Thursday, August 28, 2014

အူရီးဒူးကုမ္ပဏီအတွက် တာဝါတိုင်ဆောက်ပေးသည့် လုပ်ငန်းများ လုပ်အားခမရသေး


ဆက်သွယ်ရေးအော်ပရေတာလေးခုထဲတွင် ပထမဆုံးဆင်းကဒ်ထုတ်ရောင်းခဲ့သော အူရီးဒူးကတ်တွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)

ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အူရီးဒူးအတွက် တာဝါတိုင်များ တည်ဆောက်ပေးခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများက ၎င်းတို့ ကုန်ကျစရိတ်စိုက်ထုတ် ပေးထားသည့် ငွေကြေးများပြန် လည်မရရှိပါက တရားစွဲရန် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။အူရီးဒူးအနေဖြင့် တာဝါ တိုင်တည်ဆောက်ရန် ဆော်ဒီ အာရေဗျအခြေစိုက် Zarmil Tele Infra ကုမ္ပဏီအားလွှဲပြောင်း ပေးထားခြင်းဖြစ်ပြီး ယခုကုန်ကျစရိတ်များကို အဆိုပါ ကုမ္ပဏီကပေး ချေရန်ရက်ချိန်းများ မကြာခဏ ပေးပြီး ငွေမပေးချေသေးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ပိုက်ဆံနဲ့ စိုက်ထုတ်ပြီး တာဝါတိုင်ကိုပြီးတဲ့ အထိ လုပ်ပေးခဲ့တယ်။ အခု ဆင်းမ်ကတ်တွေတောင်စသုံးနေ ပြီ။ ပိုက်ဆံက ကုန်ကျစရိတ်ရဲ့ ထက်ဝက်ကျော်ပဲရသေးတယ်။ နောက်ထပ်ပေးဖို့ကို ရက်ချိန်း တွေပဲ ခဏခဏပေးနေတယ်။ မရဘူးဆိုရင်တော့ တရားစွဲဖို့ ဆက်လုပ်သွားရမှာပဲ’’ဟု စန္ဒာ မြိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော် စည်သူအောင်က ပြောသည်။

တာဝါတိုင်တည်ဆောက် ပြီး ကုန်ကျစရိတ်ပြန်လည်မရ သေးသော ကုမ္ပဏီရှစ်ခုရှိကာ တာဝါတိုင် တစ်ခုလျှင် ကျပ်သိန်း ၂၀၀ ခန့်ကုန်ကျပြီး ကုမ္ပဏီအားလုံးပေါင်းလျှင် ငွေကျပ်သိန်းနှစ်ထောင်ခန့် Zarmil ကုမ္ပဏီထံမှ ရရှိရန် ကျန်နေသေးကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။

‘‘တိုင်ကသာပြီးသွားတယ်။ ပိုက်ဆံက အပြည့်မရသေးဘူး။ ကျွန်တော်ဆိုရင် ပိုက်ဆံရဖို့ အတွက် မကွေးကနေ ရန်ကုန်ကို လာရတာ။ အခါနှစ်ဆယ်ကျော် နေပြီ။ အခုလည်း ဒီလမကုန်ခင် ပေးမယ်ပြောပြီး နောက်လ ၂ ရက်နေ့ဖြစ်သွားပြန်ပြီ။ အဲဒီနေ့ကို နောက်ဆုံးထားပြီး စောင့်ကြည့် သွားမယ်’’ဟု ကောင်းစည်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက် တာ ဦးဝင်းလွင်ဦးက ပြောသည်။

တာဝါတိုင်တည်ဆောက် ရန် အဆိုပါကုမ္ပဏီနှင့် စာချုပ်ချုပ်ရာတွင် တာဝါတိုင်ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းကို ခုနစ်ရက်အ တွင်းပေးမည်ဟုဆိုသော်လည်း တစ်လနေမှရရှိကာ နောက်ပိုင်းအရစ်ကျကုန်ကျစရိတ်များကိုလည်း ရက်ချိန်းများမကြာခဏပေးခဲ့ပြီး လက်ရှိအချိန်ထိ တာဝါတိုင်ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်း ကျော်ကိုသာရရှိသေးကြောင်း သိရ သည်။

ကုန်ကျစရိတ် ပြန်လည်မရ ရှိသေးသည့် ဆောက်လုပ်ရေး ကုမ္ပဏီများမှာ ကောင်းစည်ဟိန်း၊ စန္ဒာမြိုင်၊ ဧရာရွှေလင်း၊ တိုးဓန၊ လင်းကမ္ဘာ၊ မောင်ဖြူနှင့်သားများ၊ Energy World နှင့် Smile တို့ ဖြစ်ပြီး အခြားကုမ္ပဏီများကိုလည်း ပေးရန်ကျန်ရှိနေကြောင်း အဆိုပါကုမ္ပဏီများထံမှ သတင်းရရှိသည်။

တာဝါတိုင်တည်ဆောက် သော ကုန်ကျစရိတ်၏ ၅၀ရာခိုင် နှုန်းကျော် ကျန်သောငွေများကို စက်တင်ဘာလဆန်းပိုင်းအတွင်း ပေးချေသွားမည်ဖြစ်ကြောင်း Zarmil Infraကုမ္ပဏီ၏ မြန်မာရုံးခွဲမှ ဒါရိုက်တာMr.YushwantSingh က ပြန်လည်ဖြေကြားခဲ့သည်။

‘‘ဒီကိစ္စကိုဖြေရှင်းပေးဖို့အ တွက် ဘယ်မြို့နယ်ဆိုတာကို အ သေးစိတ်အချက်အလက်တွေကို စနစ်တကျနဲ့ ပြောပြဖို့လိုပါတယ်။ အဲဒါကိုသေချာစုံစမ်းပြီးမှ ဖြေရှင်း ပေးလို့ရမှာပါ’’ဟု အူရီးဒူးမြန်မာ ၏ ပြန်ကြားရေးနှင့်ပြည်သူဆက် ဆံရေးတာဝန်ခံဒေါ်သီရိကြာညို ကပြောသည်။

အူရီးဒူးအနေဖြင့်တာဝါတိုင် တည်ဆောက်ရေးလုပ်ငန်းများအ တွက် မြန်မာတာဝါတိုင်ဆောက် လုပ်ရေးကုမ္ပဏီ(MTC)နှင့် Pan Asiaကုမ္ပဏီနှစ်ခုကိုသာတရား ၀င်ခန့်အပ်ထားပြီးယခုတာဝါ တိုင်ဖိုးပေးရန်ကျန်သည့် Zarmil Infraကုမ္ပဏီမှာMTCမှတစ်ဆင့် ပြန်၍ လုပ်ကိုင်ခွင့်ပေးထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သ တင်းရရှိသည်။


7Day Daily

0 comments:

Post a Comment