Sunday, January 10, 2016

အာလူး စိုက်ပျိုးနည်း



နိဒါန်း
အာလူးကို သွားရေစာမုန့်မျိုးစုံ၊ အကြော်မျိုးစုံ၊ ဟင်းမျိုးစုံချက်စား၍လည်းကောင်း၊ ပုံစံမျိုးစုံ စားသောက် ကြသည်။ အာဟာရတန်ဖိုးမြင့်မားပြီးနှစ်စဉ်ဧက ၅၀,၀၀၀ ကျော် စိုက်ပျိုးလျက်ရှိသည်။
မြေပြုပြင်ခြင်း

အာလူးသည် ပွသောမြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းသည်။ တောင်ပေါ်မြေနီမြေပွ၊ သဲနှုန်းနှင့် ခဲပုပ်၊ သစ်ဆွေးမြေများတွင် ကောင်း
စွာဖြစ်ထွန်းသည်။ မြေဆီအာဟာရ စားသုံးမှုများပြားသော သီးနှံဖြစ်၍ မြေဆီ မြေကောင်း၌ စိုက်ရမည်။ အလွန်စေးသော မြေ၊အာဟာရနည်းသော သဲကျပ်ကျောက်ဖြုန်းမြေများကို ရှောင်သင့်သည်။ မိုးများ၍ မြေချဉ်ငန်ဓာတ်နိမ့်သောမြေတွင် ၅ ဒသမ ၅မှ ၆ ဒသမ ၅ ထိ ထိန်းထားရန် ထုံးထည့်ပေးရမည်။ ထယ်ထိုး၊ ထွန်မွှေခြင်းကို မြေညက်သည်အထိ ပြုလုပ်၍ ပေါင်းမြက်၊ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားရ ပါမည်။

မြေသြဇာထည့်သွင်းခြင်း

တစ်ဧကလျှင် သဘာဝမြေသြဇာ ၁၀ တန်မှ ၂၀ တန်ထိ မြေခံအဖြစ်ထည့်ပြီး ယူရီးယား နှစ်အိတ်၊ တီစူပါ သုံးအိတ်၊ ပိုတက်ရှ် နှစ်
အိတ်ထည့်ပါ။

မျိုးအာလူးရွေးချယ်ခြင်း

အပုပ်၊ အနာကင်းသော ရောဂါပိုးမွှားကင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ မျက်စေ့တိမ်၍ မျက်စေ့နည်းသောမျိုးကို စိုက်ရပါမည်။မျိုးကိုအေး၍ခြောက်သွေ့သောနေရာတွင် စနစ်တကျ သိုလှောင်ထားရပါမည်။ မျိုးအားလူးကို မှိုသတ်ဆေးစိမ်ပြီး အလုံးလိုက်စိုက်သင့်ပါသည်။ မျိုးအာလူး၁၀၀ ကီလိုကို ဟိုမိုင်း (Homai-80WP) ၂၀၀ ဂရမ်နှုန်း လူးနယ်၍ စိုက်ပါ။

မျိုးနှုန်း

အာလူးမျိုးများတွင် မျိုးနားချိန် နှစ်လမှ သုံးလခန့်ရှိသဖြင့် တူးဖော်ပြီးစ အာလူးများကို မျိုးအဖြစ် တိုက်ရိုက်စိုက်၍ မရပါ။ သို့ဖြစ်၍အမှောင်ခန်းထဲတွင် နှစ်လမှ သုံးလခန့် စနစ်တကျသိုလှောင်ထားပြီးမှ မျိုးအဖြစ် စိုက်သင့်ပါသည်။ တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ -

၁။ မိုးအာလူး(ယာမြေ) – ၅၀၀ ပိဿာ (မတ်၊ ဧပြီ)
၂။ ရေအာလူး(ဟဲဟိုး) – ၆၀၀ ပိဿာ (ဇန်န၀ါရီ၊ ဖောဖော်ဝါရီ)
၃။ ဆောင်းအာလူး(မြေပြန့်) – ၇၀၀ ပိဿာ (အောက်တိုဘာ၊ နိုဝင်ဘာ)စိုက်ပျိုးခြင်းတန်းကြား ၂ ဒသမ ၅ ပေဖြစ်စေရန်
ထယ်မြောင်းတိမ်တိမ်ပေး၍ ပင်ကြား ခြောက်လက်မမှ ကိုးလက်မထားပြီး တစ်ဧက အပင်ရေ ၂,၅၀၀ မှ ၃,၅၀၀ ၀င်အောင်စိုက်ပါ။

အပင်ပြုစုခြင်း

အပင်ပေါက်ပြီး ၁၄ ရက်ခန့်ကြာတွင် ကြားပေါင်းလိုက်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ဘောင်တင်ခြင်းများ ဆောင်ရွက်ပေးရမည်။လိုအပ်ပါက ပေါင်းထပ်မံ လိုက်ပေးရမည်။ မိုးအာလူး၊ စကအာလူး၊ ရေအာလူး၊ ဆောင်းအာလူး အားလုံးတွင် လုံလောက်သောအစိုဓာတ်ရမှ အပင်ပေါက်စုံပါမည်။အာလူးမျိုးမချမီ လုံလောက်သော အစိုဓာတ်ကို ထိန်း ထားပေးရပါမည်။ အပင်ကြီးထွားချိန်
တွင် မြေတွင်းအစိုဓာတ် ၆၀ ရာခိုင်နှုန်းထက် နည်းပါက ရေသွင်းခြင်း၊ ရေဖျန်းခြင်း ဆောင်ရွက်ပေးရမည်။ မိုးစိုက်အာလူးတွင်သက်တမ်းတစ် လျှောက်လုံး ပုံမှန်မိုးပါးပါး ရွာသွန်းရန် လိုပါသည်။

မိုးခေါင်ခြောက်သွေ့ပါက ရေသွင်းသင့်သည်။ ရေ၀ပ်ရေလျှံပါက ချက်ချင်းဖောက်ထုတ်ရမည်။ အာလူးတူးဖော်ခါနီးတွင်ရေဖြတ်ရန် လိုပါသည်။အစိုဓာတ်များပါက အာလူးများ ပုပ်သွားနိုင်သည်။ အာလူးကို မြေနေရာတစ်ခုတည်းတွင် နှစ်စဉ်ဆက်တိုက်စိုက်ခြင်းကို ရှောင်ကြဉ်သင့်သည်။မျိုးရင်းတူသည့် ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်များနှင့် သုံးနှစ်-ငါးနှစ်ခြားမှ စိုက်သင့်သည်။ ဘက်တီးရီးယားပင်ညှိုးရောဂါ၊ နှောင်းပင်နာကျရောဂါ၊ စောပင်နာကျရောဂါများ ကျရောက်ဖျက်ဆီးတတ်၍ ကြိုတင်ကာကွယ်
နှိမ်နင်းထားရပါမည်။

ပျကဲ့သို့ စုတ်စားပိုးများ၊ ၂၈ ပြောက်ကျိုင်း၊ အာလူးကျိုင်းများ ကျရောက်ဖျက်ဆီးတတ်၍ တမာပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုကြိုတင်ကာကွယ်ဖျန်းပါ။ နုတ်သိမ်းခြင်း စိုက်ပြီး သုံးလခွဲခန့်အကြာ အာလူးပင်များ ကျသွားပါက တူးဖော်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထယ်ထိုး၍ လည်းကောင်း၊ ပေါက်ပြားနှင့်တူး၍ လည်းကောင်း တူးဖော်နိုင်သည်။ တူးဖော်စဉ် ဥများ မထိခိုက်စေရန် သတိထားရမည်။ ဒဏ်ရာရထားသောဥများ၊ ရောဂါရသော ဥများကို ဥကောင်းများနှင့်ခွဲခြားထားရမည်။

လေ၀င်လေထွက်ကောင်း၍ ခြောက်သွေ့သောနေရာ၊ အေးသောနေရာတွင် သိုလှောင်ရမည်။ သိုလှောင်စဉ်နှင့် ရောင်းချရာတွင်အညှောင့်မပေါက်ရန် သတိထားရမည်။ သယ်ဆောင်ရာတွင် အိတ်ကျဲများဖြင့် သယ်ဆောင်ရမည်။

အာလူးကို မတူးဖော်မီ ၁၀ ရက်ခန့်ဖြစ်ကြို၍ ရေဖြတ်ထားခြင်း၊ အပင်ဖြတ်ထားခြင်းတို့ကို ဆောင်ရွက်ထားခြင်းဖြင့် အခွံမာပြီးအထားခံသည်။မျိုးအာလူးငယ်များကို ဘိုရက်ဇ် (Borex) တစ်ရာခိုင်နှုန်းနှင့် ဇင့်ဆာလဖိတ် (Zinc Sulphate) သုံးရာခိုင်နှုန်းဖျန်းပေးပြီး အရိပ်တွင်ထား၍အိတ်ကျဲဖြင့် သိုလှောင်ပါ။

ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
မြန်မာတောင်သူကြီးများဂျာနယ်

0 comments:

Post a Comment