လက်မှတ်တစ်စောင်ဈေး ကျပ်ကိုးသိန်း ဖြင့်ကိုရီးယားတေးဂီတပွဲအပြီးမှာ အသံ အချို့ညံနေပါသည်။ လက်မှတ်တစ်စောင် ကျပ်ကိုးသိန်းဖြင့် ကြည့်ကြသူတို့ကို ဝေဖန် ကြသည်။ ရှုတ်ချကြသည်။ လူမှုကွန်ရက်မှာ အများစုက ရေးကြသည်မှာ ကိုးသိန်းနဲ့ကြည့် သူတွေ ဒီပိုက်ဆံတွေနဲ့ပဲ ကျောင်းမနေနိုင် တဲ့ကလေးတွေကိုကျောင်းထားပါလား... လူဘယ်နှယောက်လက်မှတ်ခဆိုရင် မူလ တန်းကျောင်း ဘယ်နှကျောင်းဆောက် လို့ရတယ်.. စသည်...။ တိုင်းပြည်က ငတ်နေရတဲ့အထဲ၊..ဒါဖြုန်းတာ..ကိုးသိန်း တတ်နိုင်လည်းမကြည့်ဘူး..စသည်... အကုန်ခံကြည့်သူတွေကို အံ့သြတယ်ဆိုတာ လည်းပါသည်။
ပိုက်ဆံမပေးနိုင်လို့ ကျောင်းထွက်ပြီး လယ်လုပ်နေရတဲ့ကလေးတွေကို ကိုယ်ချင်း စာပါလို့လည်းပါသည်။ တိုင်းပြည်ရဲ့အချို့ နေရာတွေမှာ စစ်ပွဲတွေရှိနေလို့ စစ်ဘေးဒုက္ခ သည်စခန်းကကလေးတွေ၊ လူကြီးတွေကို စာနာရင် ကိုးသိန်းနဲ့ ကေပေါ့ပ်မကြည့်သင့် ကြောင်းပေါ့။ အဲဒီလို အခြေအနေမျိုးတွေမှာ နိုင်ငံရေးစိတ်ရှိတဲ့သူတိုင်း ကိုယ့်ထမင်းကိုယ် ဖြောင့်ဖြောင့်မျိုမကျပါဘူးလို့လည်းပြောသည်။
ထမင်းတောင်မျိုမကျမှတော့ ကေပေါ့ပ် ပွဲရောကြည့်နိုင်ပါ့ဦးမလား ... လို့လည်း ပြောသည်။ နောက်ပြီးထုံးစံအတိုင်းပေါ့ ...စစ်တပ်တို့၊ ခရိုနီတို့နဲ့နီးစပ်သူတွေသာ ကြည့်ကြမှာဆိုတာလည်းပါသည်။ နိုင်ငံ ရေးစိတ်ရှိသူဆိုရင် ထိုကိုးသိန်းကို မျိုမကျ လို့လည်းပြောကြပေရာ...။ နိုင်ငံရေးနှင့် ချိန်မတွေးဘဲ ငွေကြေးနဲ့သာချိန်တွေးသူ တစ်ဦးကတော့ ရွှေတစ်ကျပ်ခွဲသားဖိုး ...မတန်ဘူးဟု ပြောသည်။ ဒါမျိုးတစ်လောကကြားခဲ့ဖူးပါသည် ...ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲကြီး အောင်မြင်စဉ်က ...တိုင်းပြည်ကငတ်နေတာ၊ ဒီလိုပွဲမျိုး လုပ်ရကောင်းလားစသည် ...။ ... အဲဒီလို လူတွေဟာ အချိန်မရွေး ခုလိုအာဏာရှင်က ဖဲ့ထုတ်တိုင်း ပဲ့ပဲ့ထွက်သွားမယ့် အင်အားတု တွေပါပဲတဲ့၊ ကိုးသိန်းလေးနဲ့ကေပေါ့ပ်လေး ကြည့်မိတာ ဟိုတစ်လောက မလေးရှား လေယာဉ်ကို ပရိုရပ်ရှားတွေ ပစ်ချတဲ့ လက်နက်နဲ့ထုတာကျနေတာပဲ။
မုဒိတာခန်းတာလား၊ မစဉ်းစားတတ် တာလား၊ အယူလွဲတာလား...တစ်ခုခု တော့ဖြစ်ပါလိမ့်မည်။ လုပ်နိုင်သူတွေလုပ် ပြီးကြည့်ချင်သူတွေ ကြည့်နိုင်သူတွေကြည့် ပါစေ...။ ကိုယ့်နိုင်ငံမှာ ဒါမျိုး လုပ်နိုင်တာ၊ ကျင်းပနိုင်တာလည်း လုပ်ပြချပြဖို့လိုပါ သည်။ ဒါလည်း နိုင်ငံတိုးတက်သာယာရေး ကို တစ်နည်းတစ်လမ်းဖော်ထုတ်တာပါပဲ ...။ မိမိတို့နိုင်ငံက နှစ်တွေအကြာကြီး ကမ္ဘာကြီးနှင့်အဆက်ပြတ်နေခဲ့တာ ခုမပြတ် ပါဘူးဆိုတာ ပြရပါမည်။ မိမိတို့ခေတ် နောက်မှာ မကျန်ခဲ့ပါဘူးဆိုတာလည်းပြရပါ မည်။ မိမိတို့တိုင်းပြည်ကြီး ဆင်းရဲသော နိုင်ငံထဲမှာပါနေသေးသော်လည်း တစ်ဦး ချင်းသုံးစွဲနိုင်မှုမှာတော့ အခြေအနေကောင်း ကြောင်းလည်း ပြသရာရောက်ပါသည်။
ပုတ်ခတ်သူတွေကို ပြန်လည်ချေပဖို့ ကျွန်မခု ဒီစာစုကိုရေးတာမဟုတ်ပါ။ စဉ်းစား ပုံစဉ်းစားနည်းလေးကိုပဲ ပြောချင်တာပါ။ တွေးပုံတွေးနည်းမှားနေတာတော့ အမှန်ပါ ပဲ။ လုပ်စရာရှိတာကိုသူ့ကဏ္ဍနှင့် သူလုပ် အပ်ပါသည်။ ဒီကဏ္ဍမှာ ဒါလုပ်နိုင်ရင်လုပ် ရမည်၊ ဟိုကဏ္ဍကမလုံခြုံလို့ ဒီကဏ္ဍလည်း မလုပ်ဘူးဆိုတာမျိုးက စစ်တို့၊ အရေးပေါ် အခြေအနေတို့မှသာ ဤသို့ကျင့်ကြံအပ် ပါသည်။ ခုကျွန်မတို့နိုင်ငံသည် ပြန်လည် ထူထောင်တယ်ပြောမလား၊ ပွင့်လန်းခါစ ပြောမလား...မြန်မာ့နွေဦးလို့ဆိုသည်။ ကဗျာဆရာတစ်ဦးကတော့ မြန်မာနိုင်ငံ ရှင်ပြုချိန်ဟု တင်စားသည်။ ခုလိုကာလမှာ လုပ်နိုင်သမျှလုပ်တတ်သရွေ့ ထုတ်ြ<ွကား သင့်သည်ဟုဆိုပါရစေ။
ကေပေါ့ပ်မကြည့်ဘဲ ကိုးသိန်းတွေစုပြီး မူလတန်းကျောင်းဆောက်ဖို့ဆိုတာက ...ဘာမှမဆိုင်တဲ့ကိစ္စပဲ။ ဆရာဝန်တစ် ယောက်ကို လူနာတွေဆင်းရဲလို့ဆင်းရဲသား လိုနေလို့ပြောရင်မှန်မလား...။ ခုဆို... ကျွန်မ ဘွဲ့လွန်တစ်ခု တက်နေပါသည်။... ခင်ဗျားဗျာဘွဲ့တွေ ထပ်ယူလို့ဘာထူးမှာလဲ၊ ကုန်မယ့်ပိုက်ဆံတွေနဲ့ ကျောင်းမနေနိုင် တဲ့ကလေးတစ်ယောက်ကို ကျောင်းထားပေး လိုက်ပါလို့ပြောရင်... မပြောကောင်းပါ။ မမှန်ပါဘူး။ ညနေချိန်မှာ ဈေးကြီးစား သောက်ဆိုင်တွေဆီလိုက်ပြီး စားသောက်နေ သူတွေကို ငတ်မွတ်နေတဲ့ကလေးတွေ အတွက် မျိုကျလားလို့လည်း မမေးကောင်း ပါဘူး။ ကေတီဗွီဆိုင်ထဲသွားပြီး အကုန်ခံ ဟစ်ဆိုနေသူဆီသွားပြီး ဘယ်အဆိုတော်ကြီး မကျန်းမာတာ ဆေးကုစရာမရှိလို့ ခင်ဗျား သီချင်း မဆိုသင့်ဘူး။ အဲဒီပိုက်ဆံတွေပေး လိုက်ပါလို့မပြောကောင်းပါဘူး...။
လောကကြီးမှာ ကိုယ်လုပ်စရာရှိတာ ကိုလုပ်နေကြပါသည်။ လွန်ခဲ့တဲ့နှစ်အချို့က ဒီဇင်ဘာလ ၂၆ ရက်နေ့ကြီး ဆူနာမီကိစ္စဖြစ် သည်။ ကမ္ဘာနဲ့တစ်ဝန်း ဝမ်းနည်းကြသည်။ ဒါပေမယ့် ရက်အနည်းငယ်မျှသာကွာသော ထိုနှစ်နယူးရီးယားပွဲတွေ လုပ်ခဲ့ကြတာပါပဲ။
နှစ်တစ်နှစ်ရဲ့ ကမ္ဘာ့ဖလားပွဲမှာတောင် ကိုယ့်နိုင်ငံမှာစစ်ဖြစ်နေပေမယ့် ထိုနိုင်ငံမှ လာရောက်ယှဉ်ပြိုင်သောဘောလုံးအသင်း ရှိနေတာပဲ။
မိမိတို့ရည်ရွယ်သင့်သည်က ပြည်သူတို့ အကြားအမြင်များရေးဖြစ်သည်။ ကမ္ဘာနှင့် ချီနာမည်ကြီးသော အနုပညာတွေကိုလည်း ခံစားနိုင်ရမည်။ မျက်စိတွေနားတွေပွင့်ဖို့လို ပါသည်။ ပိုမိုပွင့်လန်းလာသော မျက်စိနား များဖြင့် လိုအပ်နေတဲ့ထောင့်တွေဆီပါဝင်ဖို့၊ စာနာဖို့သာလိုရင်းပါ။ ဒါတောင်ကာယကံ ရှင် သဘောပါပဲ။ လူဆိုတာ ကိုယ့်ဘဝပုံစံ ကိုကိုယ့်စိတ်ကြိုက် တည်ဆောက်တတ်ကြ ပါသည်။ ကိုယ့်ခံစားမှုကို ကိုယ်ဦးစားပေး တတ်လို့လည်း ထိုသူတို့ကိုအပြစ် မမြင်သင့် ပါကြောင်း.....။
ယမန်နှစ် နိုင်ငံခြားတေးဂီတအဖွဲ့တစ်ဖွဲ့ ဖျော်ဖြေမှုမြင်ကွင်း။
ခင်ပန်နှင်း
The Union Daily
The Union Daily
0 comments:
Post a Comment