Thursday, April 10, 2014

သင်္ကြန်ထမင်း



မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်.. သင်္ကြန်ထမင်း ပါဝင်ပစ္စည်းများ
ဆန် – ၂ခွက်
ဖယောင်းချက် – အနည်းငယ် (Optional)
ငရုတ်သီးခြောက်နီ – ၄ခု (ဆီဖြင့် အနည်းလှော်ပေးပါ)

ငါးခြောက်ထောင်းကြော် ပါဝင်ပစ္စည်းများ
ငါးရံ့ခြောက် – ၅ကျပ်သား (ရေနဲ့ ပြုတ်ပြီ ညက်အောင် ထောင်းထားပါ)
ကြက်သွန်နီ – တ၀က် (ပါးပါးလှီးထားပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

သရက်ချဉ်သုပ် ပါဝင်ပစ္စည်းများ
သရက်ချဉ် – ၅ကျပ်သား
မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပေးပါ)
ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
နှမ်း – အနည်းငယ် (ဖြူးရန်)

ငါးခြောက်ထောင်းကြော်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငါးရံ့ခြောက်ထောင်း၊ ရေ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့် ထည့်ပြီ ကြော်ပေးပါ။

သရက်ချဉ်သုပ်နည်း

၁။ ခွက်တစ်ခုထဲ သရက်ချဉ်၊ မြေပဲ၊ ကြက်သွန်နီ၊ ဆား တို့ကို သမအောင် ရောမွှေပေးပါ။

၂။ ပြီနောက် အပေါ် နှမ်း အနည်းငယ် ဖြူးပေးပါ။



သင်္ကြန် ထမင်းချက်နည်း

၁။ ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆန်များကို လောင်းထည့်ပြီ ထပ်တည်ထားပေးပါ။



၂။ ဆူလာလျှင် ထမင်းကို အနည်းငယ် ပြဲအောင်တည်၍ ခပ်ဖွယ်ဖွယ် အနေထားတွင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

၃။ ထမင်းကျက်ပြီဆိုလျှင် ပန်းကန်ထဲ ထမင်းဖြူကို ထည့် အပေါ်မှ ရေအေး(၁ခွက်)လောင်းထည့်ပေးပြီ ဖယောင်းရနံ့သင်းအောင် ဖယောင်းချက်ထည့်ပေးပါ။



၎။ ပြီမှ ငရုတ်သီးခြောက်ကြော်၊ ငရံ့ခြောက်ထောင်းကြော်၊ သရက်ချဉ်သုပ် တို့ဖြင့် သင်္ကြန်ထမင်းကို မြိန်ရှပ်စွာ သုံးဆောင်လို့ရပါပြီ။

 


Wutyee Food House

0 comments:

Post a Comment