Thursday, January 14, 2016

ဒီတစ်ပတ်ကြည့်ရမယ့် ဘောလိဝုဒ်ရုပ်ရှင်


- ဒီတစ်ပတ် အားလပ်ရက်လေးမှာ ရုပ်ရှင်ကြည့်မယ်စိတ်ကူးတဲ့ ပရိသတ်တွေအတွက် အပြောင်းအလဲလေးဖြစ်ရအောင် ဘောလိဝုဒ် ရုပ်ရှင်ကားလေးပဲ ညွှန်းပေးလိုက်ပါတယ်။ ရဲစိတ် ရဲမာန်နဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေပါတဲ့ သမိုင်းနောက်ခံ အချစ်ဇာတ်လမ်းလေးပါ။၁၈ ရာစု အစောပိုင်းကာလ မြင်ကွင်းနဲ့အတူ မာရာသာချာ ဟက်ထရာပါတီရှာဟုဟာ ပက်ရှ် ဝါ(ယနေ့ခေတ် ဝန်ကြီးချုပ်ရာထူး နဲ့ဆင်တူ) တစ်ယောက် လိုအပ်နေတာကြောင့် အဲဒီရာထူးအတွက် ဘာဂျီရောင်ဆိုတဲ့ လူငယ်လေး အဆိုပြုခံခဲ့ရပါတယ်။ ဒေါင်းမြီး ကို မြားနဲ့ပစ်ဖို့ ပညာစမ်းစေခိုင်း ခြင်းခံရပြီး အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ရှရီမန့်ပက်ရှ်ဝါ ရာထူးကို ရခဲ့ပါတယ်။

ဘာဂျီရောင်ဟာ ကာရှီဘိုင် နဲ့ အိမ်ထောင်ကျခဲ့ပြီး ဆယ်နှစ် လောက်ကြာပြီးတဲ့အခါ ခရီးတစ် ခုထွက်တုန်း ဘန်ဒယ်ကန်းက ကိုယ်စားလှယ်တစ်ယောက်ဟာ ဘာဂျီရောင်ရဲ့ ရွက်ဖျင်တဲထဲကို အတင်းဝင်လာပြီး စစ်ကူလာ တောင်းခဲ့ပါတယ်။ အဲဒီကိုယ်စား လှယ်ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ မက်စ်တာနီ ဖြစ်တဲ့ အကြောင်း ပြောပြခဲ့ပါ တယ်။ မက်စ်တာနီဟာ ရက်ဂ်ျပူ ဘုရင်ကြီး ချာဟက်ထရာဆဲလ်နဲ့ အစ္စလာမ် ကြင်ရာတော် ရူဟာနီ ဘိုင်တို့ရဲ့ တရားမဝင်သမီး တစ် ယောက်ပဲဖြစ်ပါတယ်။

မက်စ်တာနီရဲ့ စစ်ရေး၊ တိုက်ခိုက်ရေး စွမ်းရည်တွေကို လေးစားသွားတဲ့ ဘာဂျီရောင်ဟာ ကျူးကျော်သူတွေကို တိုက်ခိုက်ဖို့ စစ်ကူပေးခဲ့ပါတယ်။ ဘုရင်ကြီး ချာဟက်ထရာဆဲလ်ကလည်း အရမ်းကို ကျေးဇူးတင်ပြီး ဘာဂျီရောင်ကို သူတို့နိုင်ငံမှာ ကျေးဇူးပြုထားခဲ့ပါတယ်။ မက်စ်တာနီနဲ့ ဘာဂျီရောင်တို့ကလည်း တစ်ဦး အပေါ်တစ်ဦး မေတ္တာသက်ဝင်သွားခဲ့ပြီး ဘာဂျီရောင်က မက်စ်တာနီကို သူ့ရဲ့ ဓားမြှောင်ပေးခဲ့ပါတယ်။ အဲဒါက ရက်ဂ်ျပူနိုင်ငံရဲ့ လက်ထပ်မင်္ဂလာ သင်္ကေတပဲဖြစ် ပါတယ်။

အဲဒီနောက် ဘာဂျီရောင်ရဲ့ နိုင်ငံကို မက်စ်တာနီလိုက်သွားတဲ့အခါ ယောက္ခမဖြစ်သူရဲ့ အသိအမှတ်ပြုမခံရဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဆက်ဆံတာခံခဲ့ရပြီး ချွေးမအဖြစ် လက်မခံဘဲ ကချေသည်တစ်ယောက်အဖြစ်သာ နေစေခဲ့ပါတယ်။ ဘာဂျီရောင်က သူ့မှာ အိမ်ထောင်ရှိပြီးဖြစ်တဲ့အကြောင်း မက်စ်တာနီကို ရှင်းပြခဲ့ပြီး သူနဲ့လက်ထပ်လိုက်ရင် သူ့အသိုင်းအဝိုင်းက အသိအမှတ်ပြုကြမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မက်စ်တာနီက လက်ခံခဲ့တဲ့အတွက် ဘာဂျီရောင်ရဲ့ဒုတိယဇနီးဖြစ်ခဲ့ပါတယ်။

ဘာဂျီရောင်ရဲ့ အသိုင်းအဝိုင်းမှာ မယားငယ် တစ်ယောက် ဖြစ်ခဲ့တဲ့ မက်စ်တာနီတစ်ယောက် ဘာတွေ ရင်ဆိုင်ကြုံတွေ့ရဦးမှာ လဲ၊ ချစ်သူနှစ်ဦး သက်ဆုံးတိုင် ပေါင်းဖက်ခွင့်ရမှာလား ဆိုတာ အချစ်နဲ့စစ်ဆိုတဲ့ နူးညံ့သိမ်မွေ့မှု နဲ့ ခက်ခဲကြမ်တမ်းမှု ရသတွေ ရိုက်ကူးပုံဖော်ထားတာမို့ ကိုယ် တိုင် မြည်းစမ်းကြည့်ဖို့ ညွှန်းပေး လိုက်ပါတယ်။

ဘာဂျီရောင်အဖြစ် ရန်ဗီယာဆင်း၊ မက်စ်တာနီအဖြစ် ဒီပီကာပါဒူကိုနီ၊ ကာရှီဘိုင်အဖြစ် ပရီရန်ကာချိုပရာတို့က သရုပ်ဆောင်ထားကြတာပါ။ ။

7Day Daily

0 comments:

Post a Comment