Saturday, April 26, 2014

ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့တွင် ယနေ့ စတင်ကျင်းပမည်


ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ ဧပြီ ၂၇ ရက်မှ စတင်ကျင်းပမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ
သိရသည်။

ီလာခံအား ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ ငါးရက်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။

ရခိုင်လူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆွေးနွေးမည့် ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်တစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိက ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် စာတမ်းခြောက်ခုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အဆိုပါ စာတမ်းများမှာ(၁)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစာတမ်း၊ (၂) အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးစာတမ်း၊ (၃)ရခိုင်လူ့အဖွဲ့အစည်း လုံခြုံအေးချမ်းစွာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ပထ၀ီအနေအထား၊ နိုင်ငံရေး၊ လုံ ခြုံရေးနှင့် ဆက်စပ်သည့်စာတမ်း၊ (၄) စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး နှင့်ပတ်သက်သည့် စာတမ်း၊ (၅) ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စာတမ်းနှင့် (၆) လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့နှင့် ဖွံ့ဖြိုးရေးအထောက်အပံ့စာတမ်း တို့ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ဒေသသည် အခြားတိုင်းရင်းသားဒေသများနှင့် နှိုင်းယှဉ်လျှင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့ကို ဖြေရှင်းနိုင်မည့် ရခိုင်တိုင်းရင်းသားလူထုတစ်ရပ်လုံး၏ ဘုံသဘောတူညီချက် ပါရှိသော ရလဒ်များ ပေါ်ထွက်လာစေရန် ယခုကဲ့သို့ ရခိုင်အမျိုးသားညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ခိုင်သုခက ပြောကြားသည်။

ညီလာခံတက်ရောက်ရန် ရခိုင်တပ်မတော်(ဗ.ဗ)မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့်အဖွဲ့သည် ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး အဖွဲ့အား ကျောက်ဖြူဒေသခံ ၄၀၀ ခန့်က မြို့အ၀င်လမ်းတစ်လျှောက်တွင် ကြိုဆိုခဲ့သည်။

ညီလာခံသို့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ရခိုင်လက်နက်ကိုင် တပ်မတော်များ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ လူမှုရေးအဖွဲ့အစည်းများ၊ ကျောက်ဖြူမြို့နယ်ဒေသခံများအပြင် ရခိုင်ပြည်နယ်တွင်း မြို့နယ်ဒေသအသီးသီး မှ လူအင်အား ၃၀၀၀ ခန့် တက်ရောက်လာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမြို့ အထက(၃) လက်စွန်းပြ ကျောင်းခြံဝင်းအတွင်း ကျင်းပရန် စီစဉ်ထားသည်။

(ဧပြီ ၂၇ ရက်တွင် ကျောက်ဖြူမြို့၌ စတင်ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံအတွက် ပြင်ဆင်နေမှုကို ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ))

Eleven Media Group

0 comments:

Post a Comment