Thursday, August 28, 2014

ခြိမ်းခြောက်ခံရမှုကြောင့် ရန်ကုန်မြို့တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း တရားရုံးတွင်ထွက်ဆို

KNU၊ KNLA တပ်မဟာမှ စောနေတိုးက အသက်အန္တရာယ် ခြိမ်းခြောက်ကာ စေခိုင်းခဲ့ခြင်းကြောင့် ရန်ကုန်မြို့လယ် ကုန်သည်ကြီးများ ဟိုတယ်နှင့် Western Park Ruby စားသောက်ဆိုင်တို့တွင် ဗုံးထောင်ခြင်း၊ ဗုံးခွဲခြင်းများ ပြုလုပ်ခဲ့ရကြောင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားစွဲဆိုခံထားရသူ စောမြင့်လွင်က ထွက်ဆိုခဲ့သည်။Western Park Ruby စားသောက်ဆိုင် စားပွဲအမှတ် ၁၉ တွင် လက်လုပ်ဗုံး တွေ့ရှိမှုဖြင့် သံသယရှိသူ စောမြင့်လွင် (ခ) မောထအပါအဝင် ရွှေတူးဖော်ရေး လုပ်ကိုင်သည့် ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ကုမ္ပဏီယာဉ်မောင်း ကိုဇော်ဝင်းမော်တို့ သုံးဦးကို အနောက်ပိုင်းခရိုင် တရားရုံးတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ (၃) ဖြင့် စွဲချက်တင် စစ်ဆေးခဲ့စဉ် ၎င်းကအထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ “ဗိုလ်နေတိုးက ရန်ကုန်မှာ ဗုံးခွဲခိုင်းတာ လုပ်ပေးရင် မွေးစားမယ်၊ ငွေကြေးထောက်ပံ့မယ်၊ သူခိုင်းတာ မလုပ်ရင် သတ်ပစ်မယ်ဆိုလို့ ရန်ကုန်လာပြီး Traders ဟိုတယ်မှာ ဗုံးဖောက်ခွဲခဲ့တာ၊ စားသောက်ဆိုင်မှာ ဗုံးထောင်ခဲ့တုန်းက အပြစ်မဲ့တဲ့သူတွေ ဒဏ်ရာရမှာ စိုးရိမ်လို့ ဗုံးမှာ စနက်တံ မတပ်ဆင်ဘဲ ဒီအတိုင်းထားခဲ့တာ” ဟု ၎င်းက တရားသူကြီးထံ ဖြေကြားခဲ့သည်။

ဗုံးဖောက်ခွဲသူဟု သံသယရှိသူ စောမြင့်လွင် (ခ) မောထမှာ ပြည်သူ့စစ်အဖြစ် ငါးနှစ်တာဝန် ထမ်းဆောင်ခဲ့ရာမှ လက်နက်ချကာ KNU တပ်မဟာ(၅) နယ်မြေအတွင်း ရွှေတူးဖော်ရေး လုပ်ငန်းရှင်များထံတွင် တိုင်းရင်းသားဘာသာ စကားပြန်အဖြစ် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနယ်မြေရှိ ဒုတိယ တပ်ရင်းမှူးဖြစ်သူ ဗိုလ်နေတိုး (ခ) စောနေတိုးက ၎င်း၏ အသက်အန္တရာယ် ခြိမ်းခြောက်ပြီး လက်လုပ်ဗုံး နှစ်လုံးပေးကာ ရန်ကုန်မြို့အတွင်း ဗုံးဖောက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ ထွက်ဆိုချက်များမှ သိရှိရသည်။

“ငွေငါးသိန်းပေးပြီး ဘီးလင်းကနေ ရန်ကုန်ကို ပို့လိုက်တာ၊ Traders ဟိုတယ်က အခန်းအမှတ် ၉၂၁ မှာ တည်းခိုင်းပြီး အိပ်ရာထဲမှာ ဗုံးထောင်ခိုင်းတာ။ အိပ်ရာထဲဆို လူအများကြီး ထိခိုက်မှာစိုးလို့ အိမ်သာ အနောက်ဘက်မှာ ဗုံးထောင်ပြီး ပေါက်ကွဲအောင် တပ်ခဲ့တာ မှန်ပါတယ်။ Western Park Ruby စားသောက်ဆိုင်မှာက မပေါက်ကွဲအောင် စနက်တံ မတပ်ဘဲ ဒီအတိုင်း လက်လုပ်ဗုံးကိုထားပြီး ပဲခူးဘက် ရှောင်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မောထမှာ ငယ်စဉ်ဘဝက ကောင်းမွန်စွာ ပညာမသင်ကြား ခဲ့ရသောကြောင့် ဗုံးဖောက်ခွဲခိုင်းခြင်းနှင့် ပတ်သက်၍ အပြစ်ရှိ မရှိ မသိရှိကြောင်း၊ KNU၊ KNLA တပ်နယ်မြေအတွင်း နေထိုင်လုပ်ကိုင် စားသောက်ရသောကြောင့် ဗိုလ်နေတိုးက စေခိုင်းသည့်အတိုင်း မလုပ်ဆောင်ပါက အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် လုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ဆက်လက်ထွက်ဆိုခဲ့သည်။

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင် ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးခံနေရသူ သုံးဦးအနက် ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ယာဉ်မောင်း ကိုဇော်လတ်မောင်တို့ နှစ်ဦးမှာ ဗုံးထောင်ခြင်းနှင့် ဗုံးဖောက်ခွဲမှုတို့တွင် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းကိုလည်း ၎င်းက တရားခွင်တွင် ဆက်လက်ထွက်ဆိုခဲ့သည်။

အဆိုပါ အမှုကြောင့် ဖမ်းဆီး စစ်ဆေးခံနေသူ ဦးမြဖူးမှာ ရန်ကုန်တွင် ဗုံးဖောက်ခွဲမှု မဖြစ်ခင်က ဒဂုံမြို့နယ်ရှိ အိုလံပစ်ဟိုတယ်၌ ဗိုလ်နေတိုး (ခ) စောနေတိုး၊ စောမြင့်လွင် (ခ) မောထ အပါအဝင် အခြားရွှေလုပ်ငန်းရှင်များနှင့် အတူတည်းခိုခဲ့ပြီး ချောင်းသာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် စောနေတိုးကို ကုမ္ပဏီယာဉ်မောင်း ကိုဇော်လတ်မော်က လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အလုံမြို့နယ်ရှိ Western Park Ruby စားသောက်ဆိုင်တွင် ဗုံးထောင်မှု၊ ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုတို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် ပေါက်ကွဲစေတတ်သော အရာဝတ္ထု ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ (၃) ဖြင့် စွဲချက်တင်ခံရသူ ဦးမြဖူးနှင့် ကုမ္ပဏီယာဉ်မောင်း ကိုဇော်လတ်မောင်တို့နှစ်ဦး၏ စွဲချက်ပုဒ်မများကို ပြန်လည် ပြင်ဆင်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ အယူခံ ဝင်ထားကြောင်း စစ်ဆေးခံရသူများဘက်မှ လိုက်လံ အကျိုးဆောင်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်နီက ပြောကြားသည်။


The Voice Weekly

0 comments:

Post a Comment