Thursday, April 3, 2014

သင်္ကြန်ဝိဥာဉ်


♪♫ “တေးသံလေးကိုကြားခါစလေ ချစ်သူရေ

စမ်းတွေဦးမလေ၊ ပန်းတွေဖူးဝေ ခူးချင်စရာအခြေ၊
လောကကြီးတခွင်အလှဆင်လို့နေ စိမ်းလန်းစိုပြေ သင်္ကြန်ခါတော်ရောက်လာပြန်ပြီလေ၊
တနှစ်တခါနွှဲ ချစ်စရာပွဲ၊ ပွဲတော်မဟာပေ
ပိတောက်ဝါလေးတွေပွင့်ပြီအချစ်ရေ မင်းပန်ဖို့လေ
ပန်းလိုမွှေး၊ စမ်းလိုအေး အေးတဲ့အတာရေ
လောင်းပါလေ တို့အသည်းတွေအေးအောင်လေ” ♪♫သီချင်းသံနှင့်လိုက်လျောညီထွေဖြစ်အောင် ကပြနေသူက နန္ဒာ။ ကြိုတင်ပြင်ဆင်ထားခြင်းအလျဉ်းမရှိပါပဲ ခရီးလွန်နေသူ၏ သီဆိုမှုတွင် သက်ဝင်မှုရှိစေရန် ဖျော်ဖြေရေးယိမ်းအဖွဲ့တွင်းမှ အကညက်သူ နန္ဒာကို စင်ပေါ်ကောက်တင်လိုက်ခြင်းပင်။ ယိမ်းအဖွဲ့ကိုညီအောင်ညှိ၍ အဆင်ပြေပြေဖြစ်စေရန် အကတိုက်ခေါင်းဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ခြင်းကို သိရှိထားကြသည့်အတွက် ယင်းသို့အစီအစဉ်မရှိသောတီးလုံးနှင့် ကကွက် အံဝင်ခွင်ကျဖြစ်စေရန် သူမကိုပွဲထိမ်းလုပ်စေခဲ့ခြင်းပင်။ မိမိတို့ဖျော်ဖြေရေးအဖွဲ့ကဏ္ဍပြီးဆုံး၍ ပြိုင်ပွဲဝင်အဆိုအကအလှည့်သို့ စိတ်ပါဝင်စားစွာ စောင့်၍ကြည့်ရှုနေမိသူ နန္ဒာအတွက်အမောအပန်းဖြေချိန်တောင်မရလိုက်။ သိထားသော “သင်္ကြန်ဝိဥာဉ်”သီချင်းဖြစ်နေ၍ အစိမ်းသက်သက်မဟုတ်သော်လည်း အကတိုက်မထားသည့်အတွက် စိုးတထိတ်ထိတ်တော့ဖြစ်နေမိသည်။

အစီအစဉ်ကြေငြာသူ၏တင်ဆက်သံကိုကြားရမှ သီဆိုမည့်သူမှ “ဘုန်းကျော်သူ”ဟုသိရသည်။ မိမိတို့မြို့မှမဟုတ်ဘဲ အနီးအနားမြို့ငယ်လေးဆီကဖြစ်ကြောင်းနှင့် ပဏာမရွေးချယ်ခံရပြီး သီချင်းတိုက်ပြီးကာမှ အလုပ်ကိစ္စပေါ်လာသဖြင့် ခရီးသွားနေရာ လုံးလုံးအဆက်အသွယ်မရသောကြောင့် ပြိုင်ပွဲဝင်တစ်ဦးအဖြစ် (ယာယီ)ပယ်ဖျက်ထားသူဖြစ်ကြောင်းတို့ကိုပါ နောက်မှသိလိုက်ရသည်။ အရပ်ရှည်ရှည်၊ မျက်ခုံးနက်နက်နှင့် ထူထဲသောနှုတ်ခမ်းတို့၏ပိုင်ရှင် “ဘုန်းကျော်သူ”ဟူသည်နန္ဒာနှင့်အသက်အနည်းငယ်သာ ကွာနိုင်သည်။

ဂီတကိုချစ်မြတ်နိုး၍ ၀ါသနာထုံသူတစ်ဦးဖြစ်ကြောင်း မိုက်ကရိုဖုန်းကိုင်ထားသည့် ရှည်သွယ်သွယ်လက်ချောင်းကလေးများက သက်သေပြနေကြသည်။ တီးလုံးသံကိုမှန်းဆ၍ ဘယ်ညာယိမ်းကာ အကွက်စေ့ အောင်ကပြနေရသော နန္ဒ၏ကဟန်နှင့်အညီ ထိုသူ၏အသံအနိမ့်အမြင့်၊ အတက်အကျက အပိုအလိုမရှိ။ သီချင်းပြီးဆုံးသွားသည်နှင့် ရရှိလိုက်သောလက်ခုပ်သံများ၏အားပေးချက်တခဲနက်က နန္ဒာ၏တာဝန်ကိုကျေပွန်စွာလုပ်ဆောင်သွားနိုင်မှုကိုသော်လည်းကောင်း၊ ထိုသူ၏ ကျနစွာသီဆိုမှုကိုသော်လည်းကောင်း အားတက်စေသည်။

ထိုသူ၏မိတ်ဆက်မှုက ပြိုင်ပွဲစတင်ရန် မိနစ်အနည်းငယ်ခန့်အလိုဖြစ်နေ၍ ပြန်လည်ကာမိတ်ဆက်ပြုံးပြုံးပြရုံသာ အသိအမှတ်ပြုဖြစ်သည်။
သင်္ကြန်ပိုးအပြည့်ပျော်ဝင်နေသောနန္ဒာအဖို့ သင်္ကြန်အကအလှဖျော်ဖြေရေးအစီအစဉ်ပြီးစီးသော်ငြားလည်း ပြိုင်ပွဲဝင်အစီအစဉ်နှင့် ဆုပေးပွဲပြီးမှ ပြန်မြဲဖြစ်သော ငယ်ကျင့်ကမပျောက်သေး။ သင်္ကြန်တေးနှင့်အကဖျော်ဖြေသူတို့၏စည်းချက်ညီတစ်ပုဒ်ပြီးတပုဒ်တင်ဆက်မှုနှင့်အတူ နန္ဒာ့မျက်လုံးများက “ဘုန်းကျော်သူ”ထံသို့။ တည်ငြိမ်သောအသက်အရွယ်နှင့် ရင့်ကျက်သောအပြုအမူအပြောအဆိုတို့က ရိုးသားစွာဆွဲဆောင်မှုရှိနေသည်။

စည်းချက်လိုက်နေသောခြေထောက်ဖွေးဖွေးလေးများ၏ ဖြူစင်သန့်ပြန့်ခြင်းကို ကတ္တီပါဖိနပ်ကလေးက လှပစွာပုံဖော်နေပြန်သည်။ နားထင်စပ်ရှိ မှဲ့နက်ကလေးက နူးညံ့စွာ ကြင်နာခြင်းအပြည့်ပေးနိုင်စွမ်းသည့်လူသားတစ်ဦးဖြစ်သကဲ့သို့ မိမိဖာသာ တဖက်သက်တွေးကြည့်နေမိရင်း ပြုံးမိသေးသည်။ လူ၏စိတ်သည် ဆန်းကြယ်လှသည်။ ယခုမှသိခွင့်ရသောလူတယောက်ကို ထဲထဲဝင်ဝင်စကားပြောဆိုခြင်းမရှိသေးပါပဲ ထိုသူ၏ရုပ်သွင်ကိုကြည့်၍ အကောင်းချည်းဝေဖန်နေမိသော မိမိကိုယ်ကိုအံ့သြမိကာ သတိပြန်ဆွဲနေရသေးသည်ပင်။

“အစီအစဉ်အရ ပြိုင်ပွဲဝင်များ၏ တေးသံသာနှင့်အကအလှကဏ္ဍအတွက် ဆုရသူများကို ကြောငြာပေးသွားမှာဖြစ်ပါတယ်”။ အားလုံးငြိမ်သက်သွားကြသည်။ သီဆိုသူများနှင့်ဖျော်ဖြေသူညီမငယ်၊ အမအရွယ်များက ရင်တထိတ်ထိတ်အမူအယာများဖြင့်။ ပထမ၊ ဒုတိယဆုများ၏သက်ရောက်မှုထက် မိမိပါဝင်ခွင့်ရသော နှစ်တစ်နှစ်၏အခန်းကဏ္ဍတွင် အမှတ်တရဖြစ်စေချင်ကြသူများပင်။

“ပထမဆုရသူ ဆိုကစုံတွဲကတော့ သင်္ကြန်ဝိဥာဉ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သွားသော ကိုဘုန်းကျော်သူနှင့် မမြနန္ဒာတို့ပဲဖြစ်ပါတယ်”။

ဆုရကြေငြာသူ၏စကားအဆုံးတွင် တစ်ဦးနှင့်တစ်ဦး အချိန်းအချက်လုပ်မထားပါပဲ လှည့်ကြည့်မိကြရင်း ၀မ်းသာပီတိဖြစ်ခဲ့ရသည်ပင်။ သူ၏အဆိုဝါသနာနှင့် နန္ဒာ အက၀ါသနာတို့ပူးပေါင်းခဲ့ခြင်းက ယခုနှစ်အတွက် အများအသိအမှတ်ပြုခြင်းခံရသည့် လိုက်ဖက်ညီမှုအတွက် ချီးမြင့်ခံရခြင်းပင်ဖြစ်သည်။ အမှတ်တရများစွာမရှိခဲ့သော နန္ဒာအတွက် ပျော်ရွှင်ခြင်းများဖြင့် ထုံမွှမ်းအပ်သောနှစ်၊ သူနှင့်အမှတ်မထင်ဆုံဆည်းခွင့်ရသောနှစ်၊ တွေ့ဆုံခွင့်ရရခြင်းမှတ်မှတ်ရရဖြစ်ခဲ့ရသောနှစ်သည် ရင်တွင်းသို့ဝင်ရောက်လာခဲ့လေပြီ။

ကျေးဇူးစကားဆိုလာသော သူ၏ရုပ်သွင်က အမှန်တကယ် ပီတိဖြင့်ချိုမြိန်နေသည်။ သူတန်ဖိုးထားလေးစားသော ဂီတအနုပညာတစ်ခုအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်းများဖြင့် ပျော်ရွှင်နေသည့်ဟန်အပြည့်။
မနက်ဖြန်ကျရောက်မည့် သင်္ကြန်အကြိုနေ့အတွက် ယခုညကတည်းကပင်နန္ဒာရင်ခုန်နေမိသည်။ အခမ်းအနားများပြီးဆုံးသွားသည့်နောက်အကြိုလောင်းခံခဲ့ရသည့် သပြေခက်နှင့် ရေအနည်းငယ်စွတ်စိုစေမှုက အေးမြလှသည်။

ထို့အပြင်အိမ်လိပ်စာမေး၍မနက်ဖြန်မနက် ပိတောက်ပန်းလာပို့ရန် ခွင့်တောင်းခြင်းကို မိမိက အဘယ့်ကြောင့်များ အသာတကြည်ပေးခဲ့မိပါလိမ့်ဟု ပြန်ပြန်တွေးမိတိုင်း ရင်ဖိုလှိုက်မောရသည့်အဖြစ်က မည်သို့မျှ ပြောမပြတတ်။ သူ့အကြောင်းစဉ်းစားရင်းနာရီကိုကြည့်မိတော့ ည ၁၂း၀၀နာရီတိတိ။

မနက်ဖြန်ဟူသည့်မျှော်လင့်ချက်က တစ်နှစ်တစ်ခါပန်လေ့ရှိသော မြတ်နိုးလှသည့် ပိတောက်ပန်းကြောင့်လား၊ သို့တည်းမဟုတ် သူ့ကိုထပ်မံတွေ့ဆုံရပေအုံးမည့် ရင်ခုန်မှုကြောင့်လား။ အမြတ်နိုးဆုံးပန်းကိုရင်ခုန်မိသူကိုယ်တိုင်က ခူးယူပို့ဆောင်ပေးမည့် စိတ်ခံစားချက်နုနယ်ခြင်းကြောင့်ဟု မှတ်ယူလျှင်လည်းရနိုင်ပြန်ပါသေးသည်။ အပြုံးများဖြင့် အိပ်စက်ခွင့်ရခဲ့ခြင်းက အိမ်မက်များကိုသာယာလှပစေခဲ့ပါသည် မောင်။ အဲ ….. မောင်တဲ့။ ခစ်ခနဲအသံထွက်အောင်ရယ်မိခြင်းကြောင့် ဘေးမှအိပ်ပျော်နေသောညီမငယ်ကိုမလုံမလဲ လှည့်ကြည့်မိသည်။ အအိပ်မက်သော ညီမငယ်ကတော့ ကလေးပီပီ ဘေးပတ်ဝန်းကိုအာရုံလွှဲ၍ အိပ်မောကျနေချေပြီ။ သူမထံတွင်လည်း နန္ဒာနှင့်မတူသည့် မနက်ဖြန်သင်္ကြန်အကြိုအတွက် စီမံချက်များရှိနေနိုင်သည်။ ရေကစားမည့်ပစ္စည်းပစ္စယများကို သင်္ကြန်မတိုင်ခင်ကတည်းက စုဆောင်းပြီးနှင့်ပြီပဲ။

ညီအမနှစ်ယောက်၏ မတူညီသောခံစားချက်များကိုချိန်ထိုးရင်း မျက်လုံးအစုံကိုမှိတ်၍အိပ်စက်ရန်ကြိုးစားလိုက်သည်နှင့် စိတ်မှဖွဖွရွတ်ဆိုမိသည်က -
“အိပ်မက်ထဲမှာလည်း ဆုံချင်တယ်မောင်ရယ်”ဟု။

သင်္ကြန်အကြိုနေ့

မနက်စောစောကတည်းက အိမ်သားများထက်နန္ဒာဦးစွာနိုးနှင့်လေပြီ။ အိမ်အလုပ်များကိုအပြီးအစီးလျင်မြန်စွာလုပ်၍အမေ့ကို သူငယ်ချင်းတစ်ယောက်ပန်းလာပို့မည်အကြောင်း အသံလွှင့်ထားလိုက်သည်။ နန္ဒာ၏တစ်နှစ်တစ်ခါပေါ်လာတတ်သောသင်္ကြန်အက၀ါသနာနှင့် ပိတောက်ပန်း မရအရယူလို၊ ပန်လိုမှုကို အမေကသိနှင့်ထားသူနှယ်။ ပြုံးပြုံးကြီးကြည့်ကာ ခွင့်လွှတ်ပေးနေရှာသည်။

“ကလင်၊ ကလင်…………. နန္ဒာရှိပါသလားခင်ဗျာ”

စက်ဘီးဘဲလ်သံအဆုံးတွင် ထွက်ပေါ်လာသောသူ၏အသံက နန္ဒာရင်တွင် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ယောက်ယက်ခတ်သွားစေသည်။ သနပ်ခါးအဖွေးသားနှင့်အိမ်တွင်းမှထွက်လာသောနန္ဒာကို သူကအပြုံးများဖြင့်ကြိုဆိုရင်း “သနပ်ခါးတောင်မခြောက်သေးဘူး။ ခုမှအိပ်ရာနိုးတယ်ထင်တယ်”တဲ့။ ရှက်ပြုံးတစ်ခုဖြင့် ဆိတ်ဆိတ်နေလိုက်ရသော်လည်း စိတ်ထဲတွင်တော့ “တွေ့ချင်စိတ်ကြောင့် ညကကောင်းကောင်းမအိပ်ခဲ့ရတာမောင်ရေ၊ မနက်ကအစောကြီးပဲနိုးနေတာ”ဟု ပြောနေမိသည်။
သူ့လက်တွင်းမှပိတောက်ဝါ၀ါလေးများကနန္ဒာကိုပျော်ရွှင်စေသည်။ ပိတောက်ပန်းရနံ့များကနန္ဒာရင်ကိုအေးမြစေသည်။ သူနှင့်တွေ့ဆုံရခြင်းက နန္ဒာ့အတွက်ကံကောင်းခြင်းများ သယ်ဆောင်လာသောနှစ်တစ်နှစ်အဖြစ်သတ်မှတ်စေခဲ့သည်။
အမှတ်တရများပေါင်းဆုံခြင်းသည် ချစ်ခြင်း၏သင်္ကေတတစ်ခုဖြစ်မည်ဆိုလျှင် ယနေ့သည်လည်း နန္ဒာ့ခေါင်းပေါ်မှပန်းတခိုင်နှင့် စွတ်စိုခဲ့သောရေတစ်ခွက်က တဘ၀တာမပျက်စီးတော့သော အချစ်တစ်ခုအဖြစ်မွေးဖွားနိုင်ခဲ့သည်။

အလုပ်တာဝန်များနှင့် ဘ၀ကိုရုန်းကန်နေရသောမောင့်အတွက် သင်္ကြန်ရက်တိုင်းလာရောက်ပန်းတော်ဆက်ခြင်းနှင့် ရေဖြန်းပက်ခြင်းအမှုကို မပျက်မကွက် လုပ်ဆောင်ခဲ့သည်ပင်။ အချိန်ကျလျှင်ပြန်ရမည့်ခွဲခွာမှုက မောင်နှင့်နန္ဒာ၏အချစ်ကိုပိုမိုလေးနက်စေခဲ့မည်ဟု ထင်မြင်မိသည်။ တနယ်တကျေးတွင် သွားရောက်အလုပ်လုပ်ကိုင်နေသောမောင်နှင့် နန္ဒာအတွက် ဆက်သွယ်မှုက စာတစ်တန်၊ ပေတစ်တန်။

မောင်ကအဆင်ပြေသလိုဖုန်းဆက်တတ်သော်လည်း မောင့်အလုပ်အတွက် အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် ပေးပို့မိသော ဖုန်းမက်ဆေ့ခ်ျလေးများက ကြားခံစေလွှတ်ခံရခြင်းအတွက် မငြိုငြင်ခဲ့ကြ။
တပတ်ပြန်လည်လာသောသင်္ကြန်ပွဲတော်အတွက် မောင်နှင့်နန္ဒာပတ်သက်ဆက်နွယ်မှုက ချစ်သူဟူသည့်ခေါင်းစဉ်ဖြင့် ပြောင်းလဲလာခဲ့သည်။ ခံစားချက်ထပ်တူကျ၍ ဂီတအနုပညာကိုနှစ်သက်ကြသူခြင်းမို့ များစွာသောကွဲလွဲမှုမျိုးမရှိခြင်းက ချစ်ခြင်းကိုအပြစ်မဲ့စေသည်။

နန္ဒာတိတ်တခိုးခေါ်ခဲ့မိသော မောင်ဟူသည် သူ့အတွက်ထာဝရအမည်အဖြစ်သို့ပြောင်းလဲစေခဲ့သည်။
မပျက်မကွက်ပေးပို့မြဲဖြစ်သောပိတောက်ဝါ၀ါလေးများကနန္ဒာ၏အချစ်ကို ပိုမိုဆတိုးစွာ မေတ္တာသက်ဝင်မိစေသည်။ ထူးခြားသည်က မောင့်မိဘများနှင့်နန္ဒာတို့မိသားစုတွေ့ဆုံမှုပြုလုပ်ခဲ့ကြပြီး လာမည့်နှစ်တွင်ရက်ကောင်းရွေး၍ မင်္ဂလာကိစ္စပြုလုပ်ရန် ညှိနှိုင်းခဲ့ကြခြင်းပင်။ အဘယ်မျှပျော်စရာကောင်းလိုက်မည်နည်း။ ကိုယ်ချစ်သောချစ်သူနှင့်တသက်တာထာဝရ ဆေးပေးမီးယူဘ၀သို့ ကူးပြောင်းခြင်းအခါသမယသည် မင်္ဂလာအရှိဆုံးသော ရက်မြတ်ဖြစ်နိုင်သောကြောင့် နှစ်ဦးသား၏အပြုံးများသည် ပိုမိုရွှန်းလဲ့တောက်ပနေကြပြန်သည်။

မောင်ပြန်သွားလေပြီ။ အလွမ်းများကတနေ့ဟူသောမျှော်လင့်ချက်ဖြင့် ကျော်ဖြတ်ရသည့်အခါတိုင်း အပြုံးတစ်ခုဖန်တီးရန် အားဖြစ်စေခဲ့သည်။ အိမ်ထောင်တစ်ခုထူထောင်ရန်အတွက် လိုအပ်မည်ထင်သည့်အိမ်တွင်းလိုအပ်ချက်ပစ္စည်းအတိုအထွာလေးများကို နန္ဒာစုဆောင်းတတ်ခဲ့လေပြီ။ နန္ဒာနှင့် နီးစပ်ရန်မွေးရပ်မြေနှင့်ဝေးရာတွင် ခြိုးခြံစွာနေထိုင်၍ စီးပွားရှာနေသောမောင့်အတွက် နန္ဒာသည်စီးတဲ့ရေ ဆည်တဲ့ကန်သင်းအဖြစ် အိမ်ထောင်တစ်ခုကိုထိန်းကျောင်းနိုင်သော ဇနီးမယားကောင်းတစ်ယောက်ဖြစ်ရန် မျှော်လင့်ချက်ကြီးခဲ့သည်သာ။

သစ္စာစောင့်သိခြင်းဟူသည့်လက်ကိုင်တုတ်တစ်ခုဖြင့် နန္ဒာ၏စောင့်မျှော်ခြင်းများက ကုန်လွယ်သောနေ့ရက်များကိုဖြတ်သန်းစေခဲ့သည်။ နန္ဒာ၏စိတ်တိုင်းကျ စိတ်ပိုင်းဖြတ်ချက်အရ သင်္ကြန်လွန်မြောက်မှ မင်္ဂလာကိစ္စကိုစီစဉ်ရန် ရည်ညွှန်းခဲ့သည်ကိုလည်း မောင်ကသဘောတူခဲ့လေပြီ။
တကျော့ပြန်လည်လာသောသင်္ကြန်အချိန်အခါက နန္ဒာအတွက် ယခင်နှစ်များအတိုင်းပင် ရင်ခုန်သံထပ်တူကျစေသည်။ မနက်ပိုင်းလာ၍ပန်းပို့ပေးမည့်ချစ်သူကို နှစ်စဉ်နှစ်တိုင်းကဲ့သို့ စောစီးစွာအိပ်ရာထ၍ ပြင်ဆင်ဖီးလိမ်းပြီးမျှော်လင့်နေခဲ့သည်။ အချိန်ကျလုပြီ ယခုချိန်ဆိုသူလာနေကြ။

ပေါ်မလာပုံထောက်တော့ သူငယ်ချင်းများနှင့်တွေ့ဆုံနေ၍လား။ ထိုသို့ဆိုလျှင်လည်း ဖုန်းဖြင့် မလာနိုင်သေးကြောင်း မိနစ်အနည်းငယ်နောက်ကျမည်ဖြစ်ကြောင်း သတင်းစကားပြောသင့်သည်။ခက်သည်က ရေစိုမည်စိုးသောကြောင့် ဖုန်းထားခဲ့တတ်သောအကျင့်ရှိ၍ ရောက်လာလျှင် နန္ဒာ့ကိုပူပင်စေမှုအတွက် စိတ်ကောက်ပစ်လိုက်အုံးမည် ဟူသည့်စိတ်ကူးများကို လမ်းထိပ်ရေမဏ္ဍပ်မှ အပြေးကလေးပြန်လာသောညီမငယ်စကားကြောင့် တုန်လှုပ်သွားစေသည်။
“မမ ကိုကြီးရယ်၊ မြို့ထဲမှာကားတိုက်ခံရလို့တဲ့၊

ညီမလေးသူငယ်ချင်းကမှတ်မိလို့ လာပြောပြတာ၊ ဆေးရုံသယ်သွားကြပြီ၊ စက်ဘီးရော လူရောအတော်ထိတယ်ပြောတယ်”

ဖိနပ်ပင်မစီးနိုင်ပဲ အိမ်တွင်းမှပြေးဆင်းသွားသောနန္ဒာ၏မျက်လုံးများသည် မျက်ရည်များဖြင့်ဝေလျက်၊ အကြားအာရုံများက ချို့ယွင်းစွာပင်။ မိုးမလင်းမီ သောက်စားမူးယစ်တတ်ကြသောသင်္ကြန်နှင့်မအပ်စပ်သူလူငယ်တစ်စု၏ ကားမောင်းကြမ်းတမ်းခြင်းက အပြစ်မဲ့သောမောင့်အား ကံဆိုးစွာအပြစ်ဖွဲ့လေပြီ။ နန္ဒာထံသို့အရောက်လာသောမောင့်အား အဖြစ်ဆိုးတစ်ခုဖြင့်ကြုံတွေ့စေခဲ့သည်။ လက်တွင်းမှဆုပ်ကိုင်ထားသော ပိတောက်ဝါ၀ါများက သွေးစသွေးနများ စွန်းပေလျက်။

သွေးချင်းချင်းရဲနေသောမောင့်သဏ္ဍာန်က ရင်သို့အရှိန်ပြင်းစွာ ထိခိုက်စေခဲ့သည်။ စက်ဆုပ်စရာမြင်ကွင်းတစ်ခုသည် နန္ဒာအတွက်တသက်တာတွင် အကျည်းတန်စရာကောင်းလှသည်။ ဆရာဝန်၏ခေါင်းခါယမ်းမှုတစ်ခုက နန္ဒာ၏ရင်အစုံကို ပွင့်ထွက်မတတ်ပူလောင်စေခဲ့သည်။

အိပ်ပျော်နေသည့်အသွင်ဆောင်နေသည့် မောင့်ရုပ်သွင်က အသက်မဲ့ခန္ဓာကိုယ်တစ်ခုဟု ယုံချင်စရာမရှိ။ ပကတိအေးချမ်းစွာငြိမ်သက်နေသည်။ အိမ်မက်သာဖြစ်စေတော့ ပြန်နိုးလာလျှင်ပူဆွေးခြင်းနှင့် ဆန့်ကျင်စွာ ပျော်ရွှင်ရပေမည်။ မျှော်လင့်ချက်များပြန်လည်ရှင်သန်လာနိုင်သေးသည်။
တွေ့ဆုံကြုံကွဲဟူသည့် သင်္ကြန်တွင်အဆုံးသတ်ခဲ့ခြင်းသည် မတရားသည့်လွန်ဆန်၍မရနိုင်သော ပတ်သက်မှုတစ်ခုနှယ်။

ပျော်ခဲ့ရသောသင်္ကြန်ဝိဥာဉ်သည် ယခုနှစ်အတွက် ရင်ကွဲနာကျစရာအဖြစ်ဆိုးတစ်ခုကဲ့သို့ ရန်ငြိုးဖွဲ့လေပြီ။ မောင့်ဝိဥာဉ်သည်နန္ဒာ့အပါးတွင်ရှိနေပါက နန္ဒာပြောသောစကားများကို မောင်ကြားနိုင်သည်ပင်။

“မောင်ရေ သင်္ကြန်ဆိုတာ အပြစ်မဲ့တဲ့မောင့်ကို လူ့လောကထဲကနေဆွဲထုတ်စေတဲ့ မကောင်းဆိုးဝါးဝိဥာဉ်တခုပါပဲ။ သင်္ကြန်ဝိဥာဉ်ကနန္ဒာ့ရင်အစုံကို နာကျည်းစေခဲ့သလို သာယာနာပျော်ဖွယ်သင်္ကြန်နေ့ရက်တွေရှိနိုင်ကောင်းပေမဲ့ နန္ဒာအတွက်တော့ သေသည်ထိ အရုပ်ဆိုးစွာ ခြောက်လှန့်နေအုံးမှာပါ။ မောင်မပေးဖြစ်ခဲ့တဲ့ ပိတောက်ဝါတွေဆိုတာကလည်း နန္ဒာအတွက်တော့ သေရာပါမဲ့ကျိန်စာတွေပါပဲကွယ်”

ရေကြည်သူ

0 comments:

Post a Comment