Thursday, August 28, 2014

ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင် တန်း အ မှတ် စဉ် (၁) သင် တန်း ဆင်းပွဲ အခမ်းအနား၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် " မိန့်ခွန်း"


တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ ညှိ့နှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်း ဒေသကြီး မြို့တော်ဝန် ဦးလှမြင့် ၊ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ နိုင်ငံခြား စစ်သံရုံး များမှ စစ်သံမှူးများနှင့် တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆင်း ဘွဲ့ရ အမျိုး သမီး ဗိုလ်လောင်းများနှင့် မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေး သည်။ ထို့နောက် ဗိုလ်လောင်း တပ်ခွဲများ၏ အနှေးလျှောက်၊အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ်(၈၂) ဗိုလ်လောင်း လေးနွယ်ထွန်းအား ဆုပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်း အမျိုးသမီး ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်သည့် နေရာတွင် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင်သည့် နေရာတွင် ရဲဘော် တို့၏ အတတ်ပညာနှင့် စွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်တော့မည် ဖြစ်သည့် အတွက် နိုင်ငံ တော်နှင့် တပ်မတော် အတွက် အားသစ်လောင်းသည့် နေ့တစ်နေ့ ဖြစ်ကြောင်း၊တပ်မတော်၏ သမိုင်းစဉ် တစ်လျှောက်တွင် ပထမဦးဆုံးသော ဗိုလ်သင်တန်းကျောင်းဆင်း ဘွဲ့ရအမျိုးသမီး အရာရှိများ အဖြစ် တာဝန်ထမ်းဆောင် ရတော့ မည့် ရဲဘော်တို့ အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် ဆိုလျှင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း၊ နိုင်ငံ၏ တည်ရှိမှု အနေအထားနှင့် သဘာဝ သယံဇာတများ ဘယ် လောက်ပင် ကောင်းမွန် ပြည့်စုံပါစေ ၎င်းတို့ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချမည့် လူသား အရင်း အမြစ် မရှိလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးသည် နောက်ကျ ကျန်ခဲ့မည်ပင် ဖြစ်ကြောင်း၊

အလားတူပင် တပ်မတော် အနေဖြင့်လည်း အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် အဖြစ် တည်ဆောက်သည့် နေရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခြင်းကြောင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်တိုးတက် မြင့်မားလာရန် ဆောင်ရွက်ပေးလျှက် ရှိကြောင်း။

ယနေ့ခေတ် ကမ္ဘာကြီး၏ အခြေအနေကို လေ့လာ ကြည့်လျှင်လည်း နိုင်ငံ အများအပြားတွင် အမျိုးသမီး များသည် အမျိုးသားများနှင့် တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်ကိုင် နေကြကြောင်း၊ အချို့နိုင်ငံများတွင် နိုင်ငံ အကြီးအကဲ တာဝန် ထမ်းဆောင်နိုင်သည် အထိ အမျိုးသမီး များ၏ စွမ်း ဆောင်ရည် မြင့်မားလာသည်ကို ရဲဘော်တို့ အသိပင် ဖြစ်ကြောင်း။

နိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် တပ်မတော်သည် အတိတ်ကာလက ပေးသည့် သမိုင်းသင်ခန်းစာနှင့် မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူ ပြည်သူကြားက ပေါက်ဖွား လာခဲ့သည့် တပ်မတော် ဖြစ်ကြောင်း၊တပ်မတော် ပေါ်ထွန်းလာပြီး နိုင်ငံတော် အတွက် လွတ်လပ်ရေး ရအောင် ကြိုးပမ်း ပေးနိုင်ခဲ့သကဲ့သို့ နိုင်ငံတော် အတွက် အရေး ကြုံသည့် အခါတိုင်းတွင်လည်း တပ်မတော်ကပင် ဝင်ရောက် စောင့်ရှောက် ပေးခဲ့ရခြင်းကို ရဲဘော်တို့ အားလုံး အသိပင် ဖြစ်ကြောင်း။

ထိုအစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် တပ်မတော်၏ သမိုင်းကြောင်း တစ်လျှောက်တွင် မြန်မာ အမျိုးသမီး များ၏ ထူးချွန်ပြောင်မြောက်သည့် ကြိုးပမ်းဆောင်ရွက်မှု အချို့လည်း ပါရှိခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်သည့် ကာလတွင်လည်း မြန်မာ အမျိုးသမီး အချို့သည် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်း ခဲ့ကြကြောင်း၊မိမိတို့ နိုင်ငံတွင် ၁၉၅၄ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးအတွက် အမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး ထူးချွန် ပြောင်မြောက်ခဲ့သည့် အမျိုးသမီး စစ်မှုထမ်း များစွာလည်း ပေါ်ပေါက်ခဲ့ကြောင်း။

တပ်မတော်၏ လုပ်ငန်း တာဝန်များအဖြစ် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန် နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်း တာဝန်ဆိုပြီး ချမှတ်ပြဌာန်း ပေးထားပြီး ဖြစ်ကြောင်း၊ ထိုအထဲကမှ အခြေခံအကျဆုံး တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ပင် ဖြစ်ကြောင်း၊နိုင်ငံတော် ကာကွယ်ရေး ဆိုသည့် နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန်သာ ဖြစ်သော်လည်း ယနေ့ခေတ် အချိန် ကာလတွင် စစ်ရေး နည်းလမ်းသာမက နိုင်ငံရေး အရ ထိုးနှက်မှု၊စီးပွားရေး အရ ထိုးနှက်မှု၊ ယဉ်ကျေးမှု အရ ထိုးနှက် တိုက်ခိုက်မှု စသည့် အန္တရာယ် တွေကိုပါ ကာကွယ်နိုင်အောင် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရင်း တစ်ဖက်တွင်လည်း လေ့ကျင့်ရေး တာဝန်ကို ထမ်းဆောင်သွားကြရမည် ဖြစ်ကြောင်း။

တပ်မတော်၏ နောက်ထပ် အဓိက လုပ်ငန်း တာဝန်ကြီး တစ်ခုကတော့ ပြည်သူ့အကျိုးပြု လုပ်ငန်း တာဝန်ပင် ဖြစ်ကြောင်း၊တပ်မတော်သည် နိုင်ငံတော်တွင် အရေးကြုံလာသည့် အခါတိုင်း ရှေ့တန်းက အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခဲ့သည့် အချိန် တွင်လည်း တပ်မတော်သားတွေကသာ အရင်ဆုံး ရောက်ရှိကူညီ ခဲ့ကြခြင်း ဖြစ်ကြောင်း၊၎င်းသည် တပ်မတော်၏ အလွန်မွန်မြတ်သည့် ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်ကို ထမ်းဆောင်နေခြင်းပင် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင်လည်း တပ်မတော်သည် နိုင်ငံတစ်ဝန်း သွားလာမှု ခက်ခဲသည့် နေရာ များ အထိ ရောက်ရှိပြီး ဆေးကုသမှုများ အပါအဝင် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်များကို ထမ်းဆောင်ပေးလျှက် ရှိကြောင်း၊ထို့ကြောင့် မိမိရောက်ရှိ တာဝန် ထမ်းဆောင်သည့် နယ်မြေဒေသက ပြည်သူ့ အကျိုးပြု လုပ်ငန်းများတွင် တတ်အားသမျှ ပါဝင် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အရေးကြီးဆုံးမှာ လုပ်ငန်းကျွမ်းကျင်မှု၊အတတ်ပညာပိုင်း ဆိုင်ရာ တတ် ကျွမ်းမှုနှင့် စစ်စည်းကမ်း လိုက်နာပြီး အမိန့်နာခံမှု ရှိရေးတို့ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်မှု ပညာနှင့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို သေချာစွာ လေ့လာမှတ်သားပြီး စနစ်တကျ လိုက်နာ ကျင့်ကြံ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။

တပ်မတော်သည် အဓိက လုပ်ငန်းတာဝန်ကြီး ၃ ရပ်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တာဝန်သည်လည်း တပ်မတော်၏ အဓိကတာဝန်ပင် ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ(၂၀) မှာ “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”ဟု အတိအလင်း ဖေါ်ပြထားပြီး ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမည်ပင် ဖြစ်ကြောင်း၊

၂၀၀၈ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့စဉ်က အခြေခံမူ ၁၀၄ ချက် ချမှတ်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အသိပညာရှင် အတတ်ပညာရှင်များ စုပေါင်းပြီး စနစ်တကျ အချိန် ယူ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အတွက် စနစ်တကျ ရေးဆွဲထားသည် ဖြစ်သကဲ့သို့ ပြည်ပ နိုင်ငံများ၏ ဒီမိုကရေစီကို ပုံတူ ကူးချခြင်း မဟုတ်ဘဲ ကိုယ့် နိုင်ငံ၏ ပထဝီ အနေအထား၊ရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း သမိုင်း အစဉ်အလာ တို့ကိုပါ ထည့်သွင်း စဉ်းစားပြီး စနစ်တကျ ရေးဆွဲ အတည်ပြုထားခြင်းလည်း ဖြစ်ကြောင်း၊

ပြည်သူလူထု၏ ဆန္ဒနှင့် အညီ ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော် အနေဖြင့် လေးစား လိုက်နာရမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကိုလည်း ကာကွယ် စောင့်ရှောက် သွားရ မည် ဖြစ်ကြောင်း။

ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်နိုင်ရန် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အလွန် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ခဲ့ရခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကို အပြည့်အဝ မတည် ဆောက်နိုင် ခြင်းက အဓိက အချက် တစ်ချက်အဖြစ် ပါဝင်နေသည်ကို အထင်အရှား တွေ့ရမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ကိုလိုနီ လက်အောက်ခံ ဘဝတွင် နယ်ချဲ့များ၏ သွေးခွဲ အုပ်ချုပ်မှု ကြောင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး စိတ်ဝမ်းကွဲခဲ့ရသည်မှာ အထင်အရှား ပင်ဖြစ် ကြောင်း၊ လွတ်လပ်ရေး ရပြီးသည့် အခါတွင် အတွေးအခေါ် အယူအဆ ကွဲပြားမှု အပေါ် အခြေခံပြီး လက်နက်ကိုင် သောင်းကျန်းမှု မျိုးစုံ ပေါ်ပေါက်လာခဲ့သည့် အတွက် မိမိတို့ တပ်မတော်သည် တိုင်းပြည် မပြိုကွဲရအောင် အသက်သွေးချွေး မြောက်များစွာ စတေးပြီး ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းသို့ ဆူပူ သောင်းကျန်းသူများသာ မရှိဘဲ တိုင်းပြည် တည်ငြိမ် အေးချမ်းနေမည် ဆိုလျှင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်နှင့် အာရုံစိုက် လုပ်ဆောင်နိုင်မည် ဖြစ်၍ မိမိတို့ နိုင်ငံသည် အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာမည်ပင် ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့ တပ်မတော်သည် အခု အချိန်တွင် နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုနှင့် အညီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေး လုပ်ငန်းများတွင် ဥပဒေ ဘောင် အတွင်းမှ တက်တက်ကြွကြွ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ စစ်ပွဲတစ်ခု ဖြစ်ပွားလာပြီးဆိုလျှင် ပထမ ဦးဆုံး ရင်ဆိုင်ကြရသည်မှာ တပ်မတော်သားများ ဖြစ်ကြောင်း၊ ထို့ကြောင့် မလိုအပ်ဘဲ စစ်ဖြစ်ပွား မှုကို အဖြစ်နိုင်ဆုံး မလိုလားသူများသည်လည်း တပ်မတော်သားများ ပင် ဖြစ်ကြောင်း၊ ပြည်တွင်းတွင် အကြောင်း အမျိုးမျိုးဖြင့် ဖြစ်ပွားခဲ့သော ပစ်ခတ် တိုက်ခိုက်မှုများတွင် မည်သည့်ဘက် ကပင် ထိခိုက်ကျဆုံးသည် ဖြစ်စေ မိမိတို့ တိုင်းရင်းသား ညီနောင်များသာ ဖြစ်၍ တိုင်းပြည် အတွက်လည်း အလွန်ပင် ထိခိုက် နစ်နာကြောင်း၊

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်အားများ၊ စွမ်းအားများ၊ အလဟဿ ထိခိုက် ဆုံးရှုံးရခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲဘော်တို့ အနေဖြင့်လည်း မိမိ ရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ပေးရမည် ဆိုသည်ကို သဘောပေါက် နားလည် ထားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိတို့ တပ်မတော် အနေဖြင့် ပိုင်နက်နယ်မြေကို တစ်လက်မမျှ အဆုံးရှုံး မခံနိုင်ဘဲ နိုင်ငံပိုင်နက် နယ်မြေကို လက်ရှိအတိုင်း စုစုစည်းစည်း တည်ရှိနေရန် အလေးထား ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားကြရမည် ဖြစ်ကြောင်း၊

ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စများကို ရောက်ရှိ တာဝန် ထမ်းဆောင်ရာ ဒေသတိုင်းတွင် အစဉ် အလေးထား ဆောင်ရွက် သွားကြ ရန်နှင့် ဒို့တာဝန် အရေးသုံးပါးကို အစဉ် ကာကွယ် ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော် ၏ အနာဂတ်ကာလတွင် အားကိုးထိုက်သည့် ခေါင်းဆောင်ငယ်များ ဖြစ်လာအောင် ကြိုးပမ်း ဆောင် ရွက် သွားကြရန် တို့အား တိုက်တွန်း မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

မြ၀တီ

0 comments:

Post a Comment