Tuesday, August 26, 2014

မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးနှင့် အမေရိက အကျိုးစီးပွား (ပိုက်တင်)


အမေရိကန်တွေ ဟန်ဆောင်လို့ရတဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံနိုင်ငံရေးက ပဓာနကျတဲ့ အခန်းကဏ္ဍကို ရောက်နေပြီ ဆိုတာကို ဖုံးဖိထားဖို့ ကြိုးစားလို့လည်း မရတော့ပါဘူး။ သူတို့ရဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် မှားခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်ဆယ်တင်ဖို့ အသည်းအသန် ကြိုးစားနေရပြီ ဆိုတာလည်း မြန်မာနိုင်ငံရေး နယ်ပယ်က Stakeholder တွေ အားလုံးနဲ့ မြန်မာလူထု တစ်ရပ်လုံးက သတိထားမိဖို့ လိုအပ်လာတဲ့ အနေအထားကို မီးမောင်းထိုးပြပါရစေ။တကယ်တော့ Superpower မို့လို့သာ အမေရိကန်တို့ အခြေအနေ ယိုင်နဲ့မသွားခြင်းသာ ဖြစ်ပြီးတော့ နှစ်ဆယ်ရာစု ကုန်ခါနီးကာလကစလို့ အမေရိကန် နိုင်ငံခြားရေးမူဝါဒဟာ မှားယွင်းခဲ့တဲ့အကြောင်း အမေရိကန်တို့ ပြန်လည်သုံးသပ် သိရှိတဲ့အချိန်ကို အခုအခါ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော် ကာလအတွင်းမှာ အမေရိကန်ရဲ့ Carrot and Stick မူဝါဒက မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့ပြီး မြန်မာလူထုရဲ့ လူမှုဘဝဟာလည်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ရပါတယ်။ စစ်အစိုးရကို အရေးယူပိတ်ဆို့ခဲ့တဲ့ မူဝါဒဟာ အမေရိကန်ရဲ့ အာဏာရှင်နိုင်ငံများဆီ ဒီမိုကရေစီကို သွင်းကုန်သဖွယ် ပို့ဖို့ ချမှတ်တဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းက အာရပ်နွေဦးဟာလည်း ဒီမိုကရေစီ မျှော်လင့်ချက်များ လင်းလက်သလို ရှိခဲ့ပေမယ့် အခုအခါမှာတော့ ရှိရင်းစွဲ အနေအထားများထက်ပင် ပိုမိုဆိုးရွားသော စိန်ခေါ်မှုများကို ခဲရာခဲဆစ် ရင်ဆိုင်နေရတာ တွေ့ရတာကြောင့် အမေရိကန်တို့အနေနဲ့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ မဖြစ်မနေ စဉ်းစားရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရခြင်းပါ။ (အီဂျစ်မှာ မော်စီအစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရပြီးတဲ့နောက် တိုင်းပြည်ထူထောင်နိုင်စွမ်း မရှိဘဲ စစ်တပ်က နောက်ဆုံး တာဝန်ယူလိုက်ရခြင်း၊ လစ်ဗျားနဲ့ အီရတ်မှာ ဒီမိုကရေစီ ယိုယွင်းခြင်းနဲ့ ဆီးရီးယားရဲ့ အာဆတ်ကို ဖြုတ်ချရေး အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းတို့ကို နက်နက်နဲနဲ စဉ်းစား သုံးသပ်ကြည့်နိုင်ကြမယ် ဆိုရင် အခုအခါမှာ အမေရိကန်တွေ ဘယ်လိုဘယ်ပုံ နိုင်ငံခြားရေး မူဝါဒသစ်တွေ ရေးဆွဲချမှတ်နေမလဲဆိုတာ ကောင်းကောင်းကြီး မှန်းဆနိုင်မှာပါ။ အသေးစိတ်တွေကိုတော့ ချဲ့ကား ဖော်ပြမနေလိုတော့ပါဘူး။ 

Democracy Import Policy ဟာ ရေခံမြေခံကို ထည့်မစဉ်းစားခဲ့ခြင်းကြောင့် အကြီးအကျယ် အရေးနိမ့်ခဲ့ရတယ် ဆိုတာ အမေရိကန်တို့ သေသေချာချာ နားလည် သဘောပေါက်ခဲ့ပြီလို့ ဆိုရမှာပါ။) ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ တရုတ်၊ ဗီယက်နမ်စတဲ့ ကွန်မြူနစ်နိုင်ငံများရဲ့ စီးပွားဖြစ်ထွန်းမှု စတာတွေကလည်း အမေရိကန်ရဲ့ မူဝါဒ ပြင်ဆင်ရေးကို ကောင်းကောင်းကြီး ဖိအားပေးသလို ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီ ဖြစ်ထွန်းရေး တည်တံ့ခိုင်မာရေးအတွက် ကောင်းမွန်တဲ့ ရေခံမြေခံကို မဖြစ်မနေ တည်ဆောက်ရေးဟာ ဒီမိုကရေစီကို သွင်းကုန်သဖွယ် သွတ်သွင်းရေးထက် အရေးပိုကြီးကြောင်း အမေရိကန်တို့ လက်ခံသွားကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် နှစ် နှစ်ဆယ်ကျော်လောက် ပိတ်ဆို့ထားပြီး အတိုက်အခံတို့အပေါ် ပုံအောယုံကြည် ကူညီပံ့ပိုးခဲ့တဲ့ မူဝါဒဟာ သဲထဲရေသွန် ဖြစ်ခဲ့ရတယ် ဆိုတာလည်း သူတို့ ရိပ်စားမိတဲ့နောက်ပိုင်း မူဝါဒ အပြောင်းအလဲ လုပ်ခဲ့ပြီး ဟီလာရီနဲ့ အိုဘားမားတို့ ရှေ့ဆင့်နောက်ဆင့် မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အာရှပစိဖိတ်ဒေသမှာ ရေခံမြေခံအရရော ပထဝီနိုင်ငံရေးအရပါ မြန်မာနိုင်ငံရဲ့ အရေးပါမှုကို အလေးအနက်ထားကြောင်း မြန်မာအစိုးရ သိသိသာသာကြီး မရိပ်မိစေဖို့ သိုသိုသိပ်သိပ် ဖုံးဖုံးဖိဖိဖြစ်အောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ခရီးစဉ်ကတော့ အမေရိကန်တွေရဲ့ ဟန်ဆောင်ဖုံးဖိနိုင်စွမ်း မရှိတော့တဲ့ အနေအထားကို ထင်ထင်ရှားရှားကြီး ဖော်ပြနေတယ်ဆိုတာ သေသေချာချာ လေ့လာသုံးသပ် နားလည်သဘောပေါက်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ အိုဘားမား ကိုယ်တိုင်လည်း ရောက်လာကောင်း ရောက်လာနိုင်တယ်လို့ သိရပါတယ်။

အတိုက်အခံ နိုင်ငံရေးသမားများ၊ အာဏာရပါတီနဲ့ တပ်မတော်တို့ အနေနဲ့ အခုပြောင်းလဲလာတဲ့ အခြေအနေသစ်နဲ့ လိုက်လျောညီထွေ လုပ်ဆောင်နိုင်ဖို့ တိုက်တွန်းလိုရင်းလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့ရေးမူကြောင့် တိုင်းပြည်ချွတ်ခြုံကျရေး ထိထိရောက်ရောက် ဖြစ်ခဲ့သလိုပဲ အခု သူတို့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် မြန်မာနိုင်ငံ အရေးပါမှုကြောင့် မြန်မာနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အားသွန်ခွန်စိုက် ကူညီပြီး တွန်းအားပေးရေး မူဝါဒသစ်ကို ပြောင်ပြောင်တင်းတင်း ပြောင်းလဲကျင့်သုံးလိုက်ခြင်းဟာလည်း တိုင်းပြည်ထူထောင်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေမှာမုချပါ။ ဒါပေမဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့ လိုက်လျောညီထွေရှိတဲ့ မူဝါဒသစ်များ ချမှတ်လုပ်ဆောင်ကြဖို့ (တပ်မတော် အပါအဝင်) နိုင်ငံရေးအင်အားစုက မဖြစ်မနေ ကြိုးပမ်းကြဖို့ လိုအပ်ပါမယ်။

တပ်မတော်အပေါ် အမေရိကန် သဘောထားကလည်း ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ အမေရိကန်စစ်ဘက် အဆင့်မြင့်အရာရှိကြီး တစ်ယောက်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ကျပြီ ဖြစ်ကြောင်း အဲဒီအရာရှိကြီးက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ တပ်မတော်အနေနဲ့လည်း နိုင်ငံရေး ဖြစ်စဉ်ကြီး အခုထက် မြန်ဆန်ဖို့နဲ့ ခိုင်မာဖို့ကို နည်းစုံလမ်းစုံ မီးကုန်ယမ်းကုန် ဆောင်ရွက်ရမယ့် အချိန်ကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူ သွေးစည်းညီညွတ်မှု ရပြီး ခိုင်မာတဲ့ အနာဂတ်ကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ရေး မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ အာဏာရပါတီ (အစိုးရ) အနေနဲ့လည်း နိုင်ငံရေး၊ စီးပွားရေးကို ပြန်လည်တည်ဆောက်ရာမှာ အခုထက် ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိအောင် လုပ်နိုင်လေ အမေရိကန်ရဲ့ယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုများလည်း တိုးပြီးရလေ၊ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေး၊ တပ်မတော်နဲ့ အစိုးရတို့အပေါ် လူထုယုံကြည်မှုနဲ့ ထောက်ခံမှုနဲ့ ယုံကြည်မှုလည်း တိုးပွားလေ ဖြစ်မယ်ဆိုတာ ထောက်ပြလိုပါတယ်။ ဂျွန်ကယ်ရီ ခရီးစဉ်နောက်ပိုင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်ကြီး သိသိသာသာ တိုးတက်ဖြစ်ထွန်းမှုဟာ အလွန်ကောင်းမွန်တဲ့ အလားအလာများကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ သမ္မတအနေနဲ့ ဖက်ဒရယ်ကို သဘောတူညီလိုက်ခြင်းနဲ့ တိုင်းရင်းသားတို့ဘက်ကလည်း တို့တာဝန် အရေးသုံးပါးကို လက်ခံလိုက်ခြင်းဟာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အရေးပါလှတဲ့ တိုးတက်မှု ဖြစ်သလို အမေရိကန်တို့ရဲ့ ယုံကြည်ထောက်ခံမှု တိုးပွားဖို့ကိုလည်း တိုက်ရိုက်သက်ရောက်မှု ရှိပါလိမ့်မယ်။ ရလဒ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာသော ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတော်သစ် အမြန်ဆုံး ပေါ်ပေါက်လာမှာ မုချဖြစ်ပါတယ်။

အမေရိကန်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်ကြီး အောင်မြင်ဖြစ်ထွန်းဖို့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် မဖြစ်မနေ ပံ့ပိုးကူညီတော့မှာ ဖြစ်ပါတယ်။ အတိတ်က ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်ကောင်းမွန်ရေး ထိခိုက်နစ်နာခဲ့သမျှ ကာမိတဲ့အထိ ကူညီဖို့ ပိုင်းဖြတ်ထားပုံရပြီး ဒီအခွင့်အရေးကို မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ နိုင်ငံသားတိုင်းက ထဲထဲဝင်ဝင် လေ့လာသိရှိ နားလည်အောင် ကြိုးပမ်းပြီး အမေရိကန်ရဲ့ အင်အားကြီးမားလှတဲ့ ဘက်စုံပါဝါကြီးကို တိုင်းပြည်အကျိုးအတွက် ထိရောက်တဲ့ အထောက်အပံ့ ဖြစ်စေဖို့ တတ်စွမ်းတဲ့ဘက်က ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါရစေ။

(အမေရိကန်နဲ့ပေါင်းရင် ပေါင်းတဲ့တိုင်းပြည် ချမ်းသာကြွယ်ဝတဲ့ သဘောလည်း ရှိပါတယ်။)

အတိုက်အခံ အင်အားစု အားလုံးအနေနဲ့လည်း မူဝါဒများကို ရဲရဲသုံးသပ် ရဲရဲပြင်ဆင်တဲ့ အလုပ်ကို လုပ်နိုင်မယ် ဆိုပါက သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများရော ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ လူထုရဲ့ လူမှုဘဝ တစ်ခုလုံး တိုးတက် ကောင်းမွန်စေရေးကိုပါ ကြီးစွာသော အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။

အမေရိကန်တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်နဲ့ လိုက်လျောညီထွေ ရှိမယ့် မဟာဗျူဟာများ ချမှတ် ဆောင်ရွက်နိုင်ကြမယ် ဆိုရင် တိုင်းပြည်နဲ့ လူထုဟာ သားရွှေအိုးထမ်းမယ့်ကိန်းကို အမှန်တကယ် အမြန်ဆုံး ဆိုက်မယ်ဆိုတာ မီးမောင်းထိုးပြလိုပါတယ်။ မူဝါဒတစ်ရပ်ကို အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေ မရှိဘဲ ချမှတ် လုပ်ကိုင်နေကြမယ်ဆိုရင် မိမိတို့ မူလရည်မှန်းချက် ဖြစ်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ထဲထဲဝင်ဝင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိရုံသာမက နိုင်ငံတော်သစ် တည်ဆောက်ရေးကို နှောက်ယှက်ဟန့်တားရာ ရောက်နိုင်ပါကြောင်း တပ်မတော် အပါအဝင် နိုင်ငံရေးနယ်ပယ် တစ်ခုလုံးမှာ တစ်နည်းမဟုတ် တစ်နည်း ပါဝင်ကြိုးပမ်းနေသူ အပေါင်းကို မေတ္တာရပ်ခံ တိုက်တွန်းပါရစေ။

The Voice Weekly

0 comments:

Post a Comment