Thursday, January 7, 2016

အားလပ်ရက် မရမည်ကို စိုးရိမ်ပြီး လက်ထပ် ထိမ်းမြားမှုများပြုလုပ်


တရုတ်နိုင်ငံတွင် အရွယ်နောက်ကျမှ အိမ်ထောင်ပြုသူများအား အားလပ်ရက် ရှည်ပေးမည်ဟု သတ်မှတ်ထားသည့် ဥပဒေအား ဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် စုံတွဲများသည် ယင်းဥပဒေ သက်ရောက်မှု ရှိစဉ်တွင် ခံစားခွင့်များ ရရှိရန် အတွက် အပြေးအလွှား လက်ထပ်နေကြကြောင်း သိရသည်။ဥပဒေအရ အမျိုးသမီးဆိုလျှင် အသက် (၂၃) နှစ်နှင့် အမျိုးသားဆိုလျှင် အသက် (၂၅) နှစ် အရွယ် အသီးသီးရောက်မှ လက်ထပ်ခြင်းကို နောက်ကျ လက်ထပ်ခြင်းဟု သတ်မှတ်ထားသည်။ ယင်းကဲ့သို့ နောက်ကျမှ လက်ထပ်သူများအား ခွင့်ရက်ရှည်ပေးရန် ဥပဒေတွင် ဖော်ပြထားသည်။ ခွင့်ပေးသည့် ရက်ကလည်း ဒေသအလိုက် ကွဲပြားမှုရှိနေသည်။ ရှန်ဟိုင်းတွင် ခွင့်ခုနစ်ရက် ပေးထားသော်လည်း မြောက်ပိုင်းရှိ ရန်ရှီတွင်မူ (၂၇) ရက် ခွင့်ပေးထားသည်။

ဥပဒေအား ဖျက်သိမ်းမှုသည် ဇန်န၀ါရီ (၁) ရက်နေ့မှစပြီး သက်ရောက်မှု ရှိမည် ဖြစ်သောကြောင့် စုံတွဲများသည် ယင်းနေ့မတိုင်မီတွင် လက်ထပ်နေကြခြင်း ဖြစ်သည်။ ''တစ်နှစ်လုံးလုံး ကျွဲလိုနွားလို လုပ်ရတာ၊ ခုနစ်ရက်ဆိုတာ နည်းတဲ့ရက်လားဗျာ။ ဒါကြောင့် အမြန်ဆုံး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါ'' ဟု သတို့သားချန်ပင်က ပြောဆိုခဲ့သည်။

တစ်အိမ်ထောင် ကလေး တစ်ယောက်နှုန်း စနစ်ကို ကျင့်သုံးသော တရုတ်တွင်စုံတွဲများ နောက်ကျမှု လက်ထပ်ရန် တိုက်တွန်းသည့် အနေဖြင့် ခံစားခွင့်များ ပေးနေခြင်း ဖြစ်သည်။ ပေကျင်းရှိ မှတ်ပုံတင်ရုံး တစ်ခုတွင် တစ်ရက်လျှင် စုံတွဲ (၃၀၀) ခန့် လာရောက် မှတ်ပုံတင်ခဲ့ကြသည်။

ဥပဒေကို ဖျက်သိမ်းမည်နှင့် ပတ်သက်ပြီး အများပြည်သူသည် စိုးရိမ်စရာ မရှိကြောင်း၊ ဗဟိုအစိုးရက ဥပဒေကို ဖျက်သိမ်းရန် ညွှန်ကြား လိုက်သော်လည်း ဒေသဆိုင်ရာ အစိုးရများက ညွှန်ကြားချက်များကို အချိန်ယူကာ အကောင်အထည် ဖော်ရဦးမည် ဖြစ်သောကြောင့် သက်ရောက်မှု ရှိရန် လအနည်းငယ် ကြာမြင့်ဦးမည် ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ပြောဆိုခဲ့သည်။

Source:BBC
Messenger News Journal

0 comments:

Post a Comment