Monday, April 7, 2014

သေမင်းနှင့် ကစားခြင်း အပိုင်း(၂)



မကြာမီ အချိန်အတွင်းမှာပင် ကိုမိုးရောက်လာပြီး
" ကိုမင်းရေ.. ဟိုနားက မီးပွိုင့်မှာလည်း ကားတိုက်မှုတွေတွေ့ခဲ့ရတယ်.. ရှေ့ဆုံးက ရပ်ထားတဲ့ တက္ကစီပေါ်က Driver ကတော့ ပွဲချင်းပြီးပဲဗျို့.. "


" ဟုတ်တယ် ကိုမိုး.. အဲဒီကားတိုက်မှုတွေ မဖြစ်ခင်တုန်းက ရှေ့ဆုံးတက္ကစီကို ကျွန်တော်ကိုယ်တိုင်ငှားလာခဲ့တာ.. ဖြစ်ခါနီးအချိန်အထိတောင် ကျွန်တော် အဲဒီကားပေါ်မှာ ရှိနေတယ်.. "

" ဟင်.. တကယ်လား.. ကိုမင်း.. ဘယ်လိုတွေဖြစ်ကြတာလဲ.. "

" အဖြစ်အပျက်တွေရဲ့ အစကတော့ ဒီလိုဗျ... ××××× အဲဒါပဲ ကိုမိုး.. ကျွန်တော် အဲဒီ Driver ကို ကယ်ဖို့ ကြိုးစားပါသေးတယ်ဗျာ.. ဒါပေမယ့် ဘယ်လိုမှ မကယ်လိုက်နိုင်ဘူးဖြစ်သွားတယ်.. အဲဒီအတွက် စိတ်မကောင်းတဲ့ စိတ်က ကျွန်တော့်စိတ်ထဲမှာ ခုချိန်ထိ စွဲထင်နေတုန်းပဲ.. ဒါပေမယ့် ကျွန်တော် ခုချိန်ထိ Driver ရဲ့ ကြောက်စရာ အပြုံးကြီးကို မျက်စိထဲက ထုတ်လို့မရသေးဘူး.. နောက်ပြီး ကျွန်တော် အခုပြန်တွေးကြည့်ရင်းနဲ့ ဒီအဖြစ်အပျက်တွေအကုန်လုံးက သာမာန်ရိုးရိုးတိုက်ဆိုင်မှုတွေ မဟုတ်လောက်ဘူး..ကျွန်တော့် စိတ်ထဲကကို သိနေတယ်.."

ကျွန်တော် ပြောသည်ကို ကိုမိုးက ငြိမ်ပြီး နားထောင်နေရင်းမှ..
" မဟုတ်သေးဘူး .. ကိုမင်း.. လူဆိုတာ တိုက်ဆိုင်မှုတွေ များလာရင် ဟိုတွေး ဒီတွေးနဲ့ အတွေးများတတ်ကြတယ်.. မသင်္ကာတဲ့တစ်ခုကို သို့လော သို့လောထင်တတ်ကြတယ်.. ကြောက်ရွံ့ခြင်းရဲ့ အစက အတွေးက စတာဗျ.. "

" ကိုမိုးပြောတာတွေကို ကျွန်တော်လက်ခံတယ်.. အခုအဖြစ်အပျက်တွေက တစ်ရက်တည်းမှာပဲ ဖြစ်သွားခဲ့တာ.. ကဲပါ.. ဒါတွေထားလိုက်ပါတော့... ခုလောလောဆယ် ဒီအဖြစ်အပျက်တွေကို ကိုမောင်တို့၊ ကိုထက်တို့ကိုလည်း တိုင်ပင်ထားရင်ကောင်းမယ်.. "

" ကောင်းတာပေါ့ဗျာ.. ဒီစာအုပ်လေးသာ တစ်ခုခုထူးခြားလာရင်တော့ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာနောက်ထပ်အသစ်တစ်ခု ရတာပေါ့ဗျာ.. ဟားဟား.. "

ကိုမိုးက ပေါ့ပါးစွာပင် ရယ်မောလိုက်သည်။ ကိုမိုးပုံစံက ကျွန်တော်ပြောပြနေသော စာအုပ်တစ်အုပ်ကို စိတ်ဝင်စားနေဟန်မရှိဘဲ

" ကဲ.. ကျွန်တော်တို့ ပြန်ကြရအောင်.. ကားပေါ်ရောက်မှ ဖုန်းနဲ့ ကိုလွင်တို့ကို သွားနေကြဘီယာဆိုင်မှာပဲ ချိန်းလိုက်ကြတာပေါ့.. "

" ကောင်းတာပေါ့ဗျာ.. "
ကိုမိုး၏ ကားပေါ်သို့ရောက်သည်နှင့် ကိုလွင်တို့ကို ညနေဘက်တွေ့ဆုံရန် ချိန်းဆိုလိုက်ပြီး ကိုမိုး၏ကားနှင့်ပင် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ အိမ်သို့ရောက်သောအခါ ကုတင်ပေါ်တွင် IPad ကိုဖွင့်လိုက်ပြီး စာအုပ်ကို ရိုက်ထားသော ပုံများကို ပြန်ကြည့်လိုက်ရာ သေချာရှင်းရှင်းလင်းလင်း အနီးကတ်ရိုက်ထားသောပုံများသည်ေ၀၀ါးနေပြီး စာလုံးများ မသဲမကွဲဖြစ်နေလေသည်။ ထို့ကြောင့် အိတ်အတွင်းမှ စာအုပ်ကို ထုတ်လိုက်ပြီး သော့ကလေးဖြင့် စာအုပ်ကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် အခန်းထဲတွင် လေအေးများ စိမ့်ကနဲတိုက်ခတ်လာပြီး ခန်းစီးလိုက်ကာများ လွင့်ပျံ့ကုန်သည်။ လူလည်း ကြက်သီးတွေထပြီး ခေါင်းတွေကြီးလာလေသည်။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို စူးစူးစိုက်စိုက်စောင့်ကြည့်နေသလို ခံစားချက်မျိုးကတော့ စာအုပ်ကလေးကို ပထမဆုံးဖွင့်တုန်းကတစ်ကြိမ်နှင့် ထပ်တူမျှစွာ ခံစားနေရသည်။ ခံစားချက်တွေကို ကြိုးစားမေ့ဖျောက်ရင်း စာအုပ်ကလေး၏ ပထမဆုံးစာမျက်နှာကို ဖတ်လိုက်သည်။ ထိုအချိန်တွင် မျက်လုံးထောင့်တွင် မဲမဲသဏ္ဍန်တစ်ခုမြင်လိုက်ရသောကြောင့် ဖြတ်ခနဲလှည့်ကြည့်လိုက်မိရာ ကျွန်တော်ရှိရာ ကုတင်နှင့်

မလှမ်းမကမ်းတွင်ရှိသော စာကြည့်စားပွဲပေါ်တွင် စူးရှတောက်ပြောင်လှသော မျက်လုံးအစုံနှင့် ကျွန်တော့်ကို စူးစိုက်စွာကြည့်နေသော ကြောင်နက်တစ်ကောင်... ဟင်... ငါ ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့ခဲ့တဲ့ ကြောင်နက်ပါလား.. ကြောင်နက်ကြီးက ကျွန်တော့်ကို တစ်ချက်စူးခနဲကြည့်လိုက်ရင်း စားပွဲပေါ်မှ ခုန်ချကာ ကုတင်အောက်သို့ဝင်သွားလေသည်။ ကျွန်တော်လည်း အိမ်မှာ ကြောင်မမွေးဘဲ ထူးဆန်းစွာကြောင်နက်တစ်ကောင်ရောက်နေသောကြောင့် ကုတင်အောက်သို့လိုက်ကြည့်မိလိုက်ရာ ကုတင်အောက်တွင် ဘာမှရှိမနေဘဲ ရှင်းလင်းနေသည်ကို အံ့သြစဖွယ်တွေ့ရှိလိုက်ရလေသည်။ ထိုအချိန်တွင် ရုတ်တရက် ဖုန်းသံကကျယ်လောင်စွာ မည်လာလေသည်။ မျက်လုံးက ဘာရယ်မဟုတ်ဘဲ ကုတင်နှင့် တည့်တည့်မှာထားသော နာရီကို တစ်ချက်ကြည့်လိုက်မိသည်။ နေ့လည် နှစ်နာရီ တိတိ..ကျွန်တော်လည်း စာအုပ်ကိုဘေးနားချထားလိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဖုန်းနံပါတ်ကိုကြည့်လိုက်သည်။ မမြင်ဖူးသေးသော ဖုန်းနံပါတ်တစ်ခု...

" ဟလို အမိန့်ရှိပါခင်ဗျာ.. "
အတန်ကြာသည့်အထိ တစ်ဖက်မှတုံ့ပြန်သံမကြားရသောကြောင့် ဖုန်းချမည်ဟုကြံလိုက်သောအချိန်တွင်
" ဟလို.. မောင်ရင်လည်း ဦးပါ.. ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကပါ.. "
" အော်.. ဦးလား.. ဘာအကြောင်းရှိလို့လဲ.. ခင်ဗျာ.. "
" မောင်ရင် ပေးထားတဲ့ ကတိကို တည်ပါစေနော်... "
" အော်.. ဦးကလည်း ကျွန်တော် ဦးကိုသေချာကတိပေးပြီးပါပြီ.. အခုလည်း ကျွန်တော် ထပ်ပြီး သေချာကတိပေးပါတယ်ဗျာ.. "
" အင်းလေ.. ဒါဆိုလည်း ဦးစိတ်ချပါပြီ.. "

ပြောပြီးသည်နှင့် ဖုန်းချလိုက်လေတော့သည်။ ကျွန်တော်လည်း ဖုန်းချပြီးသည်နှင့် စာအုပ်ဖတ်ရန် စိတ်မပါတော့ဘဲ သူငယ်ချင်းတွေအားလုံးစုံမှ စာအုပ်ကိုဖွင့်ဖတ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး စာအုပ်ကို အိတ်ထဲသို့ပြန်ထည့်လိုက်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်မိသည့်ခဏတွင် တစ်နေ့လုံး စိတ်ပင်ပန်းလာသည့်အလျောက် အိပ်ပျော်ခြင်းအဖြစ်သို့ ရောက်သွားလေတော့သည်။
မြင်မြင်သမျှ အာရုံတွေေ၀၀ါးလျက်.. မြူနှင်းတွေကြားထဲ လျှောက်သွားနေသကဲ့သို့ ဖြစ်နေလေသည်။

ထိုအချိန်တွင် မြင်ကွင်းများ ရုတ်တရက်ပြောင်းလဲသွားပြီး ကျွန်တော့်စိတ်က နေ့လည်က ငှားလာသော တက္ကစီကားထဲသို့ ပြန်ရောက်နေသည်။ တစ်ဖက်ယာဉ်ကြောမှ ကားကြီးကလည်း ယိမ်းထိုးပြီး ကျွန်တော်တို့ စီးလာသော တက္ကစီလေးဆီသို့ ဦးတည်မောင်းနှင်လာလေသည်။ ကျွန်တော်က ကားနံဘေးတွင် အပြင်လူတစ်ယောက်လို ရပ်ကြည့်နေသကဲ့သို့ ကားထဲတွင်လည်း ကျွန်တော်နှင့်လွန်စွာတူသော မင်းမနိုင်တစ်ယောက်က ကားတံခါးကို အသည်းအသန်ဖွင့်နေလေသည်။ မည်းမည်းအကောင်ကြီးများက ကားအပြင်ဘက်မှတွန်းကန်ပိတ်ထားကြသည်။ ထို့အပြင် ကားထဲတွင်လည်း မင်းမနိုင်တစ်ယောက်က ကားသမားကို သတိပေးနေဟန် လှုတ်နေပြီး ကားသမားကို မည်းမည်းအကောင်ကြီးတစ်ကောင်က အနောက်မှကိုင်ထားပြီး ကားသမားက မင်းမနိုင်၏လက်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်ကိုတွေ့ရလေသည်။ ကားကြီးကလည်း တဖြေးဖြေးနီးကပ်လာချေပြီ.. ကျွန်တော်လည်း ကားတံခါးပိတ်ထားသော မည်းမည်းအကောင်ကြီးများကို အတင်းတွန်းပြီးကန်ကျောက်လိုက်ရာ မည်းမည်းအကောင်ကြီးတစ်ကောင်လဲကျသွားချိန်တွင် ကားထဲမှ မင်းမနိုင်ကလည်း ကားတံခါးကိုခြေထောက်ဖြင့်ကန်ပြီး ထွက်လာလေသည်။ မည်းမည်းအကောင်ကြီးများက ကျွန်တော့်ကိုတော့ ဘာမှမလုပ်ဘဲ.. ကားသမား၏ တံခါးကို အတင်းတွန်းပိတ်နေပြန်သည်။

မင်းမနိုင်ကလည်း ကားတံခါးကို အတင်းဆွဲကာဖွင့်နေသော်လည်း ကားတံခါးက ပွင့်မလာဘဲ ကားကြီးက လွန်စွာနီးကပ်နေသောကြောင့် ကားကြီးနှင့်လွတ်ရာသို့ ထွက်ပြေးသွားလေသည်။ ထွက်မပြေးနိုင်လောက်အောင် ကြောင်ကြည့်နေသော ကျွန်တော့်တည့်တည့် ကားကြီးက၀င်ရောက်လာလေသည်။ ပြင်းထန်လှသော အသံကြီးဖြင့် တက္ကစီကားလေးကို ကားကြီးက ၀င်တိုက်မိပြီး ငြိမ်သက်သွားသည်။ ထိုအချိန်မှ ကားတံခါးပွင့်လာပြီး သွေးသံရဲရဲဖြင့် ကားသမားထွက်ကျလာလေသည်။ ကျွန်တော်လည်း ကားကြီးဝင်ရောက်လာစဉ်က ကြောက်လန့်တကြား လက်ဖြင့်ကာပြီး မျက်လုံးမှိတ်ထားသော်လည်း ဘယ်လိုမှ မခံစားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်မိရာ တစ်စုံတစ်ရာထိခိုက်မှုမရှိသဖြင့် အံ့သြသွားသည်။ ထိုအချိန်တွင် ထွက်ပြေးသွားသော မင်းမနိုင်မှ ပြန်ရောက်လာပြီး သေဆုံးသွားသောကားသမားကို စိတ်မကောင်းသောမျက်လုံးများဖြင့်

ကြည့်ရှုနေလေသည်။ ထိုအခိုက်တွင် စောစောက သေဆုံးသွားသော ကားသမား၏ စိတ်ဝိညာဉ် ပေါ်လာပြီး ကျွန်တော်က သူ့ကို ကယ်ရန်ကြိုးစားသော်လည်း မကယ်လိုက်နိုင်သဖြင့် စိတ်မကောင်းမဖြစ်စေလိုကြောင်း၊ သူ့ကိုကယ်တင်နေသည့်အဖြစ်ကို သူသိပါကြောင်း၊ သို့သော် သူအနေဖြင့် တစ်စုံတစ်ယောက်က သူ့ကိုထွက်မပြေးနိုင်စေရန် ချုပ်ထားသောကြောင့်သာ သူ သေဆုံးရတာဖြစ်ကြောင်း၊ ထို့ကြောင့် နောက်ဆုံးအကြိမ် သေဆုံးပြီးသော သူခန္ဓာကိုယ်ကို ကျွန်တော်မြင်နိုင်စေရန်သာ အသုံးချပြီး ပြုံးပြလိုက်တာဖြစ်ကြောင်း ပြောပြလေသည်။ ထို့နောက် မြင်ကွင်းတွေ ပြောင်းလဲသွားပြန်ပြီး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်သို့ ပြန်လည်ရောက်ရှိသွားသည်။ ဆိုင်ရှင် ဦးလေးကြီးက သူ့အဖေဖြစ်ဟန်တူသော လူတစ်ယောက်၏ ဓါတ်ပုံရှေ့တွင် သူ့ကို ခွင့်လွတ်ပေးပါရန် အကြိမ်ကြိမ်ဦးတိုက်တောင်းပန်နေသည်ကို တွေ့ရလေသည်။ သို့သော် ခဏအကြာတွင် ခန္ဓာကိုယ်ကြီးထွားလှသော မည်းမည်းအကောင်ကြီးပေါ်လာပြီး ဆိုင်ရှင်ဦးလေးကြီးကို လည်ပင်းညစ်နေလေသည်။ ကျွန်တော်လည်း မည်းမည်းအကောင်ကြီးကို အတင်းဝင်ရောက်ဆွဲသော်လည်း ဘယ်လိုမှထိလို့ ဆွဲလို့မရခဲ့ဘဲ ဆိုင်ရှင်ကြီးမှာ ပြူးကျယ်သောမျက်လုံးအစုံနှင့် တဖြေးဖြေး လဲကျသေဆုံးသွားလေသည်။ ဆိုင်ရှင်ကြီး လဲကျသွားသည်နှင့် မည်းမည်းအကောင်ကြီးလည်း ပျောက်ကွယ်သွားလေသည်။ ကျွန်တော် တစ်စုံတစ်ခုကို သတိရလိုက်မိပြီး နာရီကိုကြည့်လိုက်ရာ..

 နေ့လည် နှစ်နာရီ... ဟင်.. ဒါ .. ဒါဆို..
တုန်ရီလှိုက်မောပြီး ခြောက်ခြားစရာကောင်းလှသော အိမ်မက်တစ်ခုမှ လန့်နှိုးသွားသည်။ တစ်ကိုယ်လုံးလည်း ချွေးသီးချွေးပေါက်များက ရေချိုးထားသည့်ပမာ.. နာရီကိုကြည့်လိုက်တော့ လေးနာရီ.. တောက်.. ဘယ်လိုအိမ်မက်ကြီးလဲကွာ... တစ်ယောက်တည်း ရေရွတ်ရင်း ရေတစ်ခွက်သောက်လိုက်သည်။ ထိုအချိန်တွင် ကိုလွင့်ဆီမှ ဖုန်းဝင်လာသည်။

" ဟုတ်.. ပြောပါ ကိုလွင်.. "
" အေး.. ပြော ဆို.. ပြောရမှာတောင် စိတ်မကောင်းဘူးကွာ.. မင်းနဲ့ခင်နေတဲ့ ရှေးဟောင်းပစ္စည်းဆိုင်က အဖိုးကြီး နေ့လည်ကပဲ ဆုံးသွားတယ်.. အဲဒီအဖိုးကြီးကတစ်ယောက်တည်းနေတာကွ.. သူ့ဆိုင်ကို ပုံမှန်ပစ္စည်းလာဝယ်တဲ့လူတစ်ယောက်က ဆိုင်ရှင်ကြီးကို ခေါ်တာ မထူးလို့ စိတ်ပူပြီး အထဲဝင်ကြည့်လိုက်တော့ အဲဒီအဖိုးကြီး ဆုံးနေပြီ.. အခု ရဲတွေလည်း ရောက်နေတယ်.. ငါ့အသိ ဒုရဲအုပ်တစ်ယောက်လည်း တွေ့လို့ သူ့ကို ၀င်နှုတ်ဆက်ရင်းနဲ့ အကြောင်းစုံကို ငါသိရတာ.. ဒီသတင်းကို မင်းမသိသေးဘူးထင်ပြီး လှမ်းပြောတာ.. "

" ခဏနေပါအုန်း ကိုလွင်.. ကိုလွင့်အသိ ရဲကို မေးကြည့်စမ်းပါ.. ဘယ်အချိန်က သေဆုံးတာလဲ ဘာကြောင့်သေဆုံးတာလို့ ခန့်မှန်းနိုင်လဲလို့.. "

" ဟကောင်ရ.. ဒါမျိုးက မှုခင်းဆရာဝန်တွေဆီ အပ်ပြီးမှ ဆရာဝန်တွေက ပြောမှသိရတာ.. ရဲတွေက ပြောတာကတော့ နေ့လည် နှစ်နာရီဝန်းကျင်လောက်က သေဆုံးတယ်လို့ ခန့်မှန်းရတာပဲ တဲ့.. "

" ဗျာ.. နေ့လည် နှစ်နာရီလောက်က ဟုတ်လား.. "

" အေးလေ.. မင်း ဒီသတင်းကြားပြီးပြီ မို့လို့လား.."
" ဟအင်း.. မကြားရသေးပါဘူး.. "
" မကြားရသေးဘဲနဲ့ကွာ.. ကဲ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့.. လူကြီးဆိုတာ ဒီလိုပဲ ဖြစ်တတ်တာပဲလေ.. မင်းအသံကြားရတာလည်း တစ်ခုခုလန့်နေသလိုပဲ.. သူငယ်ချင်းအချင်းချင်း လျှိုမထားနဲ့နော်.. ကဲ.. ညနေမှ ဆုံနေကြဆိုင်မှာတွေ့မယ်ကွာ.. ဒါပဲ.. "

တရစပ်ပြောပြီး ဖုန်းချသွားသည်။ ကျွန်တော့်ခေါင်းထဲမှာတော့.. နေ့လည် နှစ်နာရီ.. နေ့လည် နှစ်နာရီ... ဘာဖြစ်လို့ ငါ့အိမ်မက်ထဲမှာ ဆိုင်ရှင်ကြီးဆုံးတဲ့အချိန်နဲ့ တူနေရတာလဲ.. ဟင်..ဒါ.. ဒါဆို ငါ အိမ်မက်မက်နေတာ မဟုတ်ဘူးပေါ့.. ငါ မြင်ခဲ့ရတာတွေက အမှန်တွေများ ဖြစ်နေမလား... ဟားးးးးးးးးး ဒီအကြောင်းတွေဆက်တွေးနေရင် ရူးတော့မယ်.. ညနေမှ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး အဖြေတစ်ခုရအောင် ဆွေးနွေးရမယ်.. စိတ်ထဲက ဆုံးဖြတ်ချက်ချလိုက်ပြီး ရေမိုးချိုး အ၀တ်အစားလဲပြီး သူငယ်ချင်းတွေနဲ့ တွေ့ရန်အတွက် ဘီယာဆိုင်သို့ ချီတက်ခဲ့လေသည်။ ဆိုင်သို့ ကျွန်တော်ရောက်ပြီး သိပ်မကြာခင်မှာပင် ကိုလွင်၊ ကိုမိုး၊ ကိုထက်တို့ရောက်လာကြလေသည်။

" ဟင်.. ကိုမောင်ရော.. "
" အင်း အဲဒါပဲ ပြောမလို့ကွ.. ကိုမောင်က ဒီနေ့ အရေးကြီးတဲ့ ကိစ္စရှိလို့ အိမ်ကခွာလို့မရဘူးတဲ့.. အဲဒါ ဘယ်လိုလုပ်ကြမလဲ.. "

" ကျွန်တော်ကလည်း သူငယ်ချင်းတွေ အားလုံးကိုတွေ့ချင်နေတာဗျ.. ကဲ.. ဒါဆို ပုလင်းတွေ ၀ယ်ပြီးကိုမောင့်အိမ်သွားကြတာပေါ့.. အမြည်းကတော့ အိမ်ရှင်ကြီး ကိုမောင့်ကိုစီစဉ်ခိုင်းလိုက်မယ်.. မကောင်းဘူးလား.. "

" ကောင်းသားပဲကွ.."
ဘီယာပုလင်းများကို ၀ယ်လိုက်ကြပြီး ကိုမောင့်အိမ်သို့ ဦးတည်သွားလိုက်ကြလေသည်။ အိမ်ရောက်တော့ ကိုမောင့်ကို အခန့်သားတွေ့လိုက်ရလေသည်။ သို့သော် အနွေးထည်လက်ရှည်ကြီးနှင့်..
" ဟေး ကိုမောင်.. ဒီနေ့ ဘာလို့ လိုက်မလာတာလဲ.. "
" ကျွန်တော် ဒီနေ့ နဲနဲနေမကောင်းချင်သလို ဖြစ်နေလို့ဗျ... နောက်ပြီး စိတ်တွေကလည်း လေးနေသလိုကြီး.. အဲဒါကြောင့်မလာတာပါဗျာ.. "

" ကဲပါ.. ထားလိုက်တော့.. ကျွန်တော်တို့လည်း ကိုမောင် မပါတော့ သောက်ရတာ မပျော်လို့ ဒီအိမ်ကို ချီတက်လာကြတာဗျို့.. အမြည်းကတော့ ကိုမောင်ပဲ စီစဉ်ပေးရမှာနော်.. "
" ရတာပေါ့.. ခင်ဗျားတို့ကိုမြင်လိုက်၇တာ ကျွန်တော့်အဖျားတောင် ဘယ်ထွက်ပြေးသွားပြီလဲမသိဘူး.. "
" ဟားဟား.. ကျွန်တော်တို့လူသိုက်ကိုမြင်ပြီး အဖျားထွက်ပြေးသွားပြီနဲ့ တူတယ်.."
ပုလင်းများကို ဖွင့်လိုက်ကြပြီး တစ်ယောက်တစ်ခွက်ငှဲ့လိုက်ရင်း
" ကျွန်တော် ဒီနေ့ ထူးဆန်းတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်.. "

" ဘာတွေ ထူးခြားနေလို့လဲ ကိုမင်းရဲ့.." ကိုလွင်က မေးလိုက်သည်။
" အဖြစ်အပျက်တွေ တိုက်ဆိုင်မှုတွေ သိပ်များလွန်းနေလို့ ထူးဆန်းတဲ့အဖြစ်တွေလို့ ပြောလိုက်ရတာပါ.. ဖြစ်ပုံက ဒီလိုဗျ.. ... "

မနက်ပိုင်းမှ စတင်ပြီး ရှေးဟောင်းအရောင်းဆိုင်မှာ တွေ့ကြုံရတဲ့အဖြစ်တွေအကြောင်း၊ ဆိုင်ရှင်အဖိုးကြီး၏ ထူးဆန်းလှသော ကတိစကား၊ နေ့လည်ပိုင်းက ကားတိုက်မှု၊ စာအုပ်ဖတ်မယ်ကြံတိုင်း ထူးဆန်းစွာတွေ့တတ်သည့် ကြောင်နက်ကြီး၊ အိမ်မက်ကိစ္စများနှင့် ကိုလွင်ပြောသောအချက်အလက်များ တူညီနေမှုများကို ကျွန်တော် ပြောပြလိုက်သည်။ ကျွန်တော့်စကားကို အားလုံးစူးစိုက်စွာ နားထောင်နေပြီး ကိုမောင်က..

" အခု အဲဒီစာအုပ်ပါတယ် မဟုတ်လား.. ကျွန်တော်တို့အားလုံးရှေ့မှာ ဖတ်ကြည့်ရအောင် ဘာတွေထူးခြားမလဲဆိုတာ သေချာမှတ်တမ်းတင်ထားကြမယ်.. "
ကိုမောင် ပြောသည့်စကားကို အားလုံးက ထောက်ခံသောကြောင့် ကျွန်တော့်အိတ်ထဲမှ စာအုပ်နှင့် သော့တံလေးကို ထုတ်လိုက်သော်လည်း တစ်ခုခုကို ပြန်စဉ်းစားမိသဖြင့် အိတ်ထဲသို့ ပြန်ထည့်လိုက်ကာ
" အားလုံးကို ကျွန်တော် တစ်ခုပြောချင်ပါတယ်.. ကျွန်တော်တို့အားလုံးဟာ သူငယ်ချင်းတွေဆိုပေမယ့် တကယ့်ညီအစ်ကိုတွေလိုပါပဲ.. ဒီစာအုပ်ကလေးရစဉ်တုန်းက ဆိုင်ရှင်အဖိုးကြီးက ဒီစာအုပ်နဲ့ ပတ်သတ်မိသူတိုင်းဟာ ကျိန်စာသင့်သလို သေဆုံးကုန်ကြရတယ်လို့ သတိပေးခဲ့ဖူးပါတယ်.. ဒါကြောင့် ဖြစ်နိုင်ရင် ဒီစာအုပ်ကလေးကို ကျွန်တော်တစ်ယောက်တည်းဖတ်ပါရစေ.. ပြီးရင်တော့ အားလုံးကိုပြောပြပါ့မယ်.. "

" ဟာ.. ဒီလိုတော့ ဘယ်ဖြစ်မလဲ.. ကိုမင်းပြောပုံအရဆိုရင် ကျွန်တော်တို့က ညီအစ်ကိုတွေဆို.. တစ်ယောက်ကိုပဲ စုခံခိုင်းနေသလို ဖြစ်နေမှာပေါ့.. နောက်တစ်ခုက ကျွန်တော်တို့က ဒီလိုကိစ္စတွေမှာ ဘယ်တုန်းက နောက်တွန့်ဖူးလို့လဲ.. သရဲရှိတဲ့နေရာတွေကိုတောင် လိုက်ရှာနေတဲ့ကောင်တွေလေ.. ဒီစာအုပ်ကို ကြောက်စရာလား.. " ကိုထက်က ၀င်ပြောသည်။

" မဟုတ်သေးဘူး ကိုထက်.. ကျွန်တော်တို့ သရဲရှာဖွေခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အခုလို လူသေမှုတွေ မတော်တဆမှုတွေ မဖြစ်ဘူး.. အခုပြောနေတာက လူ့အသက်တွေနဲ့ သက်ဆိုင်လို့ ပြောနေတာပါ.. ကိုထက်တို့အားလုံးကို ကြောက်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး.. "
" ကဲပါဗျာ.. ကြာပါတယ်.. ကိုမင်းလည်း ဘာမှတစ်ယောက်တည်းခံစရာမလိုဘူး.. အားလုံးက ညီအစ်ကိုတွေပဲ.. ဖြစ်လာရင် အားလုံးခံရမှာပဲ.. ကဲ အားလုံးစုံတုန်း ဒီစာအုပ်ကိုဖွင့်လိုက်ကြရအောင်... " ကိုမိုးက ပြောလိုက်ရာ အားလုံးက လက်ခံသဖြင့် ကျွန်တော် ဘာမှမပြောတော့ဘဲ စာအုပ်နှင့် သော့တံလေးကို အိတ်ထဲမှာ ဖြေးညင်းစွာထုတ်လိုက်သည်။ ထိုအခါ ကိုမောင်က

" ခဏလေး.. ဒီလို ထူးခြားမယ့် အခြေအနေကို သေချာစောင့်ကြည့်ဖို့ ကျွန်တော့်ဆီမှာ ဗီဒီယိုကင်မရာရှိတယ်.. သွားယူလိုက်အုန်းမယ်.. ခဏစောင့်ကြနော်.. "

ကျွန်တော်တို့လည်း ကိုမောင့်ကိုစောင့်ရင်းနှင့် ဘီယာဆက်သောက်ဖြစ်ကြသည်။ ခဏအကြာ ကိုမောင်ထွက်လာပြီး သူ့လက်ထဲတွင်လည်း ဗီဒီယိုကင်မရာ အသေးလေးနှစ်လုံးပါလာလေသည်။
" တစ်လုံးက အမြင့်တစ်နေရာမှာထားပြီး အောက်ကိုထိုးထားမယ်.. နောက်တစ်လုံးက ကျွန်တော်တို့အားလုံးကို မြင်နိုင်တဲ့နေရာမှာ ထားမယ်.. ကိုထက်ရေ.. တစ်ချက်ကူပါအုန်းဗျာ.. ကိုထက်က အရပ်ရှည်တဲ့လူဆိုတော့ ကင်မရာလေးကို... အင်းးး အော်. .တွေ့ပြီ.. ဟိုနေရာမှာ ထားလိုက်.. " ကိုမောင်ညွန်ပြသောနေရာက ကျွန်တော်တို့ ထိုင်နေသည့်နေရာနှင့် မလှမ်းမကမ်း ဗီဒိုလေးပေါ်မှာဖြစ်သည်။ သူကိုယ်တိုင်ကတော့ ခပ်လှမ်းလှမ်းက ခုံလေးတစ်ခုံပေါ်တွင် ကင်မရာကို ကျွန်တော်တို့ ထိုင်မည့်နေရာသို့ အသေအချာချိန်ပြီးထားလိုက်သည်။

" ကဲ.. အားလုံး အဆင်သင့်ဖြစ်ရင် စာအုပ်ဖွင့်လိုက်တော့မယ်.. " သော့တံလေးကို ဖြေးညင်းစွာလှည့်လိုက်ပြီး စာအုပ်ကို ဖွင့်လိုက်သည်။ ထိုအခိုက်တွင် အိမ်ပြတင်းပေါက်များကို သေချာလုံခြုံစွာပိတ်ထားသော်လည်း အရပ်မျက်နှာ အဘက်ဘက်မှ ထူးဆန်းစွာ လေပြင်းများတိုက်ခတ်လာသလို ခံစားလိုက်ရလေသည်။ ကျွန်တော်တို့အားလုံးလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြပြီး ဘာဆက်လုပ်မလဲဟူသော မျက်လုံးများဖြင့် မေးခွန်းထုတ်လိုက်ကြသည်။

" ကဲ .. မထူးဘူးကွာ.. ဖြစ်ချင်ရာဖြစ် ဖတ်တော့မယ်.. " စာမျက်နှာများကိုကြည့်ရန် လှန်မည်အပြုတွင်
" ညောင်းးးးးး "

စောစောက ကိုထက်ကင်မရာထားထားသော ဗီဒိုပေါ်ထိုအခိုက်တွင် ကျွန်တော်တို့အားလုံးကို စူးစိုက်ကြည့်နေသော ကြောင်နက်ကြီးတစ်ကောင်..
" ဟာ.. " အားလုံး လန့်သွားကြသည်။ သာမန်အားဖြင့် ကြောင်တစ်ကောင် ဗီဒိုပေါ်ရောက်နေသည့်အဖြစ်မှာ သိပ်မထူးဆန်းသော်လည်း ကိုမောင့်လို ကြောင်မုန်းသည့်လူတစ်ယောက်ကတော့ ဘယ်နည်းနဲ့မှ သူ့အိမ်ထဲကြောင်အ၀င်ခံလိမ့်မည် မဟုတ်မှန်း အားလုံးသိကြသည်။ ထိုထက်ပိုထူးခြားသည်မှာ ကျွန်တော်တို့ထက် အရပ်ပိုမြင့်သော ကိုထက်တောင် ခုံအမြင့်ကြီးဖြင့် တက်မှ ရောက်နိုင်သည့် ဗီဒိုကြီး ဘေးတွင် ဘာကုတ်တွယ်စရာမှ မရှိသော ဗီဒိုကြီးပေါ်သို့ ကြောင်တစ်ကောင်က ဘာသံမှမကြား ဘယ်သူမှ မမြင်ရဘဲ တက်ရောက်နေခြင်းပင်.. ကိုမောင်က
" ကိုထက်.. စောစောက ဗီဒိုပေါ် ကင်မရာတင်တုန်းက အဲဒီကြောင်ကိုတွေ့လား.. "

" ဟအင်း ကိုမောင် ကျွန်တော် ဗီဒိုပေါ်မှာ ကင်မရာထားတုန်းက ဘာကြောင်မှ မရှိဘူး.. "
ကျွန်တော်တို့အားလုံးအကြည့်က ကိုထက်ဆီသို့ရောက်ပြီး ဗီဒိုပေါ် ပြန်ကြည့်လိုက်ရာ ထိုကြောင်ကြီး မရှိတော့ချေ...
" ဟာ... ဘာလဲဟ.. "

ကိုမောင်က ထဆဲတော့သည်။
" ဟေ့.. မကောင်းဆိုးရွားရော ဘာရော နားမလည်ဘူးနော်.. ငါ့အိမ်မှာတော့ ခြောက်ဖို့လှန့်ဖို့ လာမစဉ်းစားနဲ့.. အကုန်လုံး သေချင်းဆိုးနဲ့ နောက်တစ်ခါထပ်သေကုန်မယ်.. ငါကတော့ မကောင်းဆိုးရွားကော သရဲကော ဘာကောင်လာလာ ဂရုကိုမစိုက်ဘူး.. "
" ကဲပါ.. ကိုမောင်ရယ်.. ကြောင်တစ်ကောင်က ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး.. ကျွန်တော်တို့ စာအုပ်ကို ဖွင့်ကြည့်ရအောင်.. ခုထိ စာမျက်နှာတွေထဲမှာ ဘာပါလဲတောင် မသိဘူး.. ကိုမင်းပြောသလို ထူးဆန်းနေတာတော့ အသေအချာပဲ.. " ကိုလွင်က တွေးဆရင်း ပြောသည်။
" ကဲဗျာ.. ဒီတစ်ခါ ဘာကောင်လာလာ.. စာအုပ်ဖွင့်ပြီ.. " ကျွန်တော်က ပြောလိုက်ရင်း စာအုပ်၏ ပထမဆုံးစာမျက်နှာပေါ်မှ စာကြောင်းကို ဖတ်လိုက်သည်။

ဤစာအုပ်ကို ဖတ်မိသောသူများ လက်ဝယ်ပိုင်ဆိုင်ထားသောသူများအတွက် မကြာမှီမှာပင် ကံဆိုးခြင်းတွေ ဖြစ်ပေါ်လာပေလိမ့်မည်။ သို့သော် သင်၏ ကံ၊ ညဏ်၊ ၀ီရိယ၊ စိတ်ခံစားချက်များပေါ်တွင် များစွာ မူတည်နေသည်။ ဤစာအုပ်ဖတ်မိချိန်မှစပြီး သင်သည် သေမင်းနှင့် စတင် ကစားရပေတော့မည်။ သင်ထံသို့ မကြာမှီမှာပင် ကစားနည်းသစ်များ ရောက်ရှိလာပေလိမ့်မည်။ စောင့်မျှော် ဖြေရှင်းပါလေ... ကစားနည်းတိုင်းတွင် သင့်အသက်နှင့်ရင်းရမည်ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင် စီရင်ရေးသားထားခဲ့သော စာအုပ်ဖြစ်သောကြောင့် ဒီစာအုပ်ကိုဖတ်သည့်အချိန်မှစတင်ပြီး ဖတ်မိသည့်သူသည် ရှောင်လွဲလို့မရသောကစားနည်းများဖြင့် ကစားရပေလိမ့်မည်။ ဤစာအုပ်ထဲတွင် ၀ိညာဉ်နတ်ဆိုးများထည့်သွင်းထားခြင်း၊ လူအရေပြားဖြင့် စာအုပ်ပြုလုပ်ထားခြင်း၊ ဆေးဖော်ထားသော လူသွေးများဖြင့်သာ ရေးသားထားခြင်းတို့ကြောင့် ကစားနည်း(၉) မျိုးမပြီးမချင်း စာအုပ်မပျက်စီးအောင် ပြုလုပ်စီရင်ထားခဲ့သည်။ ဤစာအုပ်တွင် စာမျက်နှာပေါင်းဆယ်မျက်နှာအနက် ကိုးမျက်နှာမှာ ကစားနည်းများဖြစ်သည်။ ကစားနည်းတစ်ခုမှာ တစ်ရက်သတ်မှတ်ပြီး ကိုးရက်ပြည့်မြောက်သော်ငြား သင်မသေဆုံးခဲ့သော် ဤစာအုပ်သည် အလိုလို မီးလောင်ပြာကျသွားမည်ဖြစ်သည်။ တစ်ခုထပ်ပြီး သတိပေးလိုသည်မှာ ကစားနည်းများကစားနေချိန်အတွင်းမှာလည်း စာအုပ်တွင်းမှ ၀ိညာဉ်များလွတ်လပ်နေမည်ဖြစ်သောကြောင့် သင်ကို ခြောက်လှန့်ခြင်း၊ ဒုက္ခပေးခြင်းများ ကြုံတွေ့နိုင်သည်။

ပုံ
ကဝေအသင်းချုပ်ကြီးခေါင်းဆောင်

" ဟာ.. ဒီပုံအတိုင်းဆိုရင်တော့ တကယ်မလွယ်တဲ့ စာအုပ်ပဲဟ.. " ကိုမိုးက ပြောလေသည်။
" ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက စာအုပ်ကိုဖတ်ပြီးပြီ.. အန္တရယ်က ကျွန်တော်တို့ လက်တကမ်းမှာပဲ.. ဒီတော့ သူပြောထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ကံ၊ ညဏ်၊ ၀ီရိယနဲ့ စိတ်ခံစားမှုတွေကို သုံးပြီး ရဲရဲရင်ဆိုင်ဖို့ပဲ ရှိတော့တယ်.. "
" ကဲပါ.. လာမယ့်ဘေး ပြေးတွေ့ကြတာပေါ့.. ကစားနည်း ၁ က ဘာတဲ့လဲ.. " ကိုလွင်က မေးလိုက်သောကြောင့် နောက်စာမျက်နှာတစ်ရွက်ကိုလှန်လိုက်ရာ စာကြောင်းတစ်ကြောင်းတည်းရေးထားလေသည်။

၁။ ရေဖြင့် ကစားခြင်း ....
" ဟားဟား.. ရေနဲ့ ကစားရမယ်တဲ့.. ပျော်စရာကြီးကွာ.. ငါက မြစ်ဝကျွန်းပေါ်သားကွ.. ရေနဲ့တွေ့ရင် ကြိုက်မှကြိုက်... " ကိုမိုးက ၀မ်းသာအားရဖြင့်ထပြောသည်။ ကျွန်တော်ကတော့ အသက်အန္တရယ်နှင့်ရင်ဆိုင်ရမည့် ပထမကစားနည်းကို တွေးတောစဉ်းစားကြည့်နေမိတော့သည်။

ဆက်ရန်
အက်တမင် မင်းမနိုင်

သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

0 comments:

Post a Comment