Monday, August 4, 2014

မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာပါ အချက်လေးချက် ပြင်ဆင်ပေးရန် NLD နှင့် တိုင်းရင်းသားပါတီများ ဘုံသဘောတူညီမှုရ


နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထည့်သွင်းခြင်း မရှိဘဲ ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာပါ အချက် (၄) ချက် ပြင်ဆင်ပေးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၀ ပါတီအကြား ဘုံသဘောတူညီချက် ရယူထားကြောင်း မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။
သြဂုတ်လ ၄ ရက်နေ့က ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် NLD ပါတီနှင့် တိုင်းရင်းသားပါတီ ၁၀ ပါတီ တွေ့ဆုံရာ၌ ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဓိကကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ရင် တစ်ယောက်တစ်ပေါက် ပြောနေတာထက် ပိုအဆင်ပြေအောင် ဘုံသဘောတူညီမှုတစ်ခု ယူလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တွေ့ဆုံရာတွင် စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)၊ ကယန်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီများ ပါဝင်ပြီး ဘုံသေဘာတူညီချက်များကို NLD ပါတီက ဦးဆောင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

မဲဆွယ်စည်းရုံးရာတွင် ကော်မရှင်ထံ ခွင့်ပြုချက်ယူရန်ဟု သတ်မှတ်ထားခြင်းကို အသိပေးရန်အဖြစ် ပြင်ဆင်ရန်၊ မီဒီယာများတွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ထည့်သွင်းရာတွင် လွတ်လပ်စွာ ထည့်သွင်းခွင့်ပြုရန် အပါအဝင် အချက်လေးချက်ကို ပြင်ဆင်ပေးရန် အဆိုပါ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် NLD ပါတီတို့က ပူးပေါင်း တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နိုင်ငံရေးပါတီများက တောင်းဆိုထားသည်များကို ထည့်သွင်းပြင်ဆင်ခြင်း မရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် (၁/၂၀၁၄) ကို မူလ ရေးဆွဲထားသည့်အတိုင်း ဇူလိုင်လ ပထမပတ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမည့် ရက်ကို ရက်ပေါင်း ၆၀ တိုးမြှင့်ရန်၊ စုဝေးဟောပြောခွင့် ၅ ရက် ကြိုအကြောင်းကြားရန်၊ မဲရုံအတွင်း ကိုယ်စားလှယ် နှစ်ဦး ဝင်ခွင့်ရှိရန် အချက်များကို ပြင်ဆင်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကတိပြုထားကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာကို ပြင်ဆင် ညှိနှိုင်းရန်အတွက် သြဂုတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) အပါအဝင် တိုင်းရင်းသားပါတီ ၁၁ ပါတီ တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment