Tuesday, January 5, 2016

ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ၊ သေဒဏ်ကျမြန်မာနှစ်ဦး အတွက် တရားမျှတမှုရှိရေး ဟက်ကာများတောင်းဆို


ထိုင်းရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုဒ်များကို နိုင်ငံတကာဟက်ကာအဖွဲ့တစ်ခုက ဇန်နဝါရီလ ၄ ရက်ညကတိုက်ခိုက်ခဲ့ပြီးလိပ်ကျွန်းအမှုအတွက်သေဒဏ်ချမှတ်ခံထားရသောမြန်မာနှစ်ဦးအတွက်တရားမျှတမှုရှိရေးတောင်းဆိုခဲ့သည်ဟု Bangkok Post သတင်းဌာနတွင်ဖော်ပြထားချက်အရသိရသည်။
ဟက်ကာများသည်ထိုင်းရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုက် ၄ ခုထက်မနည်းကိုတိုက်ခိုက်ကာရယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ရယူထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာများတွင် ဟက်ကာများကအနက်ရောင်နောက်ခံပေါ်တွင် Blink Hacker Group၊ Failed Law၊ We Want Justice နှင့် Greetz Myanmar Black Hats ဟူသောစာသားများကို ရေးသားထားခဲ့သည်ကိုတွေ့ရသည်။အတိုက်ခိုက်ခံရသော ဝက်ဘ်ဆိုဒ်များမှာ Metropolitan Police၊ Pichit Police Office၊ The Police Clearance Centre၊ Office Of Communication နှင့် Royal Thai Police ဝက်ဘ်ဆိုဒ်တို့ဖြစ်သည်။
ဟက်ကာများသည် ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ရယူခဲ့သော်လည်း ဝက်ဘ်ဆိုက်များမှ အချက်အလက်များကိုခိုးယူခဲ့ခြင်းမရှိချေ။
သို့သော် တိုက်ခိုက်ခံရသောဝက်ဘ်ဆိုဒ်များအနက်မှ ၂ ခုမှာ ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီအထိ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောကြားသည်။
ယခုထိုင်းရဲတပ်ဖွဲ့၏ ဝက်ဘ်ဆိုဒ်များကိုတိုက်ခိုက်သည့် ဟက်ကာအဖွဲ့တွင်နိုင်ငံရပ်ခြားမှ ဟက်ကာများပါဝင်ကြောင်းနှင့် ၎င်းတို့ကို ကွန်ပြူတာရာဇဝတ်မှုအက်ဥပဒေဖြင့် ဖော်ထုတ်အရေးယူသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့အကြီးအကဲဆရီပေါင်တီမူလာ က ပြောကြားသည်။
ထိုင်းရဲတပ်ဖွဲ့ဝက်ဘ်ဆိုဒ်များကို နိုင်ငံတကာဟက်ကာအဖွဲ့ Anonymous က တိုက်ခိုက်ခဲ့သည်ဟု ယူဆရပြီး ဝက်ဘ်ဆိုဒ်များတွင် ရေးသားထားသည့်စာသားများအရ Blink ဟက်ကာအဖွဲ့လည်း ပါဝင်နေကြောင်းတွေ့ရှိရသည်။
Anonymous အဖွဲ့သည်နိုင်ငံစုံမှ ပညာရှင်ပေါင်းစုံပါဝင်သောအဖွဲ့ကြီးတစ်ခုဖြစ်ပြီး လူသိများထင်ရှားသောအစိုးရဌာနများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့်ကော်ပိုရေးရှင်းကြီးများ၏ ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခြင်းဖြင့်လူသိများလာခဲ့သောအဖွဲ့ဖြစ်သည်။

(Photo-Bangkok Post)
The Voice Weekly

0 comments:

Post a Comment