Sunday, August 24, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းနိုင်ဖွယ်ရှိ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးနေသူများကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား စက်တင်ဘာ ၁၁ ရက်တွင် စတင်ကျင်းပမည့် ပထမအကြိမ် ၁၁ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းနိုင်ဖွယ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကော်မတီ၏ အစီရင်ခံစာကို လာမည့်ပထမအကြိမ် ၁၁ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းနိုင်ရန် မျှော်မှန်းထားကြောင်း ကော်မတီအဖွဲ့ဝင်များက ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ရေးဆွဲရာတွင် ပညာရှင်များနှင့် တိုင်ပင်ရေးဆွဲသွားမည်ဖြစ်ကာ အနည်းဆုံးသုံးပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး နိုဝင်ဘာပထမပတ်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

“ဒီလွှတ်တော်ကြီး ၁၁ ကြိမ်မြောက် ပုံမှန်မှာတော့ ပြည်ထောင်စုလွှတ်တော်ထဲကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒကြမ်းတစ်ခု တင်ပြီဆိုတဲ့ သတင်းကို လူထုကို သတင်းပါးနိုင်လိမ့်မယ်။ ကြားကာလမှာ ပြည်စုံတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနိုင်မှု အချက်တစ်ခုကို ရနိုင်တဲ့ ပြင်ဆင်ပြီးသား ဥပဒေကြမ်းတစ်ခုက ၂၀၁၅ နှစ်ဦးပိုင်း ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ကို တင်လာနိုင်တယ်။ အဲဒီအခါကျမှပဲ ပုဒ်မတစ်ခုချင်းဆီကို ဆွေးနွေးနိုင်ခြေရှိတယ်။ ကျွန်တော်ခန့်မှန်းတာပါ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုး လှုပ်ရှားမှုမှ ရရှိလာသည့် ပြည်သူများ၏ လက်မှတ်ငါးသန်းခန့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment