Tuesday, August 19, 2014

ဒဏ္ဍာရီကို ပြန်အသက်သွင်းရန် ကြိုးပမ်းခြင်း

ဦးစံလင်းဦးဆောင်သောအဖွဲ့ ခေါင်းလောင်းကြီးကိုမတွေ့ပါက ထပ်မံရှာဖွေမည့်အဖွဲ့ သုံးဖွဲ့ခန့်ရှိနေသေးပြီး အစိုးရက လူထုကို နိုင်ငံရေးတွင် စိတ်မ၀င်စားရန် အာရုံပြောင်းခြင်းဟု ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်

ဦးစံလင်းဦးဆောင်သည့်အဖွဲ့က လွန်ခဲ့သော နှစ်ပေါင်း(၄၀၀)ကျော်က နစ်မြုပ်ခဲ့သည်ဆိုသော ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ကြိုးပမ်းလျက်ရှိရာ ရေငုပ်သမားတစ်ဦးရေငုပ်ရန် ပြင်ဆင်နေစဉ် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]

သမ္ဗန်နှင့် စက်လှေအချို့ အလုပ်ရှုပ်နေသော မြစ်လယ်သို့ စိတ်လှုပ်ရှားကာကြည့်ရင်း လက်အုပ်ချီနေသူများ၊ လက်ညှိုးထိုးကာ တစ်ယောက်တစ်မျိုး စကားပြောဆိုသံများနှင့် သာကေတရှုခင်းသာ ကမ်းနားတစ်ဝိုက်တွင် စည်ကားနေသည်။

ဓမ္မစေတီမင်းခေါင်းလောင်းကြီး ရှာဖွေမှုလုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုနေကြသူများ[ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)]

လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာနေရာတွင် ပျောက်ဆုံးခဲ့သည်ဆိုသော ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ယုံကြည်သက်ဝင်သူများ၊ စူးစမ်းလေ့လာလိုသူများ လာရောက်ကြည့်ရှုခြင်းဖြစ်သည်။

‘‘ဦးကတော့ အိမ်ကလည်းနီးတော့ နေ့တိုင်းလာကြည့်ဖြစ်တယ်။ ခေါင်းလောင်းကြီး ကုန်းပေါ်ပြန်တင်တဲ့အချိန် မဖူးလိုက်ရမှာစိုးလို့။ ခေါင်းလောင်းကြီးက တန်ခိုးကြီးတယ်။ ဦးကတော့ ဖူးချင်တယ်’’ဟု သာကေတတွင် နေထိုင်သူ ဦးဘရွှေက လက်အုပ်ချီနေရင်းမှပြောသည်။

ယုံကြည်သူနှင့် မယုံကြည်သူများကြား အငြင်းပွားမှုများရှိနေသော ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဦးစံလင်းခေါင်းဆောင်သောအဖွဲ့က မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ရှာဖွေနေသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဆယ်ယူမှု၏ နောက်ကွယ်၌ နိုင်ငံရေးလှည့်ကွက်များရှိသည်ဟု ခေါင်းလောင်းကြီးကို အမှန်တကယ်ဆယ်ယူလိုသည့် ပုဂ္ဂိုလ်အချို့က စွပ်စွဲပြောဆိုမှုများလည်းရှိသည်။

ဓမ္မစေတီမင်းခေါင်းလောင်းကြီးကို ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦး [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]

ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ခေါင်းလောင်းကြီးဆယ်ယူမှုအတွက် ကျိုက်ထီးဆောင်းဆရာတော်အား ပထမဆုံးခွင့်ပြုခဲ့ပြီး လုပ်ငန်းများ ခေတ္တရပ်နားထားစဉ် ဒုတိယအဖွဲ့ဖြစ်သည့် ဦးစံလင်းအဖွဲ့ကို ထပ်မံခွင့်ပြုလိုက်ခြင်းဖြစ်သည်။

‘‘အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ ပရောဂျက်နှစ်ခုကို အပြိုင်မပေးသင့်ဘူး။ ပြဿနာရှိနိုင်တယ်။ လူတွေစိတ်ဝင်စားအောင် လုပ်သလိုဖြစ်နေတယ်။ ခုဇာတ်ပွဲခင်းသလိုဖြစ်နေတယ်။ လူစည်ရုံလုပ်နေတာ’’ဟု ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဇော်မိုးကဆိုသည်။

‘‘နိုင်ငံရေးနဲ့ ခေါင်းလောင်းကြီး မရောထွေးသင့်ဘူး။ နောက်ဆို နစ်မြုပ်နေတဲ့ သဲသမ္ဗန်ငုပ်ရှာသလို ရှာတဲ့လူတွေ များလာလိမ့်မယ်’’ဟု ကျိုက်ထီးဆောင်းဆရာတော်၏တပည့်တစ်ဦးက ရင်ဖွင့်ပြောဆိုသည်။

သို့သော် ခေါင်းလောင်းကြီး အမှန်တကယ်သွန်းလုပ်ခဲ့ပြီး ငဇင်ကာ ယူဆောင်သွားခဲ့ခြင်း ရှိ၊ မရှိဆိုသည့်အချက်သည် သမိုင်းသုတေသနပညာရှင်များအကြား အငြင်းပွားဖွယ်ရှိနေသော်လည်း ဒဏ္ဍာရီဆန်ဆန် ခေါင်းလောင်းသမိုင်းအပေါ် လူစိတ်ဝင်စားမှုများနေသည်။

ဆယ်ယူရန်ကြိုးစားသော်လည်း မည်မျှကြိုးစားစေကာမူ မတွေ့ရှိခြင်းနှင့် ခေါင်းလောင်းကြီး၏အလေးချိန်၊ ငဇင်ကာဖြုတ်ယူသွားခြင်း ရှိ၊ မရှိ သမိုင်းအထောက်အထားများသည် သမိုင်းသုတေသနပညာရှင်များအကြား အငြင်းပွားဖွယ်ရာ အချက်များရှိနေသည်ဟု သမိုင်းသုတေသနပညာရှင်များကပြောသည်။

‘‘ပေါ်တူဂီငဇင်ကာသင်္ဘော ပျက်တယ်။ ခေါင်းလောင်းတွေ ယူသွားတယ်ဆိုတဲ့ အထောက်အထားရှိတယ်။ ခေါင်းလောင်းကျတယ်၊ မကျဘူးဆိုတာတော့ ခိုင်မာတဲ့အထောက်အထား မတွေ့သေးဘူး။

‘‘အဲဒီအချက်ကို သမိုင်းပညာရှင်တွေအကြား အငြင်းပွားနေဆဲပဲ’’ဟု သမိုင်းသုတေသနပညာရှင် ဒေါက်တာထွန်းထွန်းဦးကပြောသည်။

ခေါင်းလောင်းကြီးကိုရှာဖွေမှုမှာ ယခုအကြိမ်မှာ (၁၂)ကြိမ်မြောက်ဖြစ်သည်။ ၁၉၈၇ မှစ၍ ယနေ့အချိန်ထိ ၂၇ နှစ်အတွင်း ရှာဖွေရေးအဖွဲ့များက (၁၂)ကြိမ်တိုင်တိုင် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ အကြိမ်ရေအများဆုံး ရှာဖွေဆယ်ယူသူမှာ ဦးစံလင်းက လေးကြိမ်မြောက်ဖြင့် အများဆုံးဖြစ်ပြီး ဦးချစ်စံဝင်းကလည်း နှစ်ကြိမ်ဖြင့် ဒုတိယလိုက်သည်။

ရာမာဓိပတိအရေးတော်ပုံ (ခေါ်) ဓမ္မစေတီအရေးတော်ပုံ ပေမူကျမ်းတွင် မွန်ဘုရင် ဓမ္မစေတီမင်းကြီးက ခေါင်းလောင်းသွန်းလုပ်ခဲ့ကြောင်း အထောက်အထားများဖြင့် ဖော်ပြထားသဖြင့် ခေါင်းလောင်းကြီးသွန်းလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဌာနက အတည်ပြုခဲ့သည်။

‘‘မှန်နန်းရာဇဝင်နဲ့ ဦးကုလားတို့မှတ်တမ်းမှာတော့ ပါသွားတယ်လို့ မရေးထားဘူး။ ယူဆရလို့ရတဲ့ သဘောလောက်ပဲ ရေးထားတယ်။ အဓိက ခေါင်းလောင်းကြီးရဲ့ အလေးချိန်ပေါ့။ တချို့က ပိဿာချိန် တစ်သိန်းရှစ်သောင်းရှိတယ်ပြောတော့ ရွှေတိဂုံဘုရားကနေ ချရတာ လွယ်ပါ့မလား မေးခွန်းထုတ်ကြတယ်။ တစ်သောင်းရှစ်ထောင်ပဲရှိတယ်လို့လည်း ပြောတယ်။ ဘယ်ဟာအမှန်လို့ ယူဆလို့မရဘူး။ အငြင်းပွားနေတုန်းပဲ’’ဟု မြန်မာ့သမိုင်းအဖွဲ့မှ သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်းကပြောသည်။

သန်လျင်ရာဇဝင်တွင် ဓမ္မစေတီမင်းကြီးသည် အဝရှစ်တောင်၊ ဇောက် ၁၂ တောင်၊ အလေးချိန် ပိဿာတစ်သိန်းရှစ်သောင်းရှိသော ခေါင်းလောင်းကြီးတစ်လုံးကို ရွှေတိဂုံစေတီတော်တွင် လှူဒါန်းခဲ့သည်။ ခရစ်နှစ် ၁၆၁၂ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဒီဘရစ်တို (ခေါ်) ငဇင်ကာက ခေါင်းလောင်းကိုကျိုချက်၍ လက်နက်လုပ်ရန် ရွှေဆံတော်ဘုရား (ခေါ်) ရွှေတိဂုံဘုရားမှ သန်လျင်သို့သယ်ယူရာတွင် ပုဇွန်တောင်ချောင်းဝ ရန်ကုန်မြစ်ထဲသို့ နစ်မြုပ်ခဲ့သည်ဟု ဖော်ပြထားကြောင်း သမိုင်းပညာရှင်ဦးဌေးဝေ၏ ပန်းအလွှဲမြစ်(ရန်ကုန်မြစ်)အတွင်းမှ ခေါင်းလောင်းကြီးနှင့် တည်နေရာ လေ့လာချက်စာတမ်းတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံမှ ဂျင်(မ်)ဘလန့်ဆိုသူက ၁၉၉၅ ခုနှစ်တွင် ခေါင်းလောင်းကြီးကို သုံးလအတွင်း ရေငုပ်စူးစမ်းမှု (၁၁၅)ကြိမ် ပြုလုပ်ရှာဖွေခဲ့ပြီး ပုဇွန်တောင်ချောင်းဝတွင် နစ်မြုပ်နေသည်ကို တွေ့ရှိရပြီး အနီးတွင် သင်္ဘောပျက်တစ်စီးရှိကြောင်း ပုံကြမ်းရေးဆွဲခဲ့သည်ဟု စာရေးဆရာချစ်စံဝင်းရေးသားသော ‘ဓမ္မစေတီခေါင်းလောင်းကြီး၏ လျှို့ဝှက်ချက်’ စာအုပ်တွင် ဖော်ပြထားသည်။

‘‘ကျမ်းတွေမှာတော့ ခေါင်းလောင်းရှိတယ်လို့မပါဘူး။ ဒီအချက်တွေကြောင့် ခေါင်းလောင်းကြီးရှိခဲ့တယ်လို့ သမိုင်းဆရာတစ်ဝက်လောက်က မယုံကြည်ကြဘူး။ ပြီးတော့ အလေးချိန်က ဒီလောက်ရှိပါ့မလား။ အဲဒါကိုလည်းမယုံဘူး။ အီတလီလူမျိုး ဂတ်စ်ပရိုဘယ်လ်ဘီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ၁၆ ရာစုအစောပိုင်းက မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ဒီခေါင်းလောင်းကြီးကို တွေ့ဖူးတယ်လို့ ရေးသားခဲ့ဖူးတယ်။ အမြင့်ပေ ဘယ်လောက်ရှိတယ်လို့ ရေးသားဖူးတော့ ဒီခေါင်းလောင်းကြီးကိုရှာကြတာ။ လေ့လာတဲ့အခါ ပန်းလွှဲမြစ်ဝမှာ ရှိတယ်လို့ဆိုတယ်။ ဘယ်နေရာမှာ ခေါင်းလောင်းကြီးနစ်မြုပ်သွားတယ်ဆိုတာတော့ မသေချာဘူး’’ဟု ဆရာချစ်စံဝင်းကပြောသည်။

ဆရာချစ်စံဝင်းကိုယ်တိုင် ခေါင်းလောင်းကြီးနှင့်သက်ဆိုင်သော သမိုင်းအချက်အလက်များကို ကာလရှည် သုတေသနပြုလေ့လာခဲ့ပြီး ၎င်းကိုယ်တိုင်ဦးစီး၍ ခေါင်းလောင်းကိုဆယ်ယူရန် နှစ်ကြိမ်ကြိုးပမ်းခဲ့ပါသည်။ သို့သော် ရှာဖွေမတွေ့ခဲ့ပါ။

ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်၍ သမိုင်းဆိုင်ရာအထောက်အထားများ တကွဲတပြားစီဖြင့် ဖော်ပြထားခြင်းတို့ကြောင့် သမိုင်းသုတေသနပညာရှင်များအကြား အငြင်းပွားမှုရှိနေဆဲဖြစ်သည်။

ထို့အပြင် ခေါင်းလောင်းကြီးဆယ်ယူရန် ကြိုးစားသူများနှင့် စာတမ်းပြုစုသူများ ဘေးအန္တရာယ်ရှိခဲ့သည်ဟူသော ကောလာဟလများကြောင့် ခိုက်တတ်သည်ဟု အယူအဆရှိနေခြင်း၊ ခေါင်းလောင်းကြီးနှင့်ပတ်သက်၍ အောက်မှာနဂါး၊ အထက်မှာသိကြား၊ အလယ်မှာ လူ့ပြည်တစ်လှည့်စီဆိုသည့် တဘောင်ရှိနေခြင်း၊ ဓမ္မဟူသောအဓိပ္ပာယ်သည် တရားမျှတခြင်းဖြစ်သဖြင့် ခေါင်းလောင်းကြီးဆယ်ယူပြီးပါက အဓမ္မတရားမမျှတခြင်းများ ချုပ်ငြိမ်းမည်ဟု အယူအဆများရှိသဖြင့် လူအများကြား စိတ်ဝင်စားမှုပိုများခဲ့သည်။ ဒီမိုကရေစီဖော်ဆောင်နေသော ဦးသိန်းစိန်အစိုးရလက်ထက်တွင် သြဂုတ် ၉ ရက်မှစ၍ ခေါင်းလောင်းကြီးကို သုံးကြိမ်တိုင် ရှာဖွေခဲ့ဖူးပြီး မအောင်မြင်သေးသော ဦးစံလင်းက လေးကြိမ်မြောက် ရှာဖွေဆယ်ယူရန် ကြိုးစားရာ မီဒီယာများကလည်း အချိန်နှင့်တစ်ပြေးညီ ဖော်ပြမှုများကြောင့် လူစိတ်ဝင်စားမှု အလွန်များပြားခဲ့သည်။

ခေါင်းလောင်းကြီးကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ဆယ်ယူမည်ဟုဆိုသောကြောင့် ရှာဖွေရေးလုပ်ဆောင်နေသော ဦးစံလင်းကို လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိသလို ရှာဖွေတွေ့လိမ့်မည်ဟု ယုံကြည်နေသူများလည်း ရှိသည်။

‘‘ဘယ်သူတွေ့တွေ့ တွေ့ရင်ပြီးတာပဲ။ နတ်မေး၊ ဘာမေးနဲ့ဆိုရင် တွေ့မှာတောင်မဟုတ်ဘူး။ သမိုင်းအထောက်အထားတောင် တစ်မျိုးစီဖြစ်နေတော့ သေချာလေ့လာရဦးမှာ၊ သုတေသနလုပ်ရဦးမှာ’’ဟု ဆရာချစ်စံဝင်းက ပြောသည်။

သောင်တူးယာဉ်တစ်ရက် ငှားရမ်းခ ကျပ် ၁၅ သိန်း၊ အခြေပြုနေထိုင်ရန် တစ်ရက်ငှားရမ်းခ တစ်သိန်းခွဲ၊ သဲစုပ်စက်၊ ပိုက်နှင့်ပစ္စည်းများ ငှားရမ်းခ ၁၅ သိန်း၊ ရေငုပ်ရန်သင်္ဘောငယ်နှစ်စီး တစ်ရက်တစ်သိန်း၊ ဆယ်ယူရေးတွင် ပါဝင်သော အဖွဲ့ဝင် ၈၀ ဦး၏ စားသောက်စရိတ်၊ ခေါင်းလောင်းဆယ်ယူမည့် စတီးကြိုး၊ လောင်စာဆီစရိတ် စသောအထွေထွေကုန်ကျစရိတ်များမှာ ရက်ပေါင်း ၂၀ အတွက် သိန်းပေါင်းတစ်ထောင့်ရှစ်ရာကျော် ကုန်ကျမည်ဟု ဦးစံလင်းတို့က တွက်ချက်ထားသည်။ ထို့ကြောင့် ကုန်ကျစရိတ်များအတွက် တစ်ရက်လျှင် အကြမ်းဖျင်း သိန်း ၉၀ ကျော် ကုန်နေခြင်းဖြစ်သည်။ ရွှေအုန်းပင်စားသောက်ဆိုင်ပိုင်ရှင်က ကျပ်သိန်း ၅၀ မတည်လှူဒါန်းမည်ဖြစ်ပြီး အခြားငွေကြေးများကို ပြည်တွင်းတွင် အလှူခံသွားမည်ဟု ဇူလိုင်လကုန်နောက်ဆုံးပတ် သတင်းစာရှင်းလင်းပွဲ၌ ဦးစံလင်းကဆိုသည်။

မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ရှာဖွေသည့်ပုံစံကို ဝေဖန်မှုများရှိခဲ့သည့်အပြင် ခေတ်အဆက်ဆက်က ခေါင်းလောင်းရှာဖွေခဲ့သူ သမိုင်းပညာရှင်များက ပြည်သူလူထု၏လှူဒါန်းငွေဖြင့် ရှာဖွေခြင်းမရှိဘဲ အခြားအကူအညီများဖြင့်သာ ရှာဖွေသည်ဟုဆိုကာ ဦးစံလင်းကို မေးခွန်းထုတ်ဝေဖန်သူများလည်းရှိသည်။

အလှူငွေနှင့်ပတ်သက်ပြီး ယခင်က ဂျပန်နိုင်ငံမှ စိတ်ဝင်စားသူတစ်ဦးက ငွေကြေးကူညီမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ခေါင်းလောင်းသည် မြန်မာနိုင်ငံ၏အမွေအနှစ်ဖြစ်ခြင်းကြောင့် မည်သည့်အကူအညီမှမယူဘဲ ရှာဖွေမှ တွေ့ရှိမည်ဟုယုံကြည်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးစံလင်းက ပြောသည်။

ယခုအခါ ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာနေရာတွင် ခေါင်းလောင်းကြီးပြုတ်ကျခဲ့သည်ဟု သန်လျင်ရာဇဝင်နှင့် အချို့သောမှတ်တမ်းများ၊ သမိုင်းပညာရှင်အချို့ကဆိုသဖြင့် စည်းမျဉ်းသားကာ ရေငုပ်နေခြင်းဖြစ်ပြီး တွေ့ရှိခြင်း၊ မတွေ့ရှိခြင်းကို ဆယ်ယူသူများအဖွဲ့က နေ့စဉ်ထုတ်ပြန်ပေးလေ့မရှိပေ။

‘‘သမိုင်းတန်ဖိုးအရကြည့်ရင် တန်ဖိုးရှိတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ အခုလို လက်လွတ်စပယ် ခွင့်မပြုသင့်ဘူး။ မြန်မာ့နည်း၊ မြန်မာ့ဟန်ထက် ဆယ်ယူရေးမှာ သမိုင်းပညာရှင်၊ ထောက်လှမ်းရေး၊ ရှာဖွေရေးအတွက် လိုအပ်တဲ့ ခေတ်မီစက်ပစ္စည်းအထောက်အပံ့တွေ၊ လုံခြုံရေးတွေနဲ့ သေချာလုပ်သင့်တယ်။ ပြည်သူလူထု ယုန်ထင်ကြောင်ထင်မဖြစ်ရအောင် နေ့စဉ်အစီရင်ခံစာတွေလုပ်ပြီး နေ့စဉ်နဲ့အမျှ စာနယ်ဇင်းကလူတွေ ဘယ်အပိုင်းတော့ ရောက်နေပါပြီ။ ဘယ်အခြေအနေတော့ ရှိနေပါပြီ။ အဲဒီလို ထုတ်ပြန်သင့်တယ်’’ဟု ဦးချစ်စံဝင်းကပြောသည်။

သမိုင်းပညာရှင်များကို ဓမ္ဓစေတီခေါင်းလောင်းတွေ့ရှိပါက တိုင်းပြည်အတွက် မည်သို့အကျိုးဖြစ်ထွန်းစေမည်နည်းဟု မေးခွန်းထုတ်ရာတွင် ခေါင်းလောင်းကြီး၏ အရွယ်အစားအရ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးအဖြစ် မှတ်တမ်းဝင်နိုင်ပြီး သမိုင်းတန်ဖိုးအရ မြင့်မားမည်ဟု ပြောကြားသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်ကလည်း ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ်ပြီး ရှေးအကျဆုံး လက်ရာမြောက်သည့် ခေါင်းလောင်းဖြစ်သဖြင့် သမိုင်းဆိုင်ရာတန်ဖိုးအရ မြင့်မားသည်ဟု ၂၀၁၂ ခုနှစ်တွင် ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ဖူးသည်။

ခေါင်းလောင်းကြီးရှာပုံတော်ဖွင့်ခြင်းမှာ ၁၉၈၇ ခုနှစ်မှ ယနေ့တိုင် နှစ်ပေါင်း ၂၇ နှစ်အတွင်း (၁၂)ကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး မအောင်မြင်ပါကလည်း လူစိတ်ဝင်စားမှု နည်းသွားဖွယ်မရှိသေးပါ။ အကြောင်းမှာ ခေါင်းလောင်းဆယ်ယူရန် ကြိုးစားနေသော အခြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကျိုက်ထီးဆောင်းဆရာတော်နှင့် ဇေကမ္ဘာဦးခင်ရွှေတို့ဦးဆောင်သော အဖွဲ့က လာမည့်ပွင့်လင်းရာသီတွင် ဆယ်ယူရန်ရှိပါသေးသည်။ အဆိုပါအဖွဲ့ကလည်း စင်ကာပူမှ ပညာရှင်များဖြင့် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုရှာဖွေထားရာ ခေါင်းလောင်းကြီးတည်နေရာကို သိရှိနေပြီဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် ရှာဖွေမည်ဖြစ်သည်။

သက်တော်(၈၆)နှစ်ရှိ ကျိုက်ထီးဆောင်းဆရာတော်သည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာရှိ စံကျောင်းတွင် သီတင်းသုံးနေပြီး ဓမ္မစေတီခေါင်းလောင်းတော်ကြီးရှာဖွေမှုကို လာမည့်ပွင့်လင်းရာသီတွင် ထပ်မံရှာဖွေမည်ဖြစ်သည်။

ကျိုက်ထီးဆောင်းဆရာတော်၏ တပည့်သာဝကတစ်ဦးဖြစ်သူ ဦးကျော်ဝင်းကလည်း ‘‘ပွင့်လင်းရာသီဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်လောက် ရက်ရွေးပြီး မဖြစ်မနေလုပ်မယ်’’ဟုဆိုသည်။

၂၀၁၃ အောက်တိုဘာအတွင်း စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်သည့် ဦးခင်ရွှေက ခေါင်းလောင်းကြီးရှာဖွေရန်နှင့် ခေါင်းလောင်းကြီးကို ပြန်လည်တွေ့ရှိပါက ရွှေတိဂုံစေတီသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် သုံးစွဲမည်ဟု ပြောဆိုခဲ့သည်။

‘‘အရင်က ကုန်းမှာဆင်းရှာခဲ့တယ်။ ဥက္ကဋ္ဌက လှူတာပဲရှိတယ်။ စက်ယန္တရားနဲ့ငွေနဲ့လှူတယ်။ ဆရာတော်သြဝါဒအတိုင်း လုပ်တယ်။ နွေရာသီပြန်လုပ်မယ်။ ဒေါ်လာ ၁၀ သန်းလောက်ကုန်မယ်’’ဟု ဇေကမ္ဘာဦးခင်ရွှေ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကဆိုသည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က ဓမ္မစေတီခေါင်းလောင်းကြီး နစ်မြုပ်မှုမှာ ဖြစ်နိုင်သော်လည်း ဉာဏ်တော်ခုနစ်တောင်ရှိ ရွှေသားစစ်ရပ်တော်မူဘုရားနှစ်ဆူနှင့် အခြားတန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ ပါဝင်နစ်မြုပ်ခြင်းမှာ မဖြစ်နိုင်ကြောင်း မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးနိုင်ရဲဇော်ကဆိုသည်။

သိပ္ပံနည်းဖြင့်သာ ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်မည်ဟု ယုံကြည်ပြီး မွန်လူမျိုးများစုပေါင်း၍ ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန် အစီအစဉ်ရှိကြောင်း မွန်တိုင်းရင်းသား ဗိုလ်မှူးကြီး(ငြိမ်း)ဇော်မိုးကလည်း ပြောသည်။

‘‘မွန်ခေါင်းလောင်းမို့ ဆယ်ချင်တာ။ ကိုယ့်အမွေအနှစ်မို့၊ မွန်တွေအမွေအနှစ်မို့ ဆယ်ချင်တာ’’ဟု ၎င်းကဆိုသည်။

မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးနိုင်ရဲဇော်က‘‘ခိုက်တာဖြစ်နိုင်ခြေနည်းတယ်။ စိတ်ထားကောင်းကောင်းနဲ့ ခေါင်းလောင်းဆယ်ရင် ဘယ်သူမှ မခိုက်လောက်ဘူး။ စိတ်စေတနာမပါဘဲ ဥစ္စာလိုချင်လို့ဆယ်ရင် ရတနာသေတ္တာထည့်စဉ်းစားရင်တော့ တွေ့မှာမဟုတ်ဘူး’’ဟုဆိုသည်။

ဦးစံလင်းဦးဆောင်သောအဖွဲ့၏ ရှာပုံတော်ခရီးမှာ သြဂုတ် ၁၈ တွင် ခရီးတစ်ဝက်ကျိုးပြီဖြစ်သည်။ ထုံးစံအတိုင်း ခေါင်းလောင်းကိုမူ မတွေ့သေးပါ။ မည်သို့ဆိုစေ စိတ်ဝင်စားသူများကို တစ်ဦးတစ်ထောင်၊ ငါးရာကျပ်ဖြင့် ပို့ဆောင်ပေးနေသော စက်လှေများ၊ စင်းလုံးငှားသမ္ဗန်များ အလုပ်ဖြစ်ကာ လက်ဖျားတွင် ငွေသီးနေတော့သည်။

ပထမနေ့တွင် တဖွဲဖွဲလာရောက်ကြသော ဧည့်သည်များ၏ အားပေးမှုကြောင့် တစ်ရက်တည်း ငွေသုံးသောင်းကျပ် ဝင်ငွေရရှိခဲ့သော သမ္ဗန်မောင်းသူ ကိုကျော်စွာက ဓမ္မစေတီခေါင်းလောင်းသည် သူ့အတွက် ယခုလတ်တလောတွင် ကျေးဇူးရှင်ဟုပြောသည်။

ကျိုက်ထီးဆောင်းဆရာတော်ကြီး ဦးဆောင်၍ ဆယ်ယူမည့်အစီအစဉ်ကို ပန်းအလွှဲမြစ်အတွင်း နစ်မြုပ်နေသော ခေါင်းလောင်းဆယ်မည့်အစီအစဉ်အဖြစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၃ခုနှစ်၊ စက်တင်ဘာက ခွင့်ပြုခဲ့သည်။

စာရေးဆရာချစ်စံဝင်းကို စင်ကာပူနိုင်ငံက ဒေါ်လာ ၁၀ သန်း ထောက်ပံ့မည့်အဖွဲ့နှင့် မွန်တိုင်းရင်းသားများ စုပေါင်းဆယ်ယူမည့်အဖွဲ့များကလည်း ခေါင်းလောင်းကြီးဆယ်ယူရန် စီစဉ်နေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှေးကွေးနေစဉ် လူထုက ပြောင်းလဲမှုကို တောင်းဆိုချိန်တွင် ပြည်သူများ ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုဘက် အာရုံစိုက်ရန် ဆယ်ယူရေးအဖွဲ့များ တစ်ဖွဲ့မပြီးမီ နောက်တစ်ဖွဲ့ တိုင်းအစိုးရက ထပ်မံချပေးခြင်းသည် ရှုပ်ထွေးစေကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့များမှ ပုဂ္ဂိုလ်အချို့က မှတ်ချက်ပြုသည်။


7Day Daily

0 comments:

Post a Comment