စွမ်းတဲ့ အနုပညာနဲ့ ဒီထက်မက အောင်မြင် အောင်လို့ ကြိုးစားရဦး မှာပါ။ မိဘ မရှိတော့ ပေမယ့် မိဘက ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကြိုးစားနေ ပါတယ်။ မိခင်၊ ဖခင်တွေ သက်ရှိ ထင်ရှားရှိ နေဦးမယ် ဆိုလည်း ကျေးဇူး တရားတော် တွေက ဘယ်တော့မှ ဆပ်လို့ ကုန်နိုင်မှာ မဟုတ်ဘူး။ ထိုနည်းတူစွာ ညီမကို သင်ပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တို့ရဲ့ ကျေးဇူးတွေ ကလည်း ဆပ်လို့ မကုန်ပါဘူး။

စောင်းပညာရပ်ကို တော်ရုံတန်ရုံ ပါရမီနဲ့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေရှိ သော်လည်း ဇွဲ၊ လုံ့လ၊ ၀ီရိယ သုံးပါး စလုံး ညီနေမှသာ ရမှာ ဖြစ်တယ်။ အခုခေတ် လူငယ်တွေက စိတ်မ၀င်စားရတဲ့ အကြောင်းအရင်း တစ်ခု ရှိလိမ့် မယ်လို့ ထင်တယ်။ အဲဒါကတော့ သိပ်ကို ခက်ခဲနေလို့။ ပြီးတော့ စောင်းမှာ လိုတဲ့ အသံတွေကို ဘယ်ဘက် လက်မလေးကနေ ထောက်ယူရတာ ဖြစ်တယ်။ ထောက်ပြီး ဆိုလည်း လိုချင်တဲ့ အသံ ထိရောက်အောင် ပီပီပြင်ပြင် ထောက်ယူနိုင်မှ ရတာ။ အဲဒါမှလည်း နားထောင်တဲ့ သူက သာယာ ငြိမ့်ညောင်းပြီး ပြီးပြည့်စုံတဲ့ ရသ အစစ်အမှန်ကို ခံစားရရှိမှာ ဖြစ်တယ်။ အဲဒီ အတွက်ကြောင့် သူတို့မှာ စိတ်တွေ ကလည်း များ သွားပြီ။ ရှုပ်ယှက် ကို ခတ်နေတာပဲ။ ကြိုးတွေ ကလည်း တစ်ဆယ့်ခြောက် ကြိုးတောင်။ အများကြီး ဆိုပြီး မျက်လုံး ထဲလည်း ကြိုးတွေကရော သွားလိုက်၊ နှစ်ပင်ပူးသွား လိုက်နဲ့၊ သူတို့ စိတ်ထဲ မြင်ကြ၊ တွေ့ကြတယ်။ အဲဒီလို ခက်ခဲမှု တွေကြောင့် စိတ်ဝင်စားမှုတွေ လျော့ပြီး တစ်စတစ်စ ဆက်စပ်မှု မရှိတော့ဘဲ သူတို့ ရင်ထဲမှာလည်း သာယာ ငြိမ့်ညောင်းမှု ဆိုတာလည်း မခံစားတတ်တော့ဘူးလို့ ထင်တယ်။

လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ ကတော့ စောင်းနဲ့ မြန်မာသံစဉ် တွေကို အားပေးကြတယ်။ သူတို့ ကိုယ်တိုင် ကလည်း ချီးမြှင့်ကြတယ်။ ခံစားနိုင်စွမ်းရှိ ကြတယ်။ စောင်းပညာရှင်တွေနဲ့ မြန်မာ သံစဉ် တွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေ အတွက် အားတက်စရာနဲ့ အားဆေး တစ်ခွက်ပေါ့။ ၀မ်းလည်းသာ ပီတီလည်း ဖြစ်ရတာ အမှန်ပေါ့။

မိခင်က လှေကားထောင်ပေးခဲ့တဲ့ အပေါ်မှာ ငါကတော့ လွယ်လွယ် တက်လိုက်ရုံပဲလို့ ဘယ်သော အခါမှ မတွေးမိဘူး။ ပိုပြီးတောင် ပြုတ်မကျအောင်လို့ အထက်ကို ရောက်အောင် ကြိုးစား ရမယ်။ ဘယ်လို အန္တရာယ်တွေနဲ့ပဲ ကြုံကြုံ ဂရုစိုက်နေလို့ အချိန်မရဘူး။ ကိုယ့်ရဲ့ပင်ကို စိတ်ကောင်းအောင် နေဖို့က အဓိက။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖြစ်အောင် နေရမယ်။ ဆက်လက် ကြိုးစားရမယ်။ သမိုင်း တစ်လျှောက်မှာ ထင်ကျန်ရစ်အောင်တာ ၀န်ထမ်းဆောင် ရမည် ဟု ရေးထားသည်။ စာက ဤတွင် အဆုံးသတ်သည်။

ပြီးခဲ့သည့် တစ်ရက်က ကျွန်တော် မန္တလေးပန်တျာ ကျောင်းသို့ ရောက်ခဲ့သည်။ သည်ကျောင်းမှာ စောင်းတီး သင်တန်းသားက တစ်ယောက်တည်းသာ ရှိသတဲ့။ ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း သင်တန်းသား က တစ်ယောက်တည်းသာ ရှိပါသတဲ့။

Messenger News Journal

0 comments:

Post a Comment