ကျွန်တော်နာမည်က မင်းမနိုင်.. ထူးထူးဆန်းဆန်းကိစ္စတွေဆိုရင် ထမင်းမေ့ဟင်းမေ့ စိတ်ဝင်စားတတ်တဲ့လူ.. ကျွန်တော် သူငယ်ချင်းဖြစ်တဲ့ ကိုမိုး၊ ကိုထက်၊ ကိုလွင်၊ ကိုမောင်တို့ကလည်း ဒီအတိုင်းပဲ.. ၀ါသနာတူ စိတ်တူကိုယ်တူတွေဆိုတော့ ပေါင်းမိကြတာပေါ့ဗျာ.. သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေကိုလည်းရောက်တယ်.. အခြောက်အလှန့်ကြမ်းတယ်ဆိုတဲ့နေရာတွေကိုလည်း ရောက်တယ်.. ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကပဲ ကံမြင့်နေလို့လား..
သရဲတွေကပဲ ကျွန်တော်တို့ကို မြင်တာနဲ့ ကြောက်နေကြလို့လားမသိဘူး.. အသံတွေ အနံ့တွေလောက်ပဲ ကြားရ ခံစားရပြီး လက်တွေ့အကောင်အထည် မမြင်ရတော့ ကျွန်တော်တို့အားလုံးစိတ်ထဲမှာ သိပ်ပြီးတော့ ဘ၀င်မကျလှဘူးဗျ.. သရဲခေါ်နည်းတွေကလည်း စုံနေပါပြီဗျာ.. ဘာမှတော့ သိပ်မထူးပါဘူး.. ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော်တို့အားလုံးရဲ့ စူးစမ်းတတ်မှု၊ အကြောက်အလန့်မရှိတာတွေကြောင့် နောက်ဆက်တွဲအဖြစ်ဆိုးတွေကြုံတွေ့ရမယ်ဆိုတာ ဘယ်သူမှ ထင်မထားမိကြဘူးလေ...
ကျွန်တော်အပါအ၀င် ကျွန်တော်တို့ ငါးယောက်စလုံးက မိဘတွေဆီက အရင်းအနှီးတောင်းထားပြီး ငါးယောက်ပေါင်းအစုစပ်ရှယ်ယာလုပ်ငန်းလေးတစ်ခုလုပ်ထားကြတယ်ဗျ... အဲဒီလုပ်ငန်းက ရလာတဲ့အကျိုးအမြတ်တွေကို ခွဲဝေယူပြီး အဓိကသုံးတာကတော့ ထူးထူးဆန်းဆန်းကိစ္စတွေမှာပဲပေါ့ဗျာ.. ထူးထူးဆန်းဆန်းတွေဘယ်မှာရှိလဲဆိုတာလည်း မျက်ခြေမပြတ်ကြဘူး.. တစ်ခုပေါ်တာနဲ့ ငါးယောက်စလုံးတိုင်ပင် မန်နေဂျာတွေနဲ့လွဲထားပြီး အဲဒီနေရာကိုသွားကြတာပဲ.. ခရီးဝေးရင် ဝေးသလိုပေါ့လေ.. တစ်ခါတစ်လေ ခရီးတွေဘာတွေလည်း ထွက်ကြရတာပေါ့.. ကဲပါ.. ဇာတ်လမ်းက ပေရှည်နေအုန်းမယ်.. အဓိကနေရာပဲ သွားတော့မယ်..
တစ်နေ့ ရှေးဟောင်းပစ္စည်းအဟောင်းဆိုင်လေး တစ်ဆိုင်ထဲ ကျွန်တော်ရောက်သွားတယ်.. ကျွန်တော်က ရှေးဟောင်းပစ္စည်းတွေကိုလည်း အရမ်းသဘောကျတော့ အားတဲ့အခါတိုင်း ရှေးဟောင်းပစ္စည်းဆိုင်တွေကို ရောက်လေ့ရှိတယ်ဗျ.. အဲဒီဆိုင်မှာ ဟိုဟိုဒီဒီလိုက်ကြည့်နေရင်း မှန်ဗီဒိုလေးထဲမှာ ဟောင်းနွမ်းပြီး ဖုန်အလိမ်းလိမ်းတက်နေတဲ့ စာအုပ်ကလေးတစ်အုပ်ကိုသွားတွေ့တော့တာပဲဗျို့... ဒီလိုဆိုင်မှာ တင်ထားတဲ့စာအုပ်ဆိုတော့ နှစ်ကတော့နည်းမှာမဟုတ်ဘူး.. အဲဒါနဲ့ ယူကြည့်လိုက်တော့ အဲဒီစာအုပ်ကလေးက သော့လေးနဲ့ဗျ.. သော့ကတော့ ခတ်လျက်သားပဲ.. အဲဒါနဲ့ဆိုင်ရှင်ကိုခေါ်ပြီး သော့တောင်းတော့ ဆိုင်ရှင်က အဲဒီစာအုပ်က ရောင်းဖို့မဟုတ်ဘူးတဲ့.. ပြီးတော့ စာအုပ်ကို အတင်းပြန်ဆွဲယူလိုက်တယ်.. အဲဒီဆိုင်ရှင်က ကျွန်တော်နဲ့ခင်မင်နေတာ ကြာပါပြီ.. ရင်းရင်းနှီးနှီးပါပဲ..
ဒါပေမယ် ဒီနေ့ ဆိုင်ရှင်ရဲ့ အပြုအမူနဲ့ မျက်နှာထားအရ ဒီစာအုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာ သေချာနေပြီလေ.. ကျွန်တော်ကလည်း လိုချင်လာတာပေါ့.. အဲဒီတော့ အဲဒီစာအုပ်ကို ကျွန်တော်ဝယ်ချင်တယ်ဆိုတဲ့အကြောင်းပြောလိုက်တယ်.. အဲဒီတော့ အရင်ကတည်းက ခင်မင်နေတဲ့ဆိုင်ရှင်က..
" မင်းဘာဖြစ်လို့ ဒီစာအုပ်ကိုမှ စိတ်ဝင်စားရတာလဲ.. မောင်ရင်... ဒီဆိုင်က တခြားပစ္စည်းတွေဆိုရင် မင်းဘာပဲလိုချင်လိုချင် အတတ်နိုင်ဆုံး ဦးရောင်းချပေးခဲ့တာပဲ မဟုတ်လား.. ဒီစာအုပ်ကိုတော့ မင်းကိုရောင်းလို့မရဘူး.."
" ဘာဖြစ်လို့လဲ.. ဦးထွန်းရယ်.. ဒီစာအုပ်က ဘာတွေ ဒီလောက်တောင်ထူးခြားနေလို့လဲ... ဦးထွန်း မရောင်းချင်ဘူးဆိုရင်လည်း ကျွန်တော် မ၀ယ်တော့ဘူးဗျာ.. ဒါပေမယ့် ဒီစာအုပ်ထဲမှာ ဘာတွေပါလဲဆိုတာတော့ ကျွန်တော် ခဏလောက်ကြည့်ချင်တယ်.. အဲဒါလေးတော့ ခွင့်ပြုပေးပါ.."
" မရလို့ပါ.. မောင်ရင်ရယ်.. ရရင် ဦးရောင်းပေးမှာပေါ့.. "
" အထူးအဆန်းကိစ္စတွေဆိုရင် ကျွန်တော် အရမ်းစိတ်ဝင်စားတတ်လို့ပါ ဦးရယ်.. ကျွန်တော်က တဆင့်နောက်လူကို မရောင်းနဲ့ဆို မရောင်းပါဘူးဗျာ.. ကျွန်တော့်ကို ဒီစာအုပ်ကလေးတော့ ရောင်းပေးပါနော်.. "
" ခက်လိုက်တာကွာ.. အင်းလေ..မောင်ရင်က အတင်းလိုချင်နေတယ်ဆိုတော့လည်း ဒီစာအုပ်ရဲ့နောက်ကြောင်းကို ဦးပြောပြမယ်.. ပြီးမှ ၀ယ်သင့်မ၀ယ်သင့် မင်းစဉ်းစားပေါ့.. တကယ်တော့ ဒီစာအုပ်က အင်မတန်ထူးဆန်းတယ်.. ဒီစာအုပ်ကလေးကို အမရပူရမြို့ဟောင်းတစ်နေ၇ာရဲ့ မြေအောက်တစ်နေရာကနေ တူးဖော်ရရှိခဲ့တာပဲ.. ရှေးလူကြီးတွေက အင်မတန်ထူထပ်တဲ့ သံသေတ္တာကြီးရဲ့အထဲမှာ သေတ္တာအထပ်ထပ် သော့အထပ်ထပ်ပိတ်ပြီးတော့ကို ဒီစာအုပ်ကို ထားခဲ့တာ.. ဒီစာအုပ်ကလေးက စာအုပ်ကလေးပုံစံပဲ ဒီအတိုင်းရှိနေမယ်ဆိုရင် သာမန်စာအုပ်တွေနဲ့ ဘာမှမခြားသလို ထူးခြားချက်လည်း မရှိဘူး.. ဒါပေမယ့် အဲဒီစာအုပ်ကလေးကို ဖွင့်လိုက်တာနဲ့ အထဲက ထူးခြားချက်တွေက စာအုပ်ဖတ်မိတဲ့လူတွေဆီကို နိမိတ်ဆိုး အဖြစ်ဆိုးတွေအဖြစ်နဲ့ ရောက်ရှိလာခဲ့ကြတော့တာပဲ.. စာအုပ်ကို ပထမဆုံးတွေ့တဲ့ ရှေးဟောင်းသုတေသနပညာရှင်လည်း ဒီစာအုပ်ကလေးကြောင့်ပဲ အသေဆိုးနဲ့ သေခဲ့ရသလို အဲဒီသုတေသနပညာရှင်ရဲ့သားလည်း ဒီစာအုပ်ကလေးကြောင့်ပဲ ရောဂါရှာလို့မရတဲ့ အဖြစ်တစ်ခုနဲ့ သေဆုံးခဲ့ရတယ်.. အဲဒီနောက် ပိုင်ရှင်အဆက်ဆက် ဒီစာအုပ်ကလေးကိုဖွင့်ဖတ်မိလို့ ဒုက္ခတွေရောက် အသက်တွေသေဆုံးခဲ့ကြရတယ်.. အဲဒီလို သေဆုံးသွားကြရတဲ့ လူတွေထဲမှာ ဦးရဲ့အဖေလည်း ပါဝင်ခဲ့တယ်.. အဖေမသေခင် ဦးကို ဒီစာအုပ်ပေးပြီး မရောင်းချဖို့ ဖွင့်မဖတ်ဖို့ နောက်ဆုံး ဖျက်ဆီးပစ်ဖို့အတန်တန်မှာကြားပြီး ဆုံးပါးသွားခဲ့ရတယ်.. ဦးလည်း ဒီစာအုပ်ကို ဖျက်ဆီးမယ်လို့ စိတ်ကကြံတိုင်း ဦးရဲ့ ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးတတ်တဲ့စိတ်ကလေးက ခံနေတော့ မဖျက်ဆီးရက်တော့ဘဲ ဒီအတိုင်း ဘယ်သူ့ကိုမှ မရောင်းဘဲ ထားခဲ့တာ.. အခု မောင်ရင်မြင်တဲ့အတိုင်း ဒီမှန်ဗီဒိုလေးထဲမှာပဲ သူ့ဘာသာငြိမ်ငြိမ်လေးရှိနေခဲ့တာ.. ဒီစာအုပ်ရဲ့ နတ်ဆိုးကျိန်စာတွေကို မလှုပ်နှိုးလိုက်ပါနဲ့ မောင်ရင်ရယ်.. ကဲ.. ဒီစာအုပ်ရဲ့နောက်ကြောင်းကို မောင်ရင်ကြားပြီးပြီဆိုတော့ ဒီစာအုပ်ကို ၀ယ်ဖို့ မောင်ရင် စိတ်ပျက်သွားပြီမဟုတ်လား.. "
" မဟုတ်ဘူး ဦး.. ပိုပြီးတော့ စိတ်ဝင်စားလာတာ.. ကျွန်တော့်ကိုရောင်းပါဦး.. ဘယ်ဈေးပဲဖြစ်ဖြစ် ကျွန်တော်ဝယ်ပါ့မယ်.. "
" ငွေရေးကြေးရေးကြောင့်မဟုတ်ဘူးကွ... ဦး ဘက်က စကားလည်းကုန်ပြီ.. မောင်ရင့်ဘက်ကလည်း မလျော့ဘူးဆိုရင် ဒီလိုလုပ်.. ဦးရဲ့အဖေအပေါ်မှာ ထားရှိတဲ့ ကတိလည်း မပျက်အောင် မောင်ရင်လည်း ဆန္ဒပြည့်သွားအောင် ဒီစာအုပ်ကို မောင်ရင့်ကို ဖတ်ခွင့် ဦးပေးလိုက်မယ်.. နောက်ပိုင်း ဖြစ်ပျက်တာတွေတော့ ဦးနဲ့ မဆိုင်တော့ဘူးနော်.. လူတိုင်းက သတ္တ၀ါတစ်ခု ကံတစ်ခုပဲ.. ငရဲပန်းကို ကြာညိုပန်းထင်နေရင်လည်း မောင်ရင့်သဘောပဲ..."
" ရပါတယ် ဦး.. ကျွန်တော်က ကျွန်တော့်အယူအဆနဲ့ ကျွန်တော် ရှင်သန်နေတာပါ.. အခုလို ဦးဘက်က လိုက်လျောတဲ့အတွက် ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်.. "
ဆိုင်ရှင်ကြီးက သက်ပြင်းတစ်ချက်ချ.. ခေါင်းခါပြီး စာအုပ်ကလေး၏သော့ကိုယူရန် အနောက်ဘက်သို့ ၀င်သွားလေတော့သည်။
မကြာမှီမှာပင် ချေးအထပ်ထပ်ဖြင့် မဲနေသော သော့တံအဟောင်းသေးသေးလေးတစ်ခုကို ယူလာလေသည်။
" ကဲ..မောင်ရင်.. ဟောဟိုနားမှာ ကုလားထိုင်လေးရှိတယ်.. ဘေးကပြတင်းပေါက်လေးကြောင့် လေ၀င်လေထွက်နဲ့ အလင်းရောင်လည်းကောင်းတယ်.. မောင်ရင် ဒီစာအုပ်ကိုယူပြီး အဲဒီအနားမှာသွားဖတ်ပါ.. ဦးလည်း နောက်ဘေးမှာ လုပ်စ၇ာရှိတာ သွားလုပ်လိုက်အုန်းမယ်.. အင်း.. လူတွေ..လူတွေ..
" ဆိုင်ရှင်ကြီးက ပါးစပ်မှ တတွတ်တွတ်ရွတ်ဆိုရင် ဆိုင်နောက်ဖေးဘက်သို့ ပြန်ဝင်သွားလေသည်။ ကျွန်တော်က ဆိုင်ရှင်ကြီးညွန်ပြလိုက်သော ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားဖြစ်အောင်ထိုင်လိုက်ပြီး စာအုပ်ကြီး၏ သော့တံပေါက်ထံသို့ သော့တံကို ဖြေးဖြေးချင်းထိုးဖွင့်လိုက်သည်။ ထိုအခိုက်တွင် ဆိုင်အတွင်း လေပြင်းတစ်ချက်တိုက်လိုက်သလို အေးစိမ့်သွားလေသည်။ စိတ်ထဲတွင် တစ်ခုခုထူးခြားမှုရှိသည်ဟု ခံစားလိုက်ရပြီး သော့တံကိုဖွင့်လိုက်လေသည်။ စာအုပ်၏ ပထမစာမျက်နှာကို လှန်လိုက်ချိန်တွင် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ကြောင်နက်ကြီးတစ်ကောင်က စာအုပ်ကိုင်ထားသော ကျွန်တော်၏လက်ကို ကုတ်ကာ အောက်သို့ခုန်ချပြီး ကျွန်တော့်ကို တစ်ချက်ကြည့်ကာထွက်ပြေးသွားတော့သည်။ ကျွန်တော်လည်း လက်ဆီမှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် လန့်ပြီးအော်လိုက်မိသည်။
" အားးး "
ထိုအချိန်တွင် ဆိုင်နောက်ဘက်သို့သွားသော ဆိုင်ရှင်ကြီးမှ အပြေးကလေးထွက်လာပြီး
" ဘာဖြစ်လို့လဲ မောင်ရင်.. "
ကျွန်တော်က ကြောင်ကုတ်ခံရသော လက်ကို နောက်သို့ဖွက်လိုက်ပြီး..
" ဘာမှ မဖြစ်ပါဘူး.. ဦး.. ဒီနားမှာ ကြွက်တစ်ကောင်တွေ့လို့ လန့်သွားတာပါ.. ဦးတို့ဆီမှာ ကြွက်တွေ ဒီလောက်သောင်းကျန်းနေတာ.. ကြောင်လေး ဘာလေးများ မွေးမထားဘူးလား... "
" အင်းးး ဟိုးအရင်တုန်းကတော့ မွေးထားပါတယ်ကွယ်.. ဦးတို့လည်း သိပ်ချစ်တဲ့ ကြောင်ကြီးပေါ့.. သူ့ကို မဟူရာလို့ခေါ်တယ်.. အနက်ရောင်ကြီး.. ခုတော့ သေသွားတာ တော်တော်ကြာပါပြီကွာ.. အဲဒီနောက်ပိုင်း အရင်လိုကြွက်တွေ ပြန်သောင်းကျန်းလာတော့တာပဲ.. ကဲ.. ဦး ဟင်းသွားချက်လိုက်ဦးမယ်.. "
" ဟုတ်ကဲ့ ဦး.. "
အခုမှ ဆိုင်ပိုင်ရှင်ကြီးမှာ တစ်ဦးတည်းနေသောသူဖြစ်ကြောင်း သိလိုက်ရလေသည်။ အရင်တုန်းက ခင်မင်သည့်အပိုင်းကတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ခင်မင်ကြတာဖြစ်ပြီး ကိုယ်ရေးကိုယ်တာတော့ တစ်ခါမှ မမေးမြန်းခဲ့ဖူးခဲ့ချေ။ အခုမှ ပြန်တွေးမိသည်။ ဟင်.. ဒါဆို ငါတွေ့တဲ့ ကြောင်နက်ကြီးက..... အင်းလေ.. တခြားအိမ်က ကြောင်တွေဘာတွေဖြစ်မှာပါ.. ကိုယ့်ဘာသာ တွေးရင်းဖြေသိမ့်လိုက်ရသော်လည်း ထိုကြောင်ကြီး၏ စူးရဲလှသော အကြည့်ကြောင့် ဇဝေဇ၀ါဖြစ်ခဲ့ရသည်။ ငါ့ကို ဒီစာအုပ်မဖတ်စေချင်လို့များလား.. ငါ့စိတ်တွေလည်း ဒီနေ့ လေးနေသလိုပဲ.. ဟား.. အကြံရပြီ.. ငါ့မှာ IPad ပါတာပဲ.. စာအုပ်ထဲက စာတွေကို IPad နဲ့ အရင်ဓါတ်ပုံရိုက်ပြီး အေးဆေးမှ ဖတ်ရမယ်.. အဲဒီအကြံကောင်းတယ်.. စဉ်းစားလိုက်မိပြီး အိတ်ထဲမှ IPad ကို ထုတ်ကာ စာမျက်နှာများကို ခပ်မြန်မြန်ပင် ဓါတ်ပုံရိုက်လိုက်သည်။ စာအုပ်ကလေးက ပါးလွှာသည့်အပြင် အတွင်းမှ စာများကလည်း သိပ်မများလှသောကြောင့် သိပ်မကြာခင်အချိန်အတွင် စာအုပ်ကလေးထဲမှာ စာများကို ဓါတ်ပုံရိုက်ပြီး ဖြစ်နေလေသည်။
" ဦးရေ.. ကျွန်တော် စာအုပ်ဖတ်ပြီးပြီ.. စာအုပ်ကို အရင်နေရာမှာပဲ ပြန်ထားလိုက်ရတော့မလား.. "
ကျွန်တော်၏အော်ခေါ်သံကြောင့် ဆိုင်ရှင်ကြီး ပြန်ထွက်လာလေသည်။
" မလိုတော့ပါဘူး မောင်ရင်.. စာအုပ်ကိုထားစရာမလိုတော့ပါဘူး.. ဦးသေချာ စဉ်းစားဆုံးဖြတ်ပြီးပြီ.. ဦးက အသက်ကြီးပြီ.. ဒီစာအုပ်ကို ကြာရှည်ထိန်းသိမ်းထားနိုင်တော့မှာ မဟုတ်ဘူး.. အဲဒါကြောင့် မောင်ရင်တို့လိုလူငယ်တွေ ဒီစာအုပ်ကိုလေ့လာပြီးရင် အပြီးတိုင် ဖျက်ဆီးပစ်ပါ့မယ်ဆိုတဲ့ ကတိတစ်ခုတော့ ဦးကိုပေးပါ.. ဒါဆိုရင် မောင်ရင် ဒီစာအုပ်ကို ယူသွားနိုင်ပါပြီ.. "
စိတ်ထဲမှ လှိုက်ခနဲ ၀မ်းသာစိတ်နှင့်အတူ..
" ဟုတ်ကဲ့.. ကတိပေးပါတယ် ခင်ဗျာ.. ကျွန်တော်တို့လေ့လာပြီးရင် ဒီစာအုပ်ကို အပြီးတိုင် ဖျက်ဆီးပေးပါ့မယ်.. ခုတော့ ကျွန်တော့်ကို သွားခွင့်ပြုပါအုန်း.. ဒီစာအုပ်ကလေး တန်ဖိုးက..."
ဆိုင်ရှင်ကြီးက အသာအယာပြုံးလိုက်ရင်း
" ဒီစာအုပ်ကလေးရဲ့ တန်ဖိုးက မောင်ရင်ပေးတဲ့ ကတိပဲ.."
" ကျေးဇူးတင်ပါတယ်.. ဦး.. ကျွန်တော် ဒီစာအုပ်ကလေးကို သေချာဖတ်ပြီးတဲ့နောက် ဒီစာအုပ်ကလေးရဲ့တန်ဖိုးကို ကျွန်တော်ကတိအတိုင်း ပေးချေမှာပါ.. "
ဆိုင်ရှင်ကြီးကို နှုတ်ဆက်ပြီး စာအုပ်ကလေးကို အိတ်ထဲထည့်ကာ ပြန်လာခဲ့လိုက်သည်။ တက္ကစီတစ်စီးငှားကာ နေထိုင်ရာအိမ်သို့ ပြန်လာခဲ့လိုက်သည်။ ကံဆိုးသည်လား.. တိုက်ဆိုင်မှုလား မသိ..
မီးပွိုင့်တစ်ခုတွင် တစ်ဖက်လမ်းကြောမှလာသော ကားတစ်စီးက ရုတ်တရက် ယိမ်းယိုင်သွားသလိုဖြစ်သွားပြီး ထိပ်ဆုံးမှ ရပ်ထားသော ကျွန်တော်တို့ကားလေးဆီသို့ ဦးတည်လာလေသည်။ ရုတ်တရက် ဘာလုပ်ရမှန်း မသိတော့ဘဲ ကားသမားပုခုံးကို ပုတ်ကာ ပြေးးးး ပြေးးး ဟု အော်ရင်း တံခါးဖွင့်ကာ ပြေးမည်အပြု ကားသမားက ကြောင်ပြီး သူ့ပုခုံးပုတ်သော ကျွန်တော့်လက်ကို အတင်းဆွဲထားလေသည်။ ကားတံခါးကလည်း ဘယ်လိုမှ ဖွင့်မရ... ဦးတည်လာသော ကားကြီးကလည်း တဖြေးဖြေးနီးလာခဲ့ချေပြီ..
ကားတံခါးကို ဆောင့်ကန်ပြီး ဖွင့်လိုက်ပြီး ကားသမား၏လက်ကို အတင်းရုံးကာ ထွက်လိုက်ရသည်။ ကားသမားကို ပြန်ဆွဲထုတ်ရန် ကားသမား၏ဘေးမှ ကားတံခါးကိုဖွင့်သော်လည်း တံခါးက လုံးဝမပွင့်ချေ..ထို့ကြောင့် နောက်ဆုံးဘယ်လိုမှ မတတ်နိုင်တော့ဘဲ ကားနှင့်ဝေးရာသို့ပြေးထွက်ခဲ့ရလေသည်။ အချိန်ခဏလေးအတွင်းပင် အဖြစ်အပျက်တို့က လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်သွားလေသည်။ ကားကြီးက ကျွန်တော်စီးလာသော တက္ကစီလေးတည့်တည့်ကို တိုက်မိသွားပြီး နောက်မှကားများကို ဆင့်ကဲတိုက်ပြီး ငြိမ်သက်သွားသည်။
စီးလာသောကားသမားကိုသတိ၇ပြီး သွားကြည့်ရာ စိတ်မကောင်းစွာပင် သွေးအိုင်ထဲတွင် ငြိမ်သက်နေတော့သည်။ ကျွန်တော်ကယ်တင်ရန် ဘယ်လောက်ပင်ကြိုးစားသော်လည်း မကယ်လိုက်နိုင်သဖြင့် အလွန်စိတ်မကောင်းဖြစ်သွားမိလေသည်။ စိတ်မကောင်းသည့်အလျောက် နောက်ဆုံးအနေနှင့်ကားသမားမျက်နှာကို ကြည့်မိသည့်အခိုက်တွင် သေဆုံးနေသော ကားသမားက ရုတ်တရက် ဖြတ်ခနဲ မျက်လုံးပွင့်လာပြီး အသက်မပါသော အပြုံးတစ်ခု ပြုံးပြလေသည်။ ကျွန်တော် အလွန်ထိတ်လန့်သွားပြီး နောက်သို့ဆုတ်သွားလိုက်မိသည်။ သေချာစိတ်ကိုတင်းပြီး ပြန်ကြည့်လိုက်သောအခါ ကားသမား၏အလောင်းမှာ နဂိုပုံစံအတိုင်း ပုံစံမပျက်ရှိနေသည်ကိုတွေ့လိုက်ရလေသည်။ မကြာမှီပင် လူများအုံခဲလာပြီး တိုးဝှေ့ကြည့်ရှုကြသောကြောင့် လူအုပ်ကြားထဲမှာ တိုးထွက်လိုက်သည်။
လူလည်း ခြေဖျားလက်ဖျားတွေအေးစက်ကာ အနည်းငယ်ဖျားချင်သလိုလိုပါဖြစ်သွားသည်။ ထိုအချိန်မှာပင် ကျွန်တော်လွယ်ထားသောအိတ်အတွင်းမှ လှုတ်ခနဲ တစ်ချက်ဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ အိတ်ကိုဖွင့်ကြည့်ရာတွင် အထဲတွင် စာအုပ်ကလေး၊ ကျွန်တော့်၏ Ipad နှင့်အတူ စာရွက်စာတမ်းများသာ ပါရှိသည်ကိုတွေ့လိုက်ရသည်။ အဘယ်ကြောင့် လှုတ်ခနဲဖြစ်သွားသလဲ ဆိုတာကိုတော့ မတွေးတတ်အောင်ဖြစ်သွားသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူ ကိုမိုးဆီသို့ ဖုန်းလှမ်းဆက်လိုက်သည်။
" ကိုမိုးရေ... ကျွန်တော့်ဆီ ခဏလောက်လာပါဦးဗျာ.. ကျွန်တော် ဒီမှာ အရမ်းထူးဆန်းတဲ့တိုက်ဆိုင်မှုတွေ ကြုံနေရတယ်... အော်.. ကိုမိုးရဲ့ကားပါ ယူခဲ့နော်.. "
" အော်.. ဟုတ်ကဲ့. .. ကိုမင်း.. ကျွန်တော် အခုလာပြီနော်.. အော် ဒါနဲ့.. ကိုမင်းက အခုဘယ်မှာလဲ.. "
" ကျွန်တော်ရောက်နေတဲ့နေရာက ××× နားက အအေးဆိုင်မှာပါ.. "
" အော်.. ဟုတ်ကဲ့.. ကျွန်တော် အမြန်ဆုံးရောက်အောင်လာခဲ့ပါမယ်.. "
ပြောပြီးသည်နှင့် ဖုန်းချသွားတော့သည်။ ကျွန်တော်လည်း ကိုမိုးကိုစောင့်ရင်း ကြုံခဲ့ရသော ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်တွေးနေမိပါတော့သည်။
ဆက်ရန်...
အက်တမင် မင်းမနိုင်
Monday, April 7, 2014
သေမင်းနှင့် ကစားခြင်း အပိုင်း(၁)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment