ချင်းမိုင်မြို့၊ ချိုင်ပရာကန် ရာဇ၀တ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒု-ရဲအရာရှိ ဒု-ဗိုလ်မှူးကြီး ချမ်နမ်ပွန်ပိုင်ဂျစ်ကို ၎င်း၏ ကားပေါ်၌ ခရီးသွားအိတ်ထဲတွင် ထည့်သွင်း ထားသော မူးယစ်ဆေးလုံးပေါင်း ၈၀၀,၀၀၀နှင့် ဆေးခဲ တစ်ကီလိုဂရမ်တို့နှင့်အတူ မဲခိုင်ခရိုင် စစ်ဆေးရေးစခန်းတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီး ရမိခဲ့သော မူးယစ်ဆေး၏ လက်ရှိကာလ တန်ဖိုးသည် ဘတ် ၁၆၄ သန်း ရှိသည်။မူးယစ်ဆေး အမြောက်အမြား ဖြတ်သန်း သယ်ဆောင် လာမည်ဟု သတင်းရရှိ သောကြောင့် စောင့်ဖမ်း ခဲ့ ခြင်းဖြစ်သည်ပြီး သယ်ဆောင် လာသည့် သတင်းရ ရှိသော ကားအမျိုးအစားသည် ချမ်နမ်ပွန်ပိုင် ဂျစ် မောင်းနှင် လာသော ကားအမျိုးအစား ဖြစ်သည်ဟု မေဆိုင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ၎င်း၏ ကားကို ရဲတပ်ဖွဲ့မှ ရှာဖွေမည်ဟု ပြောဆိုသော အခါတွင် ချမ်နမ်က အရေးတကြီး အစိုးရ ကိစ္စရှိသဖြင့် ရှာဖွေခြင်း မပြုရန် လုပ်ဖော် ကိုင်ဖက်များကို ပြောဆို ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဒု-ဗိုလ်မှူးကြီး ချမ်နမ်သည် ထိုင်းနိုင်ငံတွင် မူးယစ်ဂိုဏ်း ဖမ်းဆီးရာတွင် အထူးကျော်ကြားသော ရဲအရာရှိ များအနက် တစ်ဦး အပါအ၀င် ဖြစ်သည်။ ထူးချွန်သော ၎င်း၏ စွမ်းဆောင်မှု များကြောင့် မြန်မာနယ်စပ်တွင် မူးယစ်ဆေးများ ဖမ်းဆီးရန် ချင်းမိုင်၊ ချိုင်ပရာကန် ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသူ တစ်ဦး လည်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် ရဲအရာရှိ များအား မူးယစ်ဂိုဏ်းများ ဖမ်းဆီးပုံကိုလည်း သင်တန်းပို့ချ ပေးခဲ့သူ ဖြစ်သည်။
ချမ်နမ်သည် မူးယစ်ဆေးဝါး များကို တိုင်ယိုင်လူမျိုး မူးယစ်ဂိုဏ်းသို့ လွှဲပြောင်း သယ်ယူပေးရန် အတွက် ဘတ်ငွေ ခြောက်သန်း လက်ခံ ရယူခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုကဲ့သို့ လက်ခံရခြင်းသည် ၎င်းတွင် အကြွေး ဘတ်ကိုးသန်းခန့် တင်နေ၍ ဖြစ်ကြောင်း၊ ယင်း အကြွေးများသည် ရဲသမ၀ါယမမှ ချေးယူ ထားသော ငွေများနှင့် အိမ်နှစ်လုံး အတွက် လစဉ် ပေးနေရသည့် အရစ်ကျ အကြွေးငွေများ ဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းသည် မူးယစ်ဆေးများကို ဘန်ကောက်မြို့သို့ ပေးပို့ရန် မယ်ဆိုင်မြို့ တက်စကိုလိုတပ်စ်ဈေးမှ မူးယစ် ဆေးများ ရရှိခဲ့သည်ဟု ၀န်ခံခဲ့သည်။ လက်ရှိ အချိန်တွင် ချမ်နမ်ကို စစ်ဆေးရန်နှင့် ပါဝင်သူများကို ဖော်ထုတ် နိုင်ရန် ၎င်းအား ရာထူးမှ ယာယီ ရပ်ဆိုင်းခဲ့သည်ဟု ရဲတပ်ဖွဲ့ဒေသ အမှတ်(၂) ဒု-ရဲမှူးကြီး ဒမရွန်စပ် ကီတီ ပရာပတ်စ်က ပြောသည်။
Ref: Bangkok Post
Mizzima
0 comments:
Post a Comment