Sunday, August 24, 2014

အီဘိုလာရောဂါနှင့် ပြည်သူ့အသံ



ဂီနီနှင့် လိုက်ဘေးရီးယားနိုင်ငံများတွင် အလုပ်လုပ်ကိုင်ပြီး သြဂုတ်၁၉ရက်၌ ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာသော မြန်မာငါးဦးအနက် တစ်ဦးမှာ အီဘိုလာရောဂါပိုး ကူးစက်ခံထားရသည်ဟု သံသယရှိသဖြင့် ၎င်းတို့ကို ဝေဘာဂီအထူးကုဆေးရုံတွင် အထူးကြပ်မတ်စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိရာ ပြည်သူများကြား မြန်မာနိုင်ငံသို့ အီဘိုလာရောဂါပိုး ရောက်လာပြီလားဟု စိုးရိမ်မှုအထူးမြင့်တက်ခဲ့သည်။ အီဘိုလာရောဂါ ကူးစက်ခံထားရသည်ဟု သံသယရှိ လူနာမှာ ပြင်းထန်ငှက်ဖျားရောဂါပိုးနှစ်မျိုး ကူးစက်ခံထားရပြီးယခုအခါ ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်လာကြောင်း အစိုးရက ထုတ်ပြန်သည်။ ကမ္ဘာတွင် သြဂုတ်၂၃ရက်အထိ အီဘိုလာရောဂါဖြစ်ပွားသူ ၂၆၁၅ဦးရှိပြီး သေဆုံးသူ ၁၄၂၇ဦးရှိခဲ့သည်။ကိုဇော်ဌေးအောင်
ဆိုင်ကယ်အငှားလိုက်သူ၊ ပြည်မြို့။

အီဘိုလာရောဂါဖြစ်နေတယ်လို့တော့ တီဗီတွေမှာ ကြေညာနေ တော သိတယ်။ ကိုယ့်နိုင်ငံမှာ စဖြစ်တာမှမဟုတ်ဘဲ။ ဖြစ်တဲ့နိုင်ငံတွေက လာတဲ့သူတွေကို သေချာစစ်ဆေးပေးနိုင်ရန် ကိစ္စသိပ်မရှိလောက်ဘူး။ ကူးစက်လာခဲ့ရင်တော့ သတိထားနေရတော့မှာပေါ့။ ရေဒီယိုတွေက ကြေညာတာတွေ နားထောင်ပြီး ဂရုစိုက်နေမယ်။ လူအများနဲ့ ဆက်ဆံ ရတဲ့ အလုပ်သမားတွေက ပိုသတိထားရမယ်။ ဒီရောဂါတွေ ကူးစက် မလာအောင် လုပ်ပေးနိုင်ဖို့ပဲ မျှော်လင့်တယ်။

မအိမွန်ဖြိုး
ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပြည်မြို့။

အီဘိုလာရောဂါက ကုသဖို့ ဆေးမရှိသေးသလို အသက်အန္တရာယ် ပါ ရှိတယ်လို့ သိရတယ်။ ဒီရောဂါသံသယရှိတဲ့လူ တွေ့တယ်ကြားတုန်း က ကျွန်မတို့ နိုင်ငံကို ကူးစက်မလာအောင် ဆုတောင်းမိတယ်။ ဒီရောဂါ က လေထဲကနေ မကူးနိုင်ဘူးလို့ သိရပြီး ရောဂါသည်ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တို့၊ ဘာတို့ ကိုယ့်ခန္ဓာကိုယ်ထဲရောက်မှ ဖြစ်မှာဆိုတော့ အဲဒါမျိုးတွေမဖြစ်အောင် ဆင်ခြင်နေလို့ရတယ်။ နိုင်ငံထဲကို ကူးစက်လာ တယ်ဆိုရင်လည်း လက်မကြာခဏဆေးတာတို့၊ ဘာတို့ သတိထား နေ ရမှာပဲ။ ကျွန်မတို့နိုင်ငံရဲ့ လူတွေ နေထိုင်စားသောက်မှုနဲ့က ဒီရောဂါမျိုး ဖြစ်ဖို့က နည်းပါးတယ်လို့ သိရတယ်။ ကူးစက်မလာအောင် အဲဒီရောဂါ ဖြစ်နေတဲ့ နိုင်ငံတွေကလာတဲ့သူတွေကို အ၀င်အထွက်ဂိတ်မှာ သေသေ ချာချာစစ်ဆေးတာတွေ လုပ်ပေးစေချင်တယ်။ ဒါ့အပြင် တခြားနေရာ တွေ၊ အောက်လမ်းတွေကနေ ၀င်လာတဲ့သူတွေထဲက ပါလာမှာကိုတော့ စိုးရိမ်တယ်။ ဒါမျိုးမဖြစ်အောင် တာဝန်ရှိသူတွေ အသိစိတ်နဲ့ လုပ် ဆောင်စေချင်တယ်။

ကိုမြင့်ထွန်း
ဒလမြို့နယ်

အီဘိုလာနဲ့ပတ်သက်ပြီး သိထားတာကတော့ အာဖရိကဘက်က စဖြစ်တယ်လို့ သိရတယ်။ လူတော်တော်များများ သေနေပြီလို့ သိရ တယ်။ ရောဂါက တော်တော်ဆိုးပြီး အသက်ရှင်ဖို့ မလွယ်ဘူးလို့ သိထား တယ်။ ဘယ်လောက်ထိ သိထားလဲဆိုတော့ ဒီရောဂါက အိတ်ခ်ျအိုင် ဗီထက်ဆိုးတယ်ဆိုတော့ တော်တော်သတိထားရမယ်။ ဟိုတစ်လောက အီဘိုလာလို့သံသယရှိတဲ့သူကို တွေ့တယ်ဆိုတော့ ကြောက်သွားတာ ပေါ့။ ဒီရောဂါကြီးများ မြန်မာနိုင်ငံကို ကူးစက်လာပြီလို့ ဆိုပြီးတော့လေ။ နောက်တော့မှ ငှက်ဖျားပိုး ကူးစက်ခံရတာဆိုပြီး သတင်းတွေမှာ ဖော်ပြ လာပါတယ်လေ။ ရောဂါရှိတယ်လို့ သံသယရှိရင် ချက်ချင်းစစ်နိုင်မယ့် ဓာတ်ခွဲခန်းတွေ ဘာတွေ မရှိသေးဘူး။ သူများနိုင်ငံကို သွားစစ်ရတော့ အနည်းဆုံးနှစ်ရက်လောက်တော့ ကြာမှာပဲ။ ဒီမှာချက်ချင်းစစ်နိုင်မယ့် ဓာတ်ခွဲခန်းရှိရင်တော့ ပိုကောင်းမှာပေါ့။ ဒီရောဂါမဖြစ်ရင်တော့ အ ကောင်းဆုံးပဲပေါ့။

မနွေးနွေး
သာကေတ။

ရောဂါအသစ်ဆို ဘာရောဂါမှတော့ မကောင်းပါဘူး။ ဒါပေမဲ့ အီဘိုလာကိုတော့ ကြောက်တယ်။ အီဘိုလာက AIDS ထက်ဆိုးတယ် ဆိုတော့ ပိုကြောက်တယ်။ ဒီရောဂါကို ကုသတဲ့ဆေးတွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။ အစိုးရကလည်း ဒီထက်ပိုပြီး ဂရုစိုက်ပြီး ပြင်ဆင် သင့်တယ်။

မ၀င်းစန္ဒာလွင်
စမ်းချောင်း

အီဘိုလာ ကူးစက်ခံရတယ်လို့ သတင်းကြားကြားချင်း မြန်မာနိုင်ငံ က ပြည်သူတွေအတွက် အရမ်းစိုးရိမ်ပါတယ်။ အီဘိုလာရောဂါကို အ ရမ်း ကြောက်ပါတယ်။ ရောဂါဆိုးကြီးလေ။ ကာကွယ်ဆေးလည်း မပေါ် သေးဘူးဆိုတော့။ ကိုယ်လည်းမဖြစ်ချင်ဘူး။ သူများတွေကိုလည်း မဖြစ်စေချင်ဘူး။ အစိုးရကလည်း ကြိုတင်မပြင်ဆင်ထားဘဲ ကူးစက်ခံရ တဲ့သူကို ဝေဘာဂီဆေးရုံကို ပို့လိုက်တယ်လို့ ကြားတယ်။ ဒါကြောင့် လူ တွေ စိုးရိမ်စိတ်မရှိအောင် ဘယ်လို ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ မကြာခဏ သတင်းထုတ်ပြန်ပေးရင် ကောင်းမယ်။

မချမ်းငြိမ်းဖြူ
ပရဟိတစေတနာ့ဝန်ထမ်း၊ တာမွေ။

အီဘိုလာနဲ့ပတ်သက်ပြီး ခုက ဆေးရှိပြီ။ ဖြစ်ဖြစ်ခါစက ဆေးမရှိ ဘူး။ အရမ်းကြောက်စရာကောင်းတဲ့ ကပ်ရောဂါတစ်မျိုးလို့ သိထားပါ တယ်။ သတင်းကြားတုန်းက ကြောက်တာပေါ့။ စဉ်းလည်းစဉ်းစားတယ်။ ဘယ်လိုတွေ လုပ်ကြမလဲ။ သူလည်း (အီဘိုလာသံသယရှိသူ) သနားဖို့ ကောင်းတယ်။ ဟိုက ပြန်လာတာ။ သူလည်း အိမ်တန်းမပြန်ရဘဲနဲ့ ဆေး ရုံတန်းရောက်သွားတယ်ဆိုတော့။ သူလည်း ကြောက်မှာ။ အီဘိုလာ ဖြစ်ရင် ဘာလုပ်ရမှန်းကို မသိတာ။ အီဘိုလာမဖြစ်တဲ့နိုင်ငံကို ထွက်ပြေး ရင်ကောင်းမလား။ သူတို့မှာလည်း ထိရောက်အောင် ကုသပေးနိုင်တဲ့ ဆေးမျိုးမရှိဘူးလို့ ပြောတယ်။ သူတို့လည်း မတတ်နိုင်ဘူးလို့ ပြော တယ်။ ဆိုလို့ရှိရင် ကုသမှုမျိုး မလုပ်ပေးနိုင်ဘူးဆိုရင် လူတွေအနေနဲ့ ဘာတွေလုပ်သင့်တယ်။ ဆောင်ရန် ရှောင်ရန်တွေ လူတွေသိအောင် ချ ပြသင့်တယ်လို့ ထင်တယ်။

မယမင်း
ဒလမြို့နယ်။

အီဘိုလာနဲ့ပတ်သက်ပြီးတော့ ကူးစက်မြန်ပြီး သေဆုံးတာတွေ များလာတယ်ဆိုပြီးတော့ တီဗီတွေမှာလည်း ပါနေတယ်။ ဒီနိုင်ငံကို တော့ မရောက်သေးဘူးဆိုတာတော့ သိတယ်။ ပြီးခဲ့တဲ့ ရက်က လေဆိပ် မှာ အီဘိုလာရောဂါပိုးရှိတဲ့လူနာ (သံသယရှိခံရသူ) တွေ့တယ်ဆိုတော့ အရမ်းလန့်သွားတယ်။ ကြားကြားချင်း ကြောက်သွားတယ်။ တစ် ယောက်ဖြစ်ပြီဆို နောက်ပိုင်းမှာ ပြန့်သွားမှာ။ အရင်တုန်းကဖြစ်တဲ့သူ မရှိဘူးဆိုတော့ စိတ်ချနေလို့ရတယ်လေ။ အခု တွေ့တယ်ဆိုတော့ ကူး စက်မှာစိုးတယ်။ မြန်မာနိုင်ငံကို ဒီရောဂါ ကူးစက်လာမယ်ဆိုရင်တော့ ကြောက်လို့ အပြင်တောင် ထွက်မှာမဟုတ်တော့ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ရင်မလွယ်ဘူး။ သေမှာက များတယ်။ တခြားနိုင်ငံမှာက သေချာ စောင့်ရှောက်ထားတာ။ အစိုးရနဲ့ ကျန်းမာရေးဌာနကို အကြံပြုချင်တာ ကတော့ သေချာဂရုတစိုက်ရှိဖို့ပဲ။ တကယ်လို့ လူနာတွေ့ရင်တောင် မပေါ့ဆဘဲနဲ့ သေချာစောင့်ရှောက်ပေးဖို့ပဲ။ သူများနိုင်ငံတွေမှာက အ သေအချာကို ပြုစုစောင့်ရှောက်ပေးနေတာဆိုတော့ ဒီမှာလည်း အဲဒီလို ပဲ ဖြစ်စေချင်တယ်။

ကိုထက်မြက်
သင်္ဘောသား

အီဘိုလာနဲ့ပတ်သက်ပြီး အာဖရိကမှာစဖြစ်တယ်။ ပြီးတော့ ဆေး ကလည်း စမ်းသပ်ဆဲအဆင့်ပဲ ရှိသေးတယ်ဆိုပြီးတော့ သိထားတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရတယ်လို့ သတင်းကြားတော့ မဖြစ်နိုင်ဘူးလို့ ပဲထင်တယ်။ သူက အာဖရိကက ပြန်လာတယ်။ ဖျားကလည်း ဖျားနေ တယ်ဆိုတော့ တိုက်ဆိုင်သွားတယ်ပဲ ထင်တယ်။ ပြီးတော့ ဟိုတစ် ခေါက်ကလည်း ရခိုင်က ကလေးလေးတစ်ယောက်ကို အီဘိုလာဖြစ် တယ်ဆိုပြီး ပြောကြာတာရှိတော့ သိပ်တော့မယုံဘူး။ အီဘိုလာရောဂါ မြန်မာနိုင်ငံကို ကူးလာမယ်ဆိုရင် ကျန်းမာရေးဌာနက လူတွေက အဓိက ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။ ကိုယ်တိုင်ကတော့ ရောဂါအကြောင်း သိအောင် လေ့လာရမယ်။ ဘယ်လိုကူးစက်တယ်။ ဘယ်လိုနေထိုင်ရ မလဲဆိုတာတွေကို အရင်သိအောင်လုပ်ထားမယ်။ အကြံပြုချင်တာက လူဝင်လူထွက်ရှိတဲ့လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေမှာ အဓိကစစ်ပြီး တော့ ကျန်းမာရေးဆိုင်ရာတွေ ပြင်ဆင်ထားစေချင်တယ်။

မဇွန်စံပယ်ဖူး
ဆရာမ၊ မန္တလေးမြို့။

အီဘိုလာဆိုတာကတော့ အခုချိန် တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေ တဲ့ အကြောင်းအရာပေါ့။ မြန်မာနိုင်ငံမှာလည်း သံသယရှိတဲ့သူတွေ့ခဲ့ တယ်ဆိုတော့ စိုးရိမ်သွားတယ်။ တို့နိုင်ငံသာ တကယ်ရောက်လာရင် ထိန်းချုပ်နိုင်ပါ့မလား။ ပြည်သူတွေကရော အသိရှိပါ့မလားပေါ့။ ကိုယ် နဲ့အနီးတစ်ဝိုက်မှာ ဖြစ်ခဲ့ရင်တော့ ကူးနိုင်မယ့်နည်းတွေအကုန်လုံးကို ဆင်ခြင်နေရမှာပေါ့။ တကယ်မြန်မာနိုင်ငံမှာဖြစ်လာပြီဆိုရင် နိုင်ငံတ ကာကို အကူအညီတွေ တောင်းရမှာပေါ့။ ဘယ်လိုမှ မနိုင်လောက်ဘူး။ အခု ကာကွယ်ဆေးရပြီလို့လည်း ကြားပေမယ့် ရေရေရာရာကတော့ ဘာမှဖြစ်မလာသေးဘူး။ ဒါကြောင့် အီဘိုလာပိုးတွေ့ပြီဆိုရင် အစိုးရ တာဝန်ရှိသူတွေက ထိမ်ချန်မထားဘဲ နိုင်ငံတကာကို အမြန်ဆုံးချိတ် ဆက် အကူအညီတောင်းဖို့ ပြောချင်တယ်။

ကိုရဲဝင်းအောင်
ဝင်းလျှပ်စစ်ထုတ်လုပ်ရေး၊ မန္တလေး။

အွန်လိုင်းတွေ၊ အင်တာနက်တွေပေါ်မှာ သတင်းတွေ ဖတ်ရသ လောက် တော်တော်ကြောက်စရာကောင်းတဲ့ ရောဂါပဲ။ အခုထိ ကုသ နိုင်မယ့် ဆေးမရှိသေးဘူး။ တိရစ္ဆာန်တွေကတစ်ဆင့် ကူးစက်တယ်လို့ သိထားတယ်။ မြန်မာနိုင်ငံကို ရောဂါပိုးသံသယရှိတယ်ဆိုတဲ့ သတင်း ကိုကြားကြားချင်း စိုးရိမ်မိတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ အရဆိုရင် အီဘိုလာရောက်လာခဲ့ရင် တစ် နိုင်ငံလုံးဘယ်သူမှ လွတ်မှာ မဟုတ်လောက်ဘူး။ ငှက်ဖျားတို့၊ သွေး လွန်တုပ်ကွေးတို့ကိုတောင် နှံ့နှံ့စပ်စပ် မလုပ်နိုင်သေးတာ။ ရောဂါပိုး ရောက်လာခဲ့ရင်တော့ သဗ္ဗေသတ္တာကမ္မသကာပဲပေါ့။ အစိုးရအနေနဲ့ ရောဂါပိုးဖြစ်လာမှ လုပ်တာထက် မရောက်ခင်ကတည်းက ပညာပေး တာတွေ၊ လက်ရှိကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အီဘိုလာနဲ့ဆက်စပ်တဲ့ သ တင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးတာမျိုး သေချာလုပ်ပေးစေချင် တယ်။

ကိုအောင်အောင်
သာကေတမြို့နယ်။

အီဘိုလာရောဂါက အရမ်းကူးစက်မြန်တယ်လို့ သိရတယ်။ ၂၁ ရက်အတွင်း သေဆုံးနိုင်တယ်လို့လည်း သိထားတယ်။ ဒီနိုင်ငံမှာ ကူး စက်ခံရပြီလို့ သိသိချင်း ပထမတော့ ကြောက်တယ်။ ဒါပေမဲ့ လူတိုင်းမှာ လည်း သူ့ကံတရားနဲ့သူရှိပါတယ်။ ဒါပေမဲ့ ကြိုတင်ကာကွယ်မှုလောက် တော့ လုပ်ထားရမှာပေါ့။ တကယ်လို့ ဒီနိုင်ငံကို အဲဒီရောဂါကူးတယ်ဆို ရင်တော့ အသံလွှင့်ဌာနတွေ၊ တီဗီတွေက သတိပေးချက်တွေကို နား ထောင်ပြီး ကိုယ်တိုင်ဆိုရင်တော့ အစားအသောက်၊ အနေအထိုင်၊ အ သွားအလာတွေကိုလည်း အကုန်ဂရုစိုက်ပြီး နေရမှာပေါ့။ ကျန်းမာရေး ဌာနကိုတော့ ပြည်သူတွေကို အထူးဂရုစိုက်ပေးပါလို့ပဲ ပြောချင်ပါတယ်။

ဦးလှမင်းထွန်း
အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်လုပ်ငန်း၊ ရန်ကင်းမြို့။

စိုးရိမ်စိတ်က အမြင့်ဆုံးပေါ့။ ကိုယ့်နိုင်ငံအကြောင်း ကိုယ်အသိ ဆုံးလေ။ သေချာပေါက် ဒုက္ခရောက်ကြမှာ။ အခုတောင် စစ်မယ့်သွေး ကိုတင်မယ့် လေယာဉ်မရှိသေးဘူး။ ပေါ့ဆလို့တော့ လုံးဝမရဘူး။ လူထု ပညာပေးကို ဒီထက်ပိုလုပ်သင့်တယ်။

ဦးဇော်ဝင်းချို
ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ-ပုဂံ၊ ပုဂံမြို့။

သတိထားနေကြရမှာပါ။ အရမ်းကြီးစိုးရိမ်ပြီး လိုတာထက်ပိုပြီး ဂရုစိုက်လွန်းရင်လည်း ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်သွားနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ လိုအပ်သလို Tourism အတွက်လည်း တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ သတင်းတွေကို မြန်မြန်ဆန်ဆန် ထုတ် ပြန်ရပါမယ်။ ဧည့်လမ်းညွှန်များအနေနဲ့တော့ ခုရက် လေဆိပ် Arrival မှာ ဧည့်သည်တွေကို လက်ဆွဲနှုတ်ဆက်ခြင်း အတတ်နိုင်ဆုံး မပြုလုပ်ဘဲ ဂျပန်ရိုးရာ ခါးကိုင်းခေါင်းငုံ့ နှုတ်ဆက်ခြင်းမျိုးသာ ပြုလုပ်သင့်ပါတယ်။

ဦးရွှေဝင်း
မြို့မိမြို့ဖ၊ အောင်မင်္ဂလာရပ်ကွက်၊ မုံရွာမြို့။

အီဘိုလာရောဂါကို ကူးစက်မြန်ရောဂါလို့ သိရပါတယ်။ ချွေး၊ သလိပ်၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်ကစပြီး ကူးစက်နိုင်တယ်လို့ သိရ တယ်။ ရောဂါဖြစ်ပွားတယ်ဆိုရင် အသွားအလာ အနေအထိုင် ဆင်ခြင် ရှောင်ကြဉ်ရမယ်။ အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ဘဲ နေရ မယ်။ ပြည်ပ၀င်ပေါက်ဂိတ်တွေ၊ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးပြီးမှ နိုင်ငံတွင်းကို ၀င်ခွင့်ပြုသင့်တယ်။ ကူး စက်မြန်ရောဂါ သံသယဖြစ်ဖွယ်တွေ့ရတဲ့ သတင်းတွေကြားရတော့ မဖြစ်ပါစေနဲ့ အခြားရောဂါဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။ ပြည် တွင်းမှာ ရောဂါကူးစက်သွားမှာကိုတော့ စိုးရိမ်နေမိတယ်။

ကိုဟိန်းထက်
ကုမ္ပဏီဝန်ထမ်း၊ မန္တလေး။

အီဘိုလာက လေထဲကနေ မကူးစက်ဘူး။ တိရစ္ဆာန်အသားတွေ၊ မျောက်တို့ လင်းနို့တို့ စားရာကနေ ကူးတယ်။ အီဘိုလာရောဂါဖြစ်နေ တဲ့သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေ ထိတွေ့ရာကနေ ကူးတယ်။ ရောဂါဖြစ်နေတဲ့သူ ထိုင်ခဲ့တဲ့ ခုံနေရာက ချွေးတွေကနေလည်း ကူးတယ် လို့ သိထားပါတယ်။ မြန်မာနိုင်ငံမှာ အီဘိုလာကူးစက်ခံထားရတယ်လို့ သံသယလူနာတွေ့တယ်လို့ ကြားပါတယ်။ ဖြစ်ရင်လည်း ဖြစ်နိုင်ပေ မယ့် မစိုးရိမ်ပါဘူး။ ရနိုင်သမျှ ထိန်းချုပ်မယ်လို့ ထင်ပါတယ်။ တကယ် လို့ဖြစ်လာပြီဆိုရင်လည်း လူထူထပ်တဲ့ နေရာတွေ၊ တက္ကစီတွေ၊ အများ သုံးသန့်စင်ခန်းတွေ အဲဒီလိုနေရာတွေကို ရှောင်ရမှာပေါ့။ အစိုးရနဲ့ ကျန်းမာရေးဌာနတွေအနေနဲ့ အီဘိုလာဝင်မလာအောင် လေဆိပ်တွေ မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးကာကွယ်ဖို့ လိုပါတယ်။


7Day Daily

0 comments:

Post a Comment