Wednesday, April 30, 2014

မိုးတွေမှိုင်းရင် မျက်ရည်ဝိုင်းတယ် မရိုင်းတော့နဲ့ မေ


မဖြစ်နိုင်ဘူး။ နောက်ထပ်မဖြစ်နိုင်တော့ဘူးဟု ကိုယ့်စိတ်ကိုယ်ဖြေသော် လည်း ဒီအချိန်ဒီကာလရောက်ပြီဆိုရင်တော့ သူ့ စိတ်တွေက မခိုင်တော့ ဟု ကျောင်းဆရာမ မဖြူ က ပြောသည်။ ဒီလိုအချိန်မှာ ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးသည်အခြားအချိန်များတွင်

မေ့ထားနိုင်သော်လည်း မေလ၏အတိတ်က သူမစိတ်ကို ချောက်ချားစေနိုင် လွန်းသည်ဟု သူက ဆိုသည်။
”ကိုယ်က အခု မြို့ပေါ်ရောက်နေပေမယ့်လည်း ရွာမှာရှိတဲ့ အမျိုးတွေကို စိတ်ပူတယ်”ဟု ဧရာဝတီတိုင်း ပြင်စလူ မြို့နယ်ရှိ ဆွေမျိုးသားချင်းများ အပေါ် ဆိုးရွားသည့် ကံတရားများ ထပ်မံမကျရောက်အောင် မဖြူ (အမည်လွှဲ)က ဆုတောင်းပူပန်နေရသည့် စိတ်ကို ရင်ဖွင့်ပါသည်။ မဖြူသည် ပြင်စလူမြို့နယ်တွင်နေ ထိုင်သည့် ဒေသခံ တစ် ဦးဖြစ်ပြီး ရန်ကုန် တွင် အလုပ်ကိစ္စဖြင့် သင်တန်းတက်ရောက် ရန် ရောက်ရှိနေခြင်းဖြစ်သည်။
သူမနေထိုင်ရာ ပြင်စလူသည် ၂ဝဝ၈ ခုနှစ်က အင်အားပြင်းစွာ တိုက်ခတ်ခဲ့ပြီး အသက်အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံစား ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး၏ နေ ရာများထဲတွင် ပါဝင်ခဲ့သည်။ သဘာဝဘေးကို တားမရမှန်းသိ သော်လည်း ယင်းကာလတွင် ကြုံရလေ့ ရှိသည့် အန္တရာယ်များမှာ သူမ တို့လို ဒေသ ခံတွေအပေါ် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေသည်ဆိုတာ နာဂစ်က သက်သေပြခဲ့သည်ဟု ညှိုးငယ်သည့်မျက်ဝန်း၊ တိုးလျသည့် အသံဖြင့် မတမ်းတချင်တော့ သည့် အတိတ်ကို ပြန်ပြောင်း၍ မဖြူက ပြောပြပါသည်။ယခင်က ပြင်စလူဆိုသည့် သူမတို့ မြို့နယ်ခွဲအတွက် မုန်တိုင်းဆိုသည်မှာ ပေါ့ပေါ့တန်တန် စကားဖြစ်သည်။ သူမ အဖေအမေအပါအဝင် တစ်ရွာလုံးမှာ မုန်တိုင်းနှင့် ရင်းနှီးပြီးသား၊ မုန်တိုင်းဆိုသည့်အပေါ် ကြောက်စရာအန္တရာယ်ကြီး ကြီးမားမားတစ်ခုအဖြစ် မခံစားခဲ့ကြချေ။
ဤကာလ ဤသို့သတိပြုရန်လို
ယခုကဲ့သို့ မိုးကြိုကာလဖြစ်သည့် ဧပြီနှင့်မေတွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းများ ဝင်ရောက်လာတတ်လေ့ရှိပြီး သတိပြုရမည့်ကာလ တစ်ခုဖြစ်ကြောင်းကို မိုးလေ ဝ သပညာရှင် ဦးထွန်းလွင်က ဤသို့ သတိပေးထားပါသည်။
”ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းလောက်မှာ ဖြစ်တဲ့မုန်တိုင်းကို အထူးသတိထားရမယ်။ ဒုတိယနာဂစ် မဖြစ်ဖို့ အရေးကြီးတယ်” ဟု ဆိုပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်း အရေအတွက်နှင့် မြန်မာပြည်ကိုဝင်ရောက်ခဲ့သော မုန်တိုင်း များ၏အချိုး အစားအရ မုန်တိုင်း ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံအတွက် အန္တရာယ် အရှိဆုံးကာလသည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေလတို့ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၃၃ နှစ် (၁၈၇၇ မှ ၂ဝဝ၉ အထိ) တာကာလအတွင်း မိုးကြိုကာလ၌ အင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းပေါင်း ၁၂၉ ကြိမ် ဖြစ်ေ ပ်ါခဲ့ပြီး မြန်မာနိုင် ငံကို ၅၇ ကြိမ် ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
အဆိုပါ အကြိမ်အရေအတွက်ကိုကြည့်ခြင်းဖြင့် ဘင်္ဂလားပင်လယ်အော်တွင် မိုးကြိုကာလ၌ မုန်တိုင်းများဖြစ်ပေါ် ပါက မြန် မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေ မှာ လေးဆယ့်လေးရာခိုင်နှုန်းအထိရှိ နေသည်။ ယင်းကာလအတွင်း မုန်တိုင်းနှစ်လုံးဖြစ်ပါက တစ်လုံးနီးနီး မြန်မာနိုင်ငံသို့ ဝင်တတ်သည့် သဘောရှိသည်။
အကောင်းအဆိုးကြားက မိုးကြို
မိုးကြိုကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ် ပါက မြန်မာနိုင်ငံအတွက် ကောင်းကျိုးရော ဆိုးကျိုးရော နှစ်ခုယှဉ် တွဲနေလေသည်။ ဘင်္ဂလားပင်လယ်အော် အတွင်း ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံ တွင်းသို့ မုန်တိုင်းမဝင်ရောက်သော်လည်း အဆိုပါ မုန်တိုင်း၏ အကျိုးဆက် အဖြစ် မြန်မာနိုင်ငံအလယ် ပိုင်းဒေသတွင်း မိုးရေရရှိလာမည်ဖြစ်သည်။ အဆိုပါဒေသသည် နွေရာသီအပူဒဏ်ကိုဆိုးဝါးစွာခံစားရသည့် နေရာဖြစ်
သည်။
မိုးကြိုမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်လာမည်ဆိုပါက အန္တရာယ်ရှိသည့်အတွက် သတိထားရမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် အန္တရာယ်ဟုဆိုရ မည်နည်း။ မိုးကြို ကာလအတွင်း မြန်မာနိုင်ငံအတွင်း အင်နှင့်အားနှင့် ဝင်ရောက်ခဲ့သော ၂ဝဝ၆ခုနှစ်ကမာလာမုန်တိုင်း၊ ၂ဝဝ၈ ခုနှစ် က နာဂစ်မုန်တိုင်း၊ ၂ဝ၁ဝတွင် ဂီရိမုန် တိုင်းများက အန္တရာယ်တစ်ခုအဖြစ် သက်သေခံနေပါသည်။
”ရာသီဥတုရဲ့ လှည့်ကွက်ကို နား လည်ဖို့လိုတယ်။ မုန်တိုင်းဖြစ်ပါစေပဲ ဆု တောင်းရမလား၊ မဖြစ်ပါစေနဲ့ပဲဆုတောင်း ရမလားမသိတော့ဘူး”ဟု ဦးထွန်းလွင်က ဆိုပါသည်။ နာဂစ်သည် မြန်မာနိုင်ငံအတွက် မိုး ကြိုကာလအန္တရာယ်ကို သတိပြုမိစေရန်အတွက် လူဦးရေတစ်သိန်း သုံးသောင်းကျော်ကို သေကျေပျက်စီးစေခဲ့သည်။
ထို့ ကြောင့်ပင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းရှိသည်ဆိုသည့်သတင်း ထွက်ပေါ်တိုင်း ကမ်းရိုးတမ်းဒေသရှိ ပြည်သူများ၏ ထိတ်လန့်စိုးရိမ် စိတ်များက ခြောက်လှန့် ထားသည်ဟု အဆိုပါ ဒေသခံအချို့က ပြောသည်။ သို့သော် အဆိုပါ နာဂစ်ကြောင့်ပင် ပြည်သူများ၏ မုန်တိုင်းသတိ၊ မုန်တိုင်း အသိများ နိုးကြားလာခဲ့သည်ဟုဆိုလျှင် မှားနိုင်မည် မထင်။
၂ဝ၁၄ မိုးကြို
ယခုအချိန်ကာလသည် ရာသီဥတုအလိုအရ မိုးမကျမီ ပူပြင်းခြောက်သွေ့ သည့် မိုးကြိုကာလဖြစ်သည်။ နွေရာသီမှ မိုးရာသီသို့ ကူးပြောင်းသည့် ကြားကာလ မိုးကြို ကာ လအတွင်း အပူချိန်မြင့်မားခြင်း၊ မုန်တိုင်း များ ဖြစ်ပေါ်တတ်ခြင်း၊ မိုးထစ် ချုန်းရွာ၍ မိုးသီးကြွေခြင်း၊ လေပြင်း တိုက်ခတ်ခြင်း တစ်ခါတစ်ရံ လေဆင်နှာမောင်း တိုက် ခတ်ခြင်း တို့ ဖြစ်ပေါ်တတ်သည်။
လက်ရှိအနေအထားအရ အဆိုပါ ရာသီဥတုဖြစ်စဉ်များ သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်ဟု မိုးလေဝ သ ပညာရှင် ဦးထွန်း လွင်က ဆိုသည်။ သို့သော် ဘင်္ဂလားပင်လယ်အော်၏ မုန်တိုင်းရာသီအစ မုန်တိုင်းဖြစ်ပေါ်ဖို့အ တွက်ကိုတော့ စောင့်ကြည့် ရဦးမည်ဖြစ် သည်ဟု ၎င်းက သုံးသပ် သည်။”မေလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်တယ်။ မြန်မာနိုင်ငံထဲဝင်၊မဝင်တော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
နာဂစ်မှသည် မိုးကြိုပြင်ဆင်မှုများ
၂ဝဝ၈ မေလအစမှာ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး မုန်တိုင်းကြီး နာဂစ်အပြီး ပြည်သူတွေရဲ့ မုန်တိုင်းအသိတွေတိုးလာသလို သက်ဆိုင်ရာဝန် ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့်လည်း မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များအတွက် လုပ်ဆောင်မှုများ တိုးမြှင့်လာကြသည်။”နာဂစ်ဖြစ်ပြီးတော့ အရေးပေါ် အချိန်မှာ မုန်တိုင်းကနေ ခိုလို့ရတဲ့နေရာတွေမှာစာ သင်ကျောင်းေ တွ ဆောက်ထားပေးတယ်” ဟု မြန်မာနိုင်ငံကြက်ခြေ နီအသင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းတို့အသင်းအနေဖြင့် ယခုနှစ် မိုးကြိုကာလ သဘာဝဘေးကာကွယ်ရေး အတွက် လက်ကမ်းစာစောင်တစ်သောင်းကျော် ကို ဖေဖော်ဝါရီလမှ စတင်ကာ ရခိုင်၊ ဧရာဝ တီနှင့် မကွေးတို့တွင် ဝေငှပေးထား ပြီးဖြစ်သည်ဟု သိရသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်သည့် မြို့များ၌ အရေးပေါ်ဆောင်ရွက်ချက်များနှင့် ပတ် သက်သည့် သင်တန်းများပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများစုစည်းထားခြင်း ပြုလုပ်ထားပြီး၎င်းပစ္စည်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဂိုဒေါင်အသီးသီးသို့ မတ်လအတွင်း ကပင် ပို့ဆောင်ထားပြီးဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ရုံးများတွင် ကယ် ဆယ်ရေး ပစ္စည်းများကို သိုလှောင်ထားရှိ ပေးထားသည်။ အဆိုပါပစ္စည်းများတွင် NGO များမှ လှူဒါန်းထားသော ပစ္စည်းများလည်း ပါဝင်သည်ဟု အဆိုပါဌာနမှ ဦးစီးအရာ ရှိ ဒေါ်စုစု ထွန်းက ပြောသည်။
”တကယ် သဘာဝဘေး ဖြစ်လာခဲ့ ရင် ဘယ်လိုရွှေ့ပြောင်းရတယ် ဆိုတာကိုလည်း ဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ဒေသခံပြည်သူနဲ့ တကယ်ဖြစ်သလို ဇာတ်တိုက် တာတွေ လုပ်ထားတယ်”ဟု ၎င်းက ပြော သည်။
ထိုသို့ ကြိုတင်ဇာတ်တိုက်မှုများအား ကမ်းရိုးတန်းဒေသများကို အဓိကထား လုပ်ဆောင်ပေးသည်ဟု သိရသည်။ထို့ပြင် ကယ်ဆယ်ရေးဌာနအနေဖြင့် မုန်တိုင်းအတွက်သာမဟုတ်ဘဲ သဘာဝဘေးများ ကြုံတွေ့ရင်ဆိုင်ရပါက အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတနှင့်အတူ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ကြိုတင်အသိပေး ကြေညာချက်ထုတ်ပြန်ခြင်းများကိုလည်း အချိန်နှင့် တပြေးညီ လုပ်ဆောင်ပေးနေသည်ဟု ဒေါ်စုစုထွန်းက ပြောသည်။
ဒုတိယ နာဂစ်ကို ခေါ်မလာပါနဲ့ မိုးကြို
မည်သို့ဆိုစေ မိုးကြိုကာလ၏ တရိပ်ရိပ်တက်လာသည့် မိုးသားများက မုန်တိုင်းအန္တရာယ်ကို သတိထားရမည်ဟု အသိပေးနေပါပြီ။ ထို့ကြောင့်ပင် ယခုကာလအတွင်း မုန် တိုင်းသတင်းများ၊ မိုးလေဝသသတင်းများကို အချိန်ပြည့် နားစွင့်ထားရန် လိုအပ်ပါသည်။
”တကယ်တော့ ဒါတွေကို သေချာ နားထောင်ပြီး လိုက်နာဖို့လိုတယ်ဆိုတာ ကိုယ်တွေ့ကြုံပြီးသွားပြီ။ ဒီလိုပဲ ကိုယ့်ဒေသ က လူတွေကိုလည်း နောက် ထပ်မပေါ့စေချင်တော့ဘူး”ဟု ဘဝနှင့်ယှဉ်၍ ကြုံတွေ့ရသည့် ခံစားချက်နှင့် မည်သူတစ်ဦး တစ် ယောက်မျှ နောက်ထပ်ဘဝတူများ မဖြစ်စေရေးအတွက် တိုက်တွန်းနေပါတော့ သည်။
ပြည်သူပြည်သားများအတွက် သဘာဝကပေးထားသည့် ရာသီဥတုတွင် အကောင်းအဆိုးရှိနေပြီးသား၊ အကောင်းကို အကျိုးရှိစွာ အသုံးချသင့် သကဲ့သို့ အဆိုးကိုလည်း ကြိုတင်ပြင်ဆင်ကာကွယ်ထား ရန်တော့ လိုပေသည်။ သို့အတွက် သက်ဆိုင်ရာဌာနများ၏ အသိပေးကြေညာချက် များကိုတော့ မပေါ့မလျော့ အလေးထား လိုက်နာကြ ရပေမည်။ ဘယ်လိုပဲဖြစ်ဖြစ် မိုးကြိုကာလ ဧပြီကတော့ဖြင့် ကုန်ဆုံးသွားပြီဖြစ်သည်။ ကျန်ရှိနေသေးသည့် မိုးကြိုသည် မေဖြစ် တော့သည်။
ဤရက်များတွင်တော့ မဖြူတစ်ယောက် ပြက္ခဒိန်ကိုပင် ရဲရဲမကြည့် ရဲတော့။ မေ ‘နာဂစ်’က သူမတို့ မိသားစုကို ခွဲခွာသွားခဲ့လေသည် ပင်။ ‘နာဂစ်မှာ အဖေနဲ့မောင်လေးနဲ့ ပါ သွားတာပေါ့။ ဒါကြောင့် ဒီကာလရောက် ရင်ဆိုးရွားတဲ့ မုန်တိုင်းတွေ ထပ်ဝင်မလာ ပါစေနဲ့လို့ပဲ နေ့စဉ် ဆုတောင်းနေ မိတယ်”ဟု မဖြူဖြူက လေးပင်သည့်ပင့်သက်ကိုချရင်း ဆိုသည်။

မြတ်စုငြိမ်း၊ အိမ်စည်စိုးစံ
Popular Myanmar News Journal

0 comments:

Post a Comment