Monday, August 18, 2014

ပရီးမီးယားလိဂ် ပွဲစဉ် သွင်းဂိုး ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မတင်ရန် ပရိသတ်များကို သတိပေး



ဘောလုံး ပရိသတ်များအနေဖြင့် သွင်းဂိုးများကို Vines ပေါ်တွင်တင်ကာ Twitter ကဲ့သို့သော ဝက်ဘ်ဆိုက်များထံ ဝေမျှခြင်းသည် တရားမဝင်ကြောင်း ပရီးမီးယားလိဂ်မှ သတိပေး ပြောကြားလိုက်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်က ကစားသမားများ၏ သွင်းဂိုးများကို ထောင်ပေါင်းများစွာ ဝေမျှမှု ပြုလုပ်ခဲ့ကြပြီးနောက် အဆိုပါ တရားမဝင် ရိုက်ကူးထားသည့် သွင်းဂိုး ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မတင်ရန် ပရီးမီးယားလိဂ်မှ သတိပေးခဲ့ခြင်း ဖြစ်သည်။Vine သည် Twitter မှ ပိုင်ဆိုင်သော နာမည်ကျော် ဗီဒီယိုဝေမျှသည့် ဝန်ဆောင်မှုတစ်ရပ် ဖြစ်သည်။ Vine ကို သုံးစွဲသူ ပရိသတ်များသည် ဘောလုံးပွဲများမှ ဖြစ်စဉ်များကို တရားမဝင် ရိုက်ကူးပြီး ဝေမျှကြသည်။ @FootballVines Twitter စာမျက်နှာ တစ်ခုတည်းပင်လျှင် follow ပြုလုပ်ထားသူ ၅၃၉,၀၀၀ ရှိသည်။ ပရိသတ်များသည် အဆိုပါ ဗီဒီယိုများ၏ အရည်အသွေးသည် ကောင်းမွန်ခြင်း မရှိသော်လည်း ပရိသတ်များအနေဖြင့် ကစားသမားများ၏ သွင်းဂိုးများကို အခမဲ့ ကြည့်ရှုနိုင်သည်။

သို့သော်လည်း ၂၀၁၄-၁၅ ပရီးမီးယားလိဂ် ဘောလုံးရာသီအစတွင် အဆိုပါ ဗီဒီယိုများကို တရားမဝင် ရိုက်ကူးခြင်းအား တားဆီးသွားမည် ဖြစ်ကြောင်း ပရီးမီးယားလိဂ်မှ ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်မှ ဆက်သွယ်ရေးဒါရိုက်တာ ဒန်ဂျွန်ဆန်က ကစားသမားများ၏ သွင်းဂိုး ဗီဒီယိုများကို Vines ပေါ်တွင် တင်ခြင်းသည် တရားမဝင်ကြောင်းနှင့် ၎င်းသည် မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ပရိသတ်တွေက ဗီဒီယို ရိုက်ကူးပြီး အွန်လိုင်းပေါ်ကနေ ဝေမျှတာဟာ ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါတယ်။ ဒါဟာ မူပိုင်ခွင့်ကို ချိုးဖောက်တာပါ။ ကျွန်တော်တို အနေနဲ့ ပရိသတ်တွေရဲ့ ဒီလို ဗီဒီယိုရိုက်တဲ့ အပြုအမူကို တားဆီးသွားမှာပါ။ Gif cralwers, Vine crawler တို့လို နည်းပညာတွေကို ဖန်တီးပြီး Twitter နဲ့အတူ ဒီလို လုပ်ဆောင်ချက်တွေကို တားဆီးသွားမှာပါ။ ဒီလိုပြုလုပ်တဲ့အတွက် ပရိသတ်တွေ စိတ်ပျက်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့ လိုပါတယ်” ဟု ဒန်ဂျွန်ဆန်က BBC ၏ Newsbeat အစီအစဉ်တွင် ပြောကြားခဲ့သည်။

ရုပ်သံကုမ္ပဏီများသည် ပရီးမီးယားလိဂ် ပွဲစဉ်များ ပြသခွင့် ရရှိရန်အတွက် ဒေါ်လာ သန်းချီ ပေးချေထားရသည်။ Sky Sport နှင့် BT Sport သည် ၎င်းတို့၏ ရုပ်သံကြည့်ရှုသူများထံသို့ ဘောလုံးပွဲ ပြသရန်အတွက် စတာလင်ပေါင် ၃ ဘီလီယံ ပေးချေထားရပြီး ဘောလုံးဗီဒီယိုဝေမျှသည့် ဝန်ဆောင်မှုများက ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ The Sun နှင့် The Times သည်လည်း အွန်လိုင်းမူပိုင်ခွင့် ရယူထားသောကြောင့် သွင်းဂိုး ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့နေမှုကို ဆက်လက် မြင်တွေ့ရန် ဆန္ဒမရှိကြောင်း သိရသည်။

Ref: TheGuardian

Internet Journal

0 comments:

Post a Comment