Thursday, January 7, 2016

သင့်အရေပြားပျက်စီးစေနိုင်သည့် အကျင့်ဆိုး လေးမျိုး


အရေပြားတောက်ပချောမွေ့တင်းရင်းစေဖို့ ပြုလုပ်သင့်တဲ့အကျင့်တွေ ရှိသလို အရေပြားပျက်စီးမှုမရှိအောင် ကာကွယ်နိုင်ဖို့ ရှောင်သင့်တဲ့ အောက်ပါအကျင့်ဆိုးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
၁။ ဓာတ်မတည့်ခြင်း
-
သင့်အရေပြားမှာ အင်ပျဉ်ပေါက်တာလိုမျိုး ယားယံတဲ့ ပြဿနာတွေ ပုံမှန်ဖြစ်နေရင် သင့်မှာ ဓာတ်မတည့်တဲ့ ပြဿနာရှိနိုင်ပါတယ်။ ဖုန်မှုန့်၊ ငှက်မွေးနဲ့ ပန်းဝတ်မှုံလိုမျိုး ပစ္စည်းတွေကြောင့် သင့်အိပ်ရာကတစ်ဆင့် ဓာတ်မတည့်မှုဖြစ်ကာ မနက်အိပ်ရာ ထခါစမှာ မျက်စိနီရဲပြီး မျက်ရည်ကျကာ မျက်နှာဖောသွပ်သွပ်နဲ့ နိုးထလာတတ်ပါတယ်။
တစ်ပတ်တစ်ခါ သင့်အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်ကို ရေနွေးနဲ့ ပြုတ်လျှော်ပေးပါ။ စောင်နဲ့ အိပ်ရာဖုံးတွေကိုလည်း ပုံမှန်လဲလှယ်ပေးပါ။
၂။ ညအိပ်ရာဝင်ချိန် အမြဲတမ်းနောက်ကျနေခြင်း
-
တစ်ညတလေ အိပ်ရာဝင်ချိန်နောက်ကျတာက အရေးမကြီးလှပေမယ့် ညစဉ်ညတိုင်း အိပ်ရာဝင်ချိန် နောက်ကျတာကြောင့် အိပ်ရေးမ၀ဖြစ်ကာ သွေးလှည့်ပတ်မှုကို ထိခိုက်စေတာမို့ မျက်ကွင်းညိုတတ်ပါတယ်။ ညစဉ်ညတိုင်း အိပ်ချိန် ရှစ်နာရီပြည့်အောင် ယူရပါမယ်။
၃။ အဆင်သင့်အစာတွေ အစားများခြင်း
-
အဆင်သင့်စားသုံးလို့ရတဲ့ အစားအစာတွေနဲ့ အစပ်စာတွေစားတာကြောင့် မနက်အိပ်ရာထခါစမှာ မျက်လုံးဖောင်းအစ်နိုင်ပါတယ်။ အစာမှ ဆိုဒီယမ်နဲ့ အစပ်တွေက ခန္ဓာကိုယ်ထဲက အရည်တွေကို စုဆောင်းမှုဖြစ်စေတာကြောင့် မျက်နှာနဲ့ ခန္ဓာကိုယ် ဖောင်းကားလာတာပါ။ အဆီများတဲ့အစာနဲ့ ဆီကြော်စာတွေကို တတ်နိုင်သလောက် လျှော့စားပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားပေးပါ။
၎။ အရက်သောက်ခြင်း
-
ညဘက်ပါတီ ဒါမှမဟုတ် ကာရာအိုကေဆိုင်တွေ သွားပြီး အရက်အသောက်လွန်နေတာက နောက်တစ်နေ့မှာ ခေါင်းကိုက်နေမယ့်အပြင် မျက်လုံးနီနေပြီး မျက်နှာအန်းတတ်ပါတယ်။ အိပ်ရေးဝအောင် အိပ်လိုက်ပါမှ မျက်လုံးတစ်ဝိုက်က စုပုံနေတဲ့ အရည်တွေ လျော့ကျသွားပြီး ပုံမှန်လို ပြန်ဖြစ်နိုင်မှာပါ။


‪‎ဒေါက်တာခင်မိုးမိုး‬
(Good Health Journal _572)

0 comments:

Post a Comment