မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ခံတွင် သြဂုတ်လ ၂ ရက်နေ့က ရပ်နားထားသော သင်္ဘောအနီး ရေစုန်မျှောကာ ကပ်လာသည့် စက်လှေကို မသင်္ကာသဖြင့် စစ်ဆေးစဉ် လှေပေါ် ပါလာသူများက ကုန်းသီး (သံလုံး) များဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့သဖြင့် နယ်မြေ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်သည့် အနေနှင့် ဂရီနာ ၁၂ ဗို့ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။ယင်းနေ့ နံနက် ၂ နာရီ ၅၀ မိနစ်က ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ကမ်းတွင် ရပ်နားထားသည့် ပြည်ကြီးတံခွန် (၂) သင်္ဘောပေါ်တွင် အမှတ် (၇) နယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မြစ်ကြောင်းလုံခြုံရေး ဆောင်ရွက်နေစဉ် စက်လှေတစ်စီးသည် စက်ရပ်ပြီး ရေစုန်မျှောကာ သင်္ဘောသို့ ဆိုက်ကပ်လာသည့်အတွက် မသင်္ကာသဖြင့် မေးမြန်းရာမှ စက်လှေပေါ်တွင် ပါလာသည့် အမျိုးသား ခြောက်ဦးက သံလုံးများဖြင့် ပစ်ခတ်ရာမှ ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ မှတ်တမ်းများအရ ထပ်မံသိရသည်။
ယင်းသို့ ရဲတပ်ဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စက်လှေကို စက်နှိုးပြီး မြစ်၏ အနောက်တောင်ဘက်သို့ ထွက်ပြေးရာ စက်လှေဖြင့် လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရကြောင်း အဆိုပါ မှတ်တမ်းတွင် ဖော်ပြထားသည်။
မန္တလေးမြို့ ရှမ်းကလေးကျွန်း အနီးရှိ သဲသောင်ပြင်တွင် တံငါလုပ်ကိုင်သူ၊ တောင်ယာလုပ်ကိုင်သူများ အဖြစ် ဟန်ဆောင်နေထိုင်ပြီး ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ညပိုင်းအချိန် ကုန်တင်စက်လှေ၊ သင်္ဘောများရှိ ပစ္စည်းများကို ခိုးယူလေ့ရှိကြောင်း အဆိုပါ မြစ်ဆိပ်ရှိ ကုန်တင်ယာဉ် ပိုင်ရှင်များထံမှ သိရသည်။
“သင်္ဘောတွေပေါ်တက်ပြီး ပစ္စည်းယူ လုယက်မှုက ခဏခဏ ဖြစ်နေတယ်။ ရွှေကြက်ယက်နဲ့ မရမ်းခြံ ဆိပ်ကမ်းဘက်တွေမှာ ဆိုရင် တော်တော်ဆိုးတယ်။ ည ၂ နာရီလောက်ဆိုရင် လှေကို စက်တပ်ထားတဲ့ လှေနဲ့လာတယ်။ ကင်းအစောင့်သမားတွေ တစ်ယောက် နှစ်ယောက်ဆိုရင် ဂရုမစိုက်ဘူး။ ဟိုတစ်နေ့က ကင်းစောင့်သမား တစ်ယောက်ကို လေးခွနဲ့ပစ်တာ မျက်လုံးမှန်သွားတယ်။ သူတို့ပစ္စည်း ဝင်ယူတဲ့ သဘောမျိုးပါ။ အခုတော့ ရဲတွေ လုံခြုံရေး ချထားတယ်။ ပြန်ရောက်ရောက် လာကြတယ်” ဟု ဧရာဝတီမြစ် ထုံးဘိုဆိပ်ကမ်းရှိ စွမ်းကေကေ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး တာဝန်ရှိသူ ဦးသောင်းရွှေက ဆိုသည်။
အဆိုပါ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လူအုပ်စုတစ်ခုက ဓားပြဆန်ဆန် တုတ်၊ ဓား၊ လေးခွများဖြင့် ပစ္စည်းလုယူမှုများ ပြုလုပ်နေသူ ၁၈ ဦးကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီခန့်က ဖမ်းဆီးရမိထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်များအရ သိရသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် လုံခြုံရေးစိုးမိုးမှု ရှိစေရန်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ရေကြောင်းရဲတပ်ဖွဲ့ကို မန္တလေးမြို့တော်တွင် ဖွဲ့စည်းသွားမည် ဖြစ်သော်လည်း ရဲတပ်ဖွဲ့ကို နေပြည်တော်က လက်ရှိအချိန်ထိ ချထားပေးခြင်း မရှိသေးသဖြင့် မြို့နယ်နှင့် ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ဆိပ်ကမ်းလုံခြုံရေး ဆောင်ရွက်နေရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly
0 comments:
Post a Comment