Sunday, April 27, 2014

တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ၂၀၁၅ နှစ်ဆန်း တရားဝင် ထုတ်ပြန်မည်ဟုဆို


မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူမျိုးလူဦးရေ စာရင်းများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။



မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူထားသော သန်းခေါင် စာရင်းများကို နေပြည်တော်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၀ ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ ခေါင်းဆောင်ပြီး တွက်ချက် စစ်ဆေးနေကာ ယင်းအဆင့် ပြီးပါက ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်နိုင်ငံလုံးအတွက် တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လူမျိုး ၁၃၅ မျိုးကို အခြေပြုပြီး ကောက်ခံသည့် သန်းခေါင်စာရင်းတွင် တွက်ချက် ပြီးစီးပါက လူမျိုးတိုးလာဖွယ် ရှိသကဲ့သို့ ၁၃၅ မျိုးအောက် နည်းသွားရန်လည်း ရှိကြောင်း၊ သန်းခေါင်စာရင်း တွက်ချက်ပြီးစီးပါက ဒုတိယအဆင့် အနေနှင့် လူမျိုးများကို သက်ဆိုင်ရာ လူမျိုး ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးထည့်သွင်း သွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

သန်းခေါင်စာရင်း မကောက်ယူခင် ကာလက အိမ်ထောင်စု ဇယားဖြင့် ကောက်ခံထားသော စာရင်းဇယားများအရ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် လူဦးရေ ၅ ဒသမ ၇ သန်းရှိပြီး အိမ်ထောင်စု ၁၁ သိန်းကျော် ရှိကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် အိမ်ထောင်စုစာရင်း မရှိသည့် မိသားစုဝင် များကိုလည်း တွေ့ရှိလာရကြောင်း၊ အမရပူရနှင့် ပုသိမ်ကြီး မြို့နယ်တို့တွင် အများဆုံး တွေ့ရကြောင်း၊ အဆိုပါ အိမ်ထောင်စုစာရင်း မရှိသေးသော မိသားစုဝင်များကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လူဦးရေမှာ မူလထက် တိုးတက် များပြားလာဖွယ် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“သန်းခေါင်စာရင်း မကောက်တာလည်း ကြာပြီ မဟုတ်လား။ လူဦးရေဆိုတာ အမြဲတိုးတက်နေတာ။ အရင်က တွက်ချက်ထားတာက လူဦးရေပညာနဲ့ ခန့်မှန်း တွက်ချက်ထားတာ ဖြစ်တယ်။ အခု သန်းခေါင်စာရင်း ကောက်ပြီးမှ တွက်ချက်တာကတော့ အနီးစပ်ဆုံး မှန်ကန်တတ်တယ်။ နိုင်ငံတကာမှာလည်း လူဦးရေနဲ့ ပတ်သက်ရင် တိတိကျကျ တွက်နိုင်တဲ့ နိုင်ငံတော့ မရှိပါဘူး။ အနီးစပ်ဆုံးသာ မှန်ကန်တာမျိုးပါ” ဟု အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ အငြိမ်းစား ဒုတိယဦးစီးမှူး ဦးမြတ်ကိုက သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သန်းခေါင်စာရင်း မကောက်ယူမီ အကြို ကောက်ခံထားသော စာရင်းဇယားများအရ မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် အိမ်ရာမဲ့ မိသားစု ၁၂၀၀ ကျော်ရှိပြီး၊ မိသားစုဝင်ပေါင်း ၅၅၀၀ ကျော် ရှိကြောင်းနှင့် သန်းခေါင်စာရင်း လူဦးရေ ကြေညာသည့်အခါ အဆိုပါ အရေအတွက်ထက် ပိုမို များပြားလာနိုင်ကြောင်း ယင်းဌာန စာရင်းဇယားများအရ သိရှိရသည်။

Credit To :The Voice Weekly 

0 comments:

Post a Comment