Saturday, August 30, 2014

မြန်မာနိုင်ငံတွင် အမျိုးသားထက် အမျိုးသမီးဦးရေ နှစ်သန်းခန့်ပိုများ

ရှေ့ပြေးသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၁ သန်း ကျော်တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် နှစ်သန်းနီးပါး(၁ ဒသမ ၇ သန်း) ခန့် ပိုများပြားနေကြောင်း ၂၀၁၄ ခုနှစ်လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ၂၄ သန်းကျော် (၂၄,၈၂၁,၁၇၆) ရှိပြီး အမျိုးသမီးဦးရေမှာ ၂၆ သန်းကျော် (၂၆,၅၉၈,၂၄၄) ရှိပြီး အမျိုးသမီးဦးရေက ၁ ဒသမ ၇ သန်း (၁,၇၇၇,၀၆၈) ဦးပိုများနေသည်။

သို့သော် ကချင်ပြည်နယ်သည် အမျိုးသားဦးရေပိုများသည် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး အမျိုးသားရှစ်သိန်းငါးသောင်း၊ အမျိုးသမီး ခုနစ်သိန်းရှစ်သောင်းကျော်ရှိသည်။

ထို့ကြောင့် ကချင်ပြည်နယ်တွင် အမျိုးသားဦးရေက ခြောက်သောင်းကျော်ပိုများသည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ လူဦးရေအချိုးအစားတွင် ကျား/မ လူဦးရေမှာ တန်းတူညီမျှနေပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် အမျိုးသမီးလူဦးရေမှာ အမျိုးသားများထက် များပြားနေသည်။

အမျိုးသမီးများပြားနေသည့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရန်ကုန်တိုင်းဒေသကြီး၌ အမျိုးသားသုံးသန်းငါးသိန်းကျော်ရှိပြီး အမျိုးသမီး သုံးသန်းရှစ်သိန်းကျော်ရှိကာ အမျိုးသမီးဦးရေမှာ သုံးသိန်းကျော်များပြားနေခြင်းဖြစ်သည်။

ဒုတိယအများဆုံးမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး အမျိုးသမီး သုံးသန်းနှစ်သိန်းကျော်၊ အမျိုးသား နှစ်သန်းကိုးသိန်းကျော်ရှိကာ တစ်သန်းနီးပါးခန့် ကွာဟနေခြင်းဖြစ်သည်။ တတိယအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး အမျိုးသားသုံးသန်း၊ အမျိုးသမီးသုံးသန်း တစ်သိန်းကျော်ရှိပြီး တစ်သိန်းကျော်ကွာဟနေသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အမျိုးသမီး လူဦးရေများပြားနေပြီး အမျိုးသားများထက် သိန်းဂဏန်းဖြင့် ကွာဟနေသည်များရှိသလို ရာဂဏန်းခန့်ကွာဟနေသည်များလည်းရှိသည်။ မြန်မာနိုင်ငံ၏ ကျား/မ အချိုးဖြင့် တွက်ချက်ပါက အမျိုးသမီး ၁၀၀ ဦးလျှင် အမျိုးသား ၉၃ ဦးခန့်သာရှိသည်။

သန်းခေါင်စာရင်းမကောက်ယူမီ ယာယီရှေ့ပြေးကောက်ယူသည့် သန်းခေါင်စာရင်းတွင်လည်း အမျိုးသမီးလူဦးရေသည် အမျိုးသားဦးရေထက်များသည်။ အဆိုပါယာယီသန်းခေါင်စာရင်းတွင် အိမ်ထောင်မကျသေးသော အမျိုးသမီးက များပြားနေပြီး အမျိုးသားအိမ်ထောင်မရှိမှာ အမျိုးသမီးများထက်နည်းကြောင်း ယခင်က သတင်းထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်လိုက်သည့် သန်းခေါင်စာရင်းတွင် ကျား/မ ကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး ကျန်သည့် အသေးစိတ်အချက်အလက်များကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်ဖြစ်သည်။


7Day Daily

0 comments:

Post a Comment