PR စနစ်ကို ၁၉၁၉-၂၀ ခုနှစ် စတင်ချိန်က ဟစ်တလာ၏ နာဇီပါတီသည် စတင်ပါဝင်ခြင်း မရှိခဲ့သေးဘဲ ၁၉၂၃ ခုနှစ်မှ စတင်ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဟစ်တလာသည် ရွေးကောက်ပွဲစနစ် PR စနစ်ကို မြစ်ဖျားခံ စတင်ခဲ့သည်ဟူ၍ မဆိုနိုင်ပေ။ ဟစ်တလာ နာဇီပါတီ စမဝင်ခင်ကပင် PR စနစ်ကို ကျင့်သုံးခဲ့သည့် အနေအထား တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ ဟစ်တလာသည် PR ရေစီးကြောင်းကို အလယ်မှ ဝင်ရောက်ကာ ရေဟုန်စီး ပါဝင်လာသည်ဟု ဆိုရပေမည်။ ဟစ်တလာသည် PR စနစ်ကို စတင်ခဲ့ခြင်းမဟုတ်ဘဲ PR စနစ်လမ်းကြောင်းပေါ်သို့ ပါဝင်လျှောက်လှမ်းလာခဲ့ခြင်းဟု ဆိုလိုချင်ပါသည်။
၆-၈-၂၀၁၄ ရက်နေ့ထုတ် The Voice သတင်းတစ်ခုတွင် ‘PR၊ ဟစ်တလာနှင့် အနာဂတ်မြန်မာပြည်’ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။
ဆောင်းပါးတွင် PR စနစ်သည် နာဇီပါတီခေါင်းဆောင် အဒေါ့ဗ် ဟစ်တလာကို အာဏာရှင်အဖြစ် ရောက်ရှိစေခဲ့ကြောင်း၊ PR စနစ်ကြောင့် ဟစ်တလာ အာဏာရရှိပြီး အာဏာရှင်အဖြစ် ဂျာမနီပြည်ကြီးကို အုပ်စိုးသွားခဲ့ကြောင်း၊ PR စနစ်ကြောင့် အားနည်းသော လွှတ်တော်က အခြေခံဥပဒေက ပေးထားသော အာမခံချက်ကို ပြည်သူများ ခံစားရအောင် မဆောင်ရွက်နိုင်ကြောင်း ဖော်ပြရေးသား ထားသည်ကို တွေ့ရှိရသည်။လေ့လာသူတစ်ဦး အနေနှင့် ဆန်းစစ်ကြည့်သည့်အခါ ဤသို့ဖော်ပြထားခြင်းသည် ရွေးကောက်ပွဲပုံစံတစ်ခု ရှုထောင့်အမြင်ဖြင့် ဇောင်းပေး ရေးသားထားသည့် အကြောင်းခြင်းရာ များကိုသာ တွေ့ရှိရသည်ဟု ယူဆမိပါသည်။ ဟစ်တလာ အာဏာရလာစေသည့် အဓိက အခြေခံ အကြောင်းရပ် များစွာရှိသည်ကို စာဖတ်ပရိသတ် ပြည်သူများ မသိရှိပါက ရွေးကောက်ပွဲ စနစ်တစ်ခုအပေါ် လွဲမှားသော အဓိပ္ပာယ် ကောက်ယူမှုများ ယူဆသွားနိုင်မည်ဟု ထင်မြင်မိပါသည်။
ယခုအခါ မီဒီယာလောကမှ သတင်းစာ၊ ဂျာနယ်အသီးသီးတွင် PR စနစ်နှင့်ပတ်သက်၍ ခေါင်းစဉ်အမျိုးမျိုး၊ အမြင်အမျိုးမျိုး၊ ရှုထောင့်မျိုးစုံဖြင့် ရေးသားနေကြသည်များကို တွေ့ရှိနေရပေသည်။ ရွေးကောက်ပွဲ စနစ်တစ်ခု၏ အားသာချက်၊ အားနည်းချက်များကို အခြေခံ၍ အမြင်အမျိုးမျိုး ဖော်ပြရာတွင် ဒွန်တွဲနေသည့် အခြေခံသဘောများ များစွာတွေ့မြင်နိုင်ပါသည်။
ထိုအခြေခံသဘောများ၏ အကျိုးအပြစ်များလို ရှုမြင်ခြင်းကို လည်းကောင်း၊ အခြားအခြားသော နိုင်ငံများ၏ ရွေးကောက်ပွဲစနစ်များ၏ အားနည်းချက်၊ အားသာချက် အကျိုးအပြစ်များကို ကိုးကား၍ အဓိပ္ပာယ် လွဲမှားကောက်ယူ ဖော်ပြခြင်းတို့ကို လည်းကောင်း ဇောင်းပေး ဖော်ပြနေကြခြင်းထက် လက်ရှိ မိမိတို့နိုင်ငံတော်၏ ပကတိ အရှိတရားများအပေါ်မှာ ယင်းရွေးကောက်ပွဲစနစ်ကို တင်ကြည့်သည့်အခါ ကြုံတွေ့လာနိုင်မည့် အကျိုးအပြစ်များကိုလည်း အဓိကဦးတည်ကာ ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ပေသည်။
PR စနစ်သည် နာဇီပါတီခေါင်းဆောင် အဒေါ့ဗ်ဟစ်တလာကို အာဏာရှင်အဖြစ် ရောက်ရှိစေခဲ့သည်၊ PR စနစ်ကြောင့် ဟစ်တလာ အာဏာရရှိ လာခဲ့သည်ဆိုသည့် အရေးအသားနှင့် ပတ်သက်၍ ဆန်းစစ် ကြည့်နိုင်ပါသည်။
ပထမကမ္ဘာစစ်ကြီး နောက်ပိုင်း ၁၉၁၈-၁၉ ခုနှစ်မှစ၍ ဂျာမန် နိုင်ငံရေးသမားများသည် ဧကရာဇ်အစိုးရကို ဖြုတ်ချ၍ ဧကရာဇ်ကို အာဏာ ပုံပေးအပ်ထားသော ယခင် အခြေခံဥပဒေဟောင်းကို ဖျက်သိမ်း၍ အခြေခံဥပဒေသစ် တစ်ရပ်ကို ၀ိုင်မာမြို့တွင် ရေးဆွဲခဲ့သည်။ ယင်းအခြေခံဥပဒေသစ်နှင့်အညီ ပါတီအသီးသီး၏ နယ်မြေအသီးသီးမှ ရရှိသော မဲအရေအတွက်အရ ပါတီများ လွှတ်တော် ကိုယ်စားလှယ်ဦးရေ အချိုးကျရယူသည့် PR စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၁၉၁၈-၁၉ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့ကြောင်း တွေ့ရှိရပါသည်။ ၁၉၁၉ ခုနှစ်မှ ၁၉၃၃ ခုနှစ်ထိ ၁၄ နှစ် ကြာမြင့်ခဲ့သည်။ Weimar Republic ခေတ်ဟု ဆိုပါသည်။
ထိုအချိန်က ဂျာမနီနိုင်ငံတွင် ပါတီ ၃၀ ခန့်ရှိခဲ့ပြီး အဓိကပါတီ ၁၀ ခု အနက် ပါတီကြီး သုံးခုသည် ယှဉ်ပြိုင်ဘက် ပါတီများ ဖြစ်ခဲ့သည်။ ယင်းယှဉ်ပြိုင်ဘက် ပါတီကြီးသုံးခုမှာ (SPD=Social Democratic Party of Germany) (KPD=Communist Party of Germany) (NSDAP=National Socialist Germany Worker’s Party-Nazi Party) (ဟစ်တလာပါတီ) တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
၁၉၁၉ ခုနှစ်မှ စတင်ခဲ့သည့် Weimar Republic သည် Reichstag လွှတ်တော် ရွေးကောက်ပွဲကို PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးခဲ့သည်။ ၁၉၁၉-၂၀ ခုနှစ်တွင် PR စနစ်ဖြင့် ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း NSDAP - Nazi Party သည် ၁၉၂၃ ခုနှစ်မှ စတင်ရွေးကောက်ပွဲ ဝင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
PR စနစ်ကို ၁၉၁၉-၂၀ ခုနှစ် စတင်ချိန်က ဟစ်တလာ၏ နာဇီပါတီသည် စတင်ပါဝင်ခြင်း မရှိခဲ့သေးဘဲ ၁၉၂၃ ခုနှစ်မှ စတင်ရွေးကောက်ပွဲ ဝင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဟစ်တလာသည် ရွေးကောက်ပွဲစနစ် PR စနစ်ကို မြစ်ဖျားခံ စတင်ခဲ့သည်ဟူ၍ မဆိုနိုင်ပေ။ ဟစ်တလာ နာဇီပါတီ စမဝင်ခင်ကပင် PR စနစ်ကို ကျင့်သုံးခဲ့သည့် အနေအထား တွေ့ရှိရပါသည်။ ဆိုလိုသည်မှာ ဟစ်တလာသည် PR ရေစီးကြောင်းကို အလယ်မှ ဝင်ရောက်ကာ ရေဟုန်စီး ပါဝင်လာသည်ဟု ဆိုရပေမည်။ ဟစ်တလာသည် PR စနစ်ကို စတင်ခဲ့ခြင်းမဟုတ်ဘဲ PR စနစ်လမ်းကြောင်းပေါ်သို့ ပါဝင်လျှောက်လှမ်းလာခဲ့ခြင်းဟု ဆိုလိုချင်ပါသည်။
PR စနစ် ရွေးချယ်ခံ နေရာရရှိခြင်း အခြေအနေများကို ဆန်းစစ်ကြည့်ရာတွင်လည်း NSDAP စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ (၁၉၂၈ ခုနှစ်တွင် SPD ပါတီ ၁၅၃ နေရာ၊ KPD ပါတီ ၅၄ နေရာ၊ NSDAP ပါတီ ၁၂ နေရာ) (၁၉၃၀ ခုနှစ်တွင် SPD ပါတီ ၁၄၃ နေရာ၊ KPD ပါတီ ၇၇ နေရာ၊ NSDAP ပါတီ ၁၀၇ နေရာ) (၁၉၃၂ ခုနှစ်တွင် SPD ပါတီ ၁၃၃ နေရာ၊ KPD ပါတီ ၈၉ နေရာ၊ NSDAP ပါတီ ၂၃၀ နေရာ) (၁၉၃၃ ခုနှစ်တွင် SPD ပါတီ ၁၂၀ နေရာ၊ KPD ပါတီ ၈၅ နေရာ၊ NSDAP ပါတီ ၂၈၈ နေရာ) အသီးသီးရရှိခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ ရာခိုင်နှုန်းအားဖြင့် ကြည့်လျှင် NSDAP ပါတီသည် ၁၉၂၈ ခုနှစ်တွင်၂ ဒသမ ၆ ရာခိုင်နှုန်း၊ ၁၉၃၀ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း၊ ၁၉၃၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းဖြင့် ရရှိလာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟစ်တလာသည် PR စနစ် ရွေးချယ်မှုထဲတွင် ကျန်ပါတီများနည်းတူ အချိုးကျ ရွေးချယ်ခံခဲ့ရသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အကယ်၍ PR စနစ်မဟုတ်ဘဲ အနိုင်ရသူ အကုန်ယူစနစ် (FPTP) (First Past the Post System) ဖြင့် ကျင့်သုံးခဲ့လျှင်လည်း အနိုင်ရရှိမည် ဖြစ်သည်ကို လေ့လာဆန်းစစ် ကြည့်နိုင်ပါသည်။ ဤသို့ဆိုလျှင် ဟစ်တလာနေရာရ အာဏာရလာသည်မှာ PR စနစ်ကြောင့် ဟုတ်သည် မဟုတ်သည်ကို ဆန်းစစ်သိရှိနိုင်မည် ဖြစ်ပေသည်။
ဟစ်တလာ ရွေးချယ်ခံရခြင်းသည် PR စနစ်ကျင့်သုံးခဲ့၍ PR သည် အာဏာရှင်များကို မွေးထုတ်တတ်သည်ဟု ပြောဆိုသုံးသပ်မှုများသည် အကြောင်းအချက်များ ပြည့်စုံစွာဖြင့် ဆန်းစစ်ရန်လိုပါမည်။ ရွေးကောက်ပွဲ ပုံစံတစ်ခု ရှုထောင့်မှ ဝေဖန်သုံးသပ်ခြင်းထက် အခြားသော အခြေခံ အကြောင်းအချက် အရပ်ရပ်တို့ကို လေ့လာဆန်းစစ်ကြည့်မည် ဆိုပါက ဟစ်တလာသည် FPTP စနစ်ဖြင့်ဖြစ်စေ၊ PR စနစ်ဖြင့်ဖြစ်စေ ဟစ်တလာဟူ၍ အာဏာရလာမည်သာ ဖြစ်ကြောင်း ဆန်းစစ်ကြည့်နိုင်ပါသည်။
FPTP ကသာ ကြီးစိုးမှုဟူသော လွှတ်တော်တွင်း Domination ကိုဖြစ်စေရာ FPTP က အာဏာရှင် စနစ်ဘက်သို့ပို၍ ယိမ်းသည်ဟု ဆိုနိုင်ပါသည်။
အာဏာရှင်စနစ် တစ်ခုတွင် ရွေးကောက်ပွဲများ ပြုလုပ်သော်လည်း PR စနစ်ကို မကျင့်သုံးဘဲ FPTP စနစ်ကိုသာ အသုံးပြုခြင်းက မည်သည့်စနစ်က အာဏာရှင်ကို မွေးဖွားစေသည် ဆိုသည့်သဘောကို ဆန်းစစ်ထင်ရှားစေပါသည်။ ဟစ်တလာ၏ နာဇီပါတီ NSDAP လွှတ်တော်မှာ အာဏာရလာပြီး ပြည်သူလူထု တစ်ရပ်လုံးကို ဒုတိယကမ္ဘာစစ်ထဲသို့ ဆွဲခေါ်သည်ဟု ပါးပါးမြင်သူများလည်း ရှိပါသည်။ ဒုတိယကမ္ဘာစစ် ပေါ်ပေါက်လာရခြင်း၏ များစွာသော အခြေခံ အကြောင်းချက်များကို ဆန်းစစ်ကြည့်ပါက ရွေးကောက်ပွဲ စနစ်ကြောင့် မဟုတ်ဘဲ အခြားအခြားသော အကြောင်းအချက်များကြောင့် အာဏာရှင် ဖြစ်လာရသည်ကိုလည်း လေ့လာဆန်းစစ်ကြရန် လိုအပ်မည် ဖြစ်ပါသည်။ ဂျာမနီ ဟစ်တလာသည် PR စနစ်ကြောင့် အာဏာရှင် ဖြစ်လာရသည်ဟု မဆိုနိုင်လျှင် မည်သည့် အကြောင်းကြောင့် အာဏာရှင် ဖြစ်လာရသည်ကိုလည်း လေ့လာဆန်းစစ်ကြရန် ရမည်ဖြစ်ပါသည်။ သမိုင်းကြောင်းကို ထင်ဟပ်ဆန်းစစ်ရာ၌ တစ်စုံတစ်ရာသော အခြေအနေနှင့် အချိန်ကာလအတွင်း ရှေ့တန်းသို့ ရောက်လာတတ်သော အဆုံးအဖြတ်ပေးမည့် အခြေအနေ အရပ်ရပ် ပေါင်းစုံကို လေ့လာရန် လိုအပ်ပါသည်။ အကြောင်းပြချက် ခပ်ပါးပါးရှုမြင် သုံးသပ်၍မရနိုင်ဟု ယူဆပါသည်။ တရွေ့ရွေ့ ပြောင်းလဲသော ဖြစ်စဉ်သည် တစ်စုံတစ်ရာသော အခြေအနေ တစ်စုံတစ်ခုသောစခန်း၊ တစ်စုံတစ်ရာသော အဆင့်တစ်ခုသို့ ရောက်လာသောအခါ လျင်မြန်သော အဟုန်ဆောင်သည့် အခြေခံ ပြောင်းလဲလာတတ်သည်ကို သတိပြုရပေမည်။
၂၀၁၂ ခုနှစ်က Marxism fresh Daily တွင် KLARA HEMKEL ရေးသားသော ‘ဝိုင်မာ သမ္မတနိုင်ငံမှ ကျွန်ုပ်တို့ ဘယ်လို သင်ခန်းစာ ရယူနိုင်သလဲ’ စာတမ်းကို လေ့လာကြည့်လျှင် ဂျာမနီ ဟစ်တလာ အာဏာရလာစေသည့် အဓိက အကြောင်းရင်းငါးရပ်ကို တွေ့ရှိနိုင်ပါသည်။
(က) အလုပ်သမား လှုပ်ရှားမှုများအကြားမှ အဖွဲ့အစည်းအတွင်း နိုင်ငံရေးအရ ကွဲပြားမှုများ ရှိခဲ့ခြင်း
(စီးပွားရေးဆိုင်ရာ အကျပ်အတည်း သောကများ တိုးပွားလာခြင်း၊ အလုပ်လက်မဲ့ ခြောက်သန်းနှင့် ဆင်းရဲမှု၊ ဆာလောင်မှုနှင့် ပရမ်းပတာ ကွဲပြားသွားမှုများက တွန်းအားတစ်ခုသဖွယ် ဖြစ်စေသည်။)
(ခ) ဂျာမန် ပြည်သူများကြားမှ ဒီမိုကရေစီ ဆန့်ကျင်သည့် ခံစားရပ်တည် ခံစားချက်များ ဖြစ်ပေါ်လာခြင်း
(Weimar Republic ၏ ဒီမိုကရေစီ အဆောက်အဦများသည် စီးပွားရေး တည်ငြိမ်မှုအတွက် ဖန်တီးမပေးနိုင်ခြင်း)
(ဂ) စစ်ရှုံးမှု အကျပ်အတည်းများနှင့် ဗာဆိုင်းစာချုပ်
(မဟာမိတ်များနှင့် စစ်ပြေငြိမ်းရေး စာချုပ်အရ စစ်လျော်ကြေးပေးရမှု ဝန်ထုပ်ဝန်ပိုး ကြီးမားစေခဲ့သည်။)
(ဃ) ဝိုင်မာ သမ္မတနိုင်ငံ၏ နိုင်ငံရေးစနစ် ဖွဲ့စည်းမှု အားနည်းချက်များ ရှိလာခြင်း
(ဂျာမနီ ဒီမိုကရေစီ အခြေခံဥပဒေ၏ တည်ဆောက်မှုများ အားနည်းပြီး ပြိုကွဲမှုများ ပေါ်ပေါက်လာခြင်း)
(င) ကမ္ဘာ့ အထွေထွေစီးပွားရေး ကျဆင်းမှု
(၁၉၂၉-၃၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စီးပွားရေး အကျပ်အတည်းများက ဂျာမနီပေါ် သက်ရောက်မှု ပြင်းထန်လာခြင်း)
Chris. Butlar ၏ သမိုင်းနယ်လွန် စီးဆင်းမှု (Hyper flow of History) စာအုပ်တွင်လည်း ကွန်မြူနစ်စနစ်ကို စိုးရိမ်သော စက်မှုလုပ်ငန်းရှင်ကြီးများက ဟစ်တလာကို အပြည့်အဝ ထောက်ခံခဲ့ခြင်း၊ ဟစ်တလာ လက်ထက်တွင် စက်မှုနိုင်ငံ ထွန်းကားလာကာ အထူးသဖြင့် လက်နက် ထုတ်လုပ်ခြင်းလုပ်ငန်း ကြီးမားခဲ့ခြင်းတို့ကို ဖော်ထုတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။ ပထမကမ္ဘာစစ်တွင် စစ်ရှုံးခဲ့သော ဂျာမနီတွင် ပြည်သူများက ကယ်တင်ရှင် မျှော်နေသော အခြေအနေတစ်ရပ်၌ အမျိုးသားစိတ်ဓာတ် နှိုးဆော်ပေးသော ဟစ်တလာ၏ လုပ်ဆောင်မှုများက ဂျာမနီ ပြည်သူများ၏ အပြည့်အဝ ထောက်ခံမှု ရရှိစေခဲ့ခြင်းသည် ဟစ်တလာ အာဏာရှင် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့စေသည်ဟု ဆန်းစစ်၍ ရနိုင်ပါသည်။
ဂျာမနီနိုင်ငံ၏ အခြေခံပထဝီ အနေအထားနှင့် ဖွဲ့စည်းမှု၊ သမိုင်းကြောင်းများ၊ လူမျိုးများနှင့် ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ အခြေခံပထဝီ အနေအထား ဖွဲ့စည်းမှု၊ သမိုင်းကြောင်းများနှင့် လူမျိုးစုရေးရာများ မတူကွဲပြားမှုများ ရှိနေမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် အနာဂတ်ရွေး ကောက်ပွဲစနစ်များကို FPTP (နိုင်သူအကုန်ယူ) စနစ် ကျင့်သုံးမည်ဖြစ်စေ၊ PR (အချိုးကျကိုယ်စားပြု) စနစ် ကျင့်သုံးမည်ဖြစ်စေ FPTP နှင့် PR စနစ် ပေါင်းစပ်ရောနှော ကျင့်သုံးသည်ဖြစ်စေ ဂျာမနီနိုင်ငံကဲ့သို့ လည်းကောင်း၊ အခြားအခြားသော နိုင်ငံများကဲ့သို့ လည်းကောင်း ပုံတူကူးချ ကျင့်သုံး၍ မရနိုင်သည့် အခြေခံ အကြောင်းခြင်းရာများ ပကတိ တည်ရှိမှု အခြေအနေများ မတူကွဲပြားမှု များစွာရှိနေပေသည်။
ဟစ်တလာ အာဏာရလာခြင်းသည် စနစ်တစ်ခုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်၏ ပုဂ္ဂလိက ခံစားချက်နှင့် အခြေအနေ အရပ်ရပ်၏ တောင်းဆိုချက်များ အားကောင်းလာရာမှ ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်လှိုင်းဖြင့် ဆွဲယူခေါ်ဆောင်နိုင်ခြင်းသည် အကြောင်းခြင်းရာ တစ်ရပ်ဟု ဆန်းစစ် ကြည့်နိုင်ပါသည်။ ဤသို့ဆန်းစစ်လျှင် ဟစ်တလာ အာဏာရှင် ဖြစ်လာခြင်းသည် ရွေးကောက်ပွဲကြောင့် မဟုတ်ဘဲ အခြားအခြားသော အခြေခံ အကြောင်းပေါင်းစုံ များကြောင့် ဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်ပါမည်။
သမိုင်းကြောင်းဖြစ်ရပ် အကြောင်းခြင်းရာကို မိမိလိုရာ ယူဆွဲရေးပါက အထင်မှား၊ အမြင်မှား ဖြစ်သွားနိုင်ပါသည်။ ဘက်စုံထောင့်စုံမှ လေ့လာဆန်းစစ်ပြီး အရှိတရားများအပေါ် အမှန်ကို အမှန်အတိုင်း ပြည့်ပြည့်စုံစုံ ပြည်သူများ သိရှိနိုင်ရန် ဖော်ပြရေးသားရန် လိုအပ်မည် ဖြစ်ပါသည်။ ပြည်သူများ ဇဝေဇဝါ ဖြစ်စေမည့် အရေးအသားများ မပြည့်စုံ၊ မခိုင်လုံသည့် အချက်အလက်များ မဖြစ်စေရန် ဂရုပြုသတိထားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ် ရွေးကောက်ပွဲစနစ်ကို မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှု ရှိပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သော ရွေးကောက်ပွဲစနစ်ကို ရွေးချယ် ကျင့်သုံးနိုင်ရေးအတွက်လေ့လာဆန်းစစ် သုံးသပ်ကြရမည် ဖြစ်ပေသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးတို့ကို ဦးတည်လေ့လာ ရွေးချယ်ကြရပေမည်။
ရွေးကောက်ပွဲ စနစ်တိုင်းတွင် အခြေခံအားသာချက်၊ အားနည်းချက်များ ဒွန်တွဲလျက် ရှိနေမည် ဖြစ်သည်။ စနစ်၏ ပင်ကိုသဘောနှင့် အကျိုးအပြစ်များကို လေ့လာသုံးသပ်သည့်အပြင် နိုင်ငံ၏ ပကတိ အရှိတရားများ အပေါ်မှာ ယင်းရွေးကောက်ပွဲစနစ်ကို တင်ကြည့်သည့်အခါ ကြုံတွေ့လာရမည့် အကျိုးအပြစ် များကိုလည်း ဦးတည်စဉ်းစား ရွေးချယ်ရမည် ဖြစ်ကြောင်း လေ့လာဆန်းစစ် တင်ပြအပ်ပါသည်။
လေ့လာသူ ဥပဒေသမားတစ်ဦး
http://www.thevoicemyanmar.com/ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
0 comments:
Post a Comment