Sunday, January 24, 2016

လူပြောများနေတဲ့ ဒီချုပ်သမ္မတလောင်းများ


ဖေဖော်ဝါရီလမှာ စတင်မည့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ဖြစ်ပေါ်လာသည်နှင့် အ ဖြူအမည်း သဲသဲကွဲကွဲ မြင်တွေ့ရမည်ကို သိရှိထားပြီး ဖြစ်ကြသော်လည်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်၏ အစိုး ရအဖွဲ့နှင့် လွှတ်တော်အရပ်ရပ်တို့ကို ဘယ်သူတွေက ဦးဆောင်လိမ့်မည်ဆိုသော ထင်ကြေးများ၊ မှန်းဆချက် များသည် လွှတ်တော်တစ်ခုနှင့်တစ်ခု အကူးအပြောင်း ကာလနီးကပ်လာလေလေ ဟိုနားတစ်မျိုး၊ ဒီနားတစ်သံ နှင့် ကျွတ်ကျွတ်ညံလို့ နေပါသည်။
ရွေးကောက်ပွဲအမတ်နေရာ အားလုံး၏ ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သူတို့ စီမံကွပ်ကဲ အုပ်ချုပ်ရမည့် ငါးနှစ်တာ သက်တမ်း အတွင်း လုပ်ဆောင်သွားမည့် အစိုးရအဖွဲ့ မူဝါဒနှင့် သဘောထားများကို စောင့်ကြည့်အဖြေရှာ၊ မေးခွန်းထုတ်ကြရမည့်အစား နိုင်ငံတော်သမ္မတက မည်သူဖြစ်မည်၊ ဒုသမ္မတက မည်သူဖြစ်နိုင်သည်၊လွှတ်တော်ဥက္ကဋ္ဌတွေက မည်သူတွေဖြစ်နိုင်မည် စသည်ဖြင့် လူပုဂ္ဂိုလ်တွေကို သာ လိုက်လံအကဲဖြတ် ထင်ကြေးပေးနေကြသည် ကို ယခုသတင်းပတ်အတွင်း မြင်တွေ့ ကြားသိနေရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်း အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့်အတူ အဖွဲ့ချုပ်၏ရှေ့ဆက်သွားမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာမူဝါဒများ သဘောထားများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်မှန်သော်လည်း အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သည်
အထိ အမတ်နေရာအများစုအနိုင်ရရှိပြီး နောက်ပိုင်း မှာတော့ သူတို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏ ရှေ့ဆက် သွားမည့်မူဝါဒသဘောထားများကို လူထုကို ချပြခဲ့ခြင်း မရှိသေးပါဘူး။ ဒီအချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ ကတော့ချပြဖို့အချိန်တန်ပြီ''ဟု ထောက်ပြမှုတွေ ရှိနေပါသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကြောင့် နိုင်ငံတော်သမ္မတရာထူးနှင့် အလှမ်း ကွာနေသည့် အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏ အနေအထားကြောင့် အဖွဲ့ချုပ်က ရွေးချယ်တင်မြှောက်မည့် နိုင်ငံတော်သမ္မတသည် စီးပွားရေးစီမံခန့်ခွဲမှုပညာရှင်ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်၏မြေးဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး၊ အဖွဲ့ချုပ်နာယက သူရ ဦးတင်ဦး၊ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါ်စုစုလွင်၊ ဦးထင်ကျော်၊ ဒေါက်တာ တင်မာအောင် စသည်ဖြင့် အမည်အမျိုး မျိုး ထင်ကြေးပေးခန့်မှန်းမှုများ ရှိနေပါသည်။ ထို အထဲအတွင်း လက်ရှိပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယ ဥက္ကဋ္ဌဟောင်းသူရ ဦးရွှေမန်းသည်ပင် ဒေါ်အောင် ဆန်းစုကြည်နှင့် နီးစပ်မှုရှိသည့်အတွက် အစိုးရအဖွဲ့ နေရာတစ်ခုရရှိနိုင်ကြောင်း ထင်ကြေးပေးမှုများ ရှိ နေပါသည်။

မိမိတို့ဖလားဝါးနယူးစ်မှ ယခု နောက်ဆုံး ရရှိထားသည့် သမ္မတရာထူးနေရာအတွက် ထင်ကြေး ပေးမှုများကိုလည်း တင်ပြလိုပါသည်။ သတင်းအရင်း မြစ်များကို နာမည်နှင့်တကွဖော်ပြရန် အခက်အခဲ ရှိသော်လည်း အားလုံးကတော့ သူ့အယူအဆနှင့်သူ သေချာမှု၊ ခိုင်မာမှု အပြည့်ရှိနေကြပါသည်။

(၁)ဦးထင်ကျော်

၁၉၆၄ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် မွေး ဖွားသည့် ဦးထင်ကျော်သည် နိုင်ငံကျော် ဂန္ထဝင် ကဗျာဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သား ဖြစ်သည်။ မဟာစီးပွားရေးဘွဲ့ကို ရရှိထားသူ ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝမှ နုတ်ထွက်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရောက် ရှိလာသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးနှင့် ယုံကြည်စိတ်အချရဆုံးသူတစ်ဦးဖြစ်သည့် ဦးထင်ကျော်သည် အဖွဲ့ချုပ်က တည် ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် အားအကိုးရဆုံးသူ ဟုလည်း စုံစမ်းသိရှိရသည်။

မိမိတို့အားပြောဆိုသော သတင်းအရင်းအမြစ်၏ အဆိုအရတော့ ဦးထင်ကျော်သည် သမ္မတဖြစ်ဖို့အတွက် ၉ဝ ရာခိုင်နှုန်းကျော် သေချာ နေသည်ဟု ဆိုပါသည်။

၎င်းကိုဆက်သွယ်စုံစမ်းရာမှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ လုပ်ငန်း တာဝန်များနှင့်အတူ ချင်းပြည်နယ်ဘက်သို့ ရောက်ရှိနေကြောင်း သိရပါသည်။

ဦးထင်ကျော်၏တူဖြစ်သူ ဦးဥာဏ်စိုး(အစ်ကို)၏သား ဦးတင်ကျော်စိုးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ''ကျွန်တော်တို့လည်း ဒီသတင်းကို ကြားနေတာကြာပါပြီ။ ဦးကို မေးကြည့် တော့ မဟုတ်ဘူးလို့ ပြောပါတယ်'' ဟု ပြန်လည်ဖြေကြားပါသည်။

(၂)သူရဦးတင်ဦး

၁၉၆၂ ခုနှစ် အာဏာသိမ်းအစိုးရ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်အထိ ထမ်း ဆောင်ခဲ့ဖူးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် အဖွဲ့ချုပ်တည် ထောင်စဉ်ကပင် ပါဝင်ခဲ့သူဖြစ်ပါသည်။ ၁၉၂၇ ခုနှစ် မတ် ၁၂ ရက်မှာမွေးဖွားခဲ့သူမို့ ယခုအခါ သူရဦးတင်ဦးသည် အသက် ၈၈နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် သမ္မတနေရာကို တာဝန်ယူထိုက်သူအဖြစ် လူ အများက လက်ခံခြင်းခံရသူဖြစ်သော်လည်း သူကိုယ်တိုင်ကတော့ သမ္မတမလုပ်လိုကြောင်း သတင်းမီဒီယာကို တရားဝင် ပြောဆိုထားသူ လည်းဖြစ်ပါသည်။

မိမိတို့ရရှိသော သတင်းများ အရလည်း လက်ရှိအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သမ္မတဖြစ်ထိုက်သူမှာ သူရဦးတင်ဦးသာဖြစ်သည်ဟု ဆိုကြသည်။

(၃)ဒေါ်စုစုလွင်

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ မဟာဝိဇ္ဇာဘွဲ့ရရှိထားသည့် ဒေါ်စုစုလွင်သည် အမှတ်စဉ်(၁)မှ ဦးထင်ကျော်၏ဇနီးလည်းဖြစ်သည်။ ဒေါ်စုစုလွင်သည် နိုင်ငံရေးနယ်ပယ်တွင် လူသိများ သူမဟုတ်သော်လည်း အဖွဲ့ချုပ်တည်ထောင်စဉ် ကတည်းကပါဝင်လာသည့် ဗိုလ်မှူးကြီးမောင်လွင်၏သမီးလည်း ဖြစ်ပါသည်။

၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်
မဲဆန္ဒနယ်မှ အရွေးချယ်ခံခဲ့ရသူ ဒေါ်စုစုလွင်သည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ၄င်းမဲဆန္ဒနယ်မှပင် ပြည်သူ့လွှတ်တော်အမတ်အဖြစ်
ပြန်လည်အရွေးချယ်ခံခဲ့ရသူဖြစ်ပါသည်။

မိမိတို့ရရှိထားသည့် သတင်းများအရတော့ ဒေါ်စုစုလွင်သည် သမ္မတနေရာအတွက် ဦးစားပေး လျာထားခံရသူဖြစ်ပြီး သူ့နောက်တွင်မှ အဖွဲ့ချုပ်ဥက္ကဋ္ဌရုံး တာဝန်ခံဒေါက်တာ တင်မာအောင် ရှိနေကြောင်း သိရပါသည်။ ဒေါ်စုစုလွင်သာ သမ္မတဖြစ်လာပါက မြန်မာ့နိုင်ငံ၏ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

(၄)ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)ပါ ပြဋ္ဌာန်းချက်အချို့
သာမရှိပါက မကြာခင်ပေါ်ထွက်လာမည့် မြန်မာ နိုင်ငံ၏သမ္မတကို ယခုလိုထင်ကြေးအမျိုးမျိုးပေး နေစရာမလိုဘဲ ဒေါ်အောင်ဆန်းစုကြည်သာသမ္မတ
ဖြစ်မည်ဟု တစ်ထစ်ချပြောဆိုကြမည်ဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားသည့် တတိယမြောက် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ
နိုင်ငံအတွက်တော့ သူနှင့်နှိုင်းယှဉ်စရာ ဘက်မရှိ လောက်အောင်ကို တင်စားထောက်ခံမှုကိုရရှိထားသူလည်းဖြစ်သည်။

သမ္မတ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လာမည့်ငါးနှစ်အတွင်းအစိုးရအဖွဲ့ကို မောင်းနှင်မည့်သူသည် ဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်။ သူပြောဆိုခဲ့သည့် 'သမ္မတအထက်တွင်နေမည်' ဆိုသော စကားသည်လည်း ပြည်တွင်းပြည်ပနိုင်ငံတကာအသိုင်းအဝိုင်းမှာ ထင်ရှားခဲ့သည်။

တချို့သော လေ့လာသုံးသပ်သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားသော သမ္မတလောင်း
ရွေးချယ်ခြင်းမရှိဟု ယူဆကြသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာစတင်မည့် လွှတ်တော်အသစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပုဒ်မ ၅၉(စ)ကို ခေတ္တဆိုင်းငံ့ထားမည်ဆိုက ဒေါ်အောင်ဆန်းစုကြည်သည် မုချသမ္မတဖြစ်လာလိမ့်
မည်ဟု အယူရှိကြပါသည်။

သို့ဖြစ်ပါ၍ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်မည့် နိုင်ငံတော်သမ္မတမဖြစ်နိုင်ဟုတော့ မည်သူမှ တစ်ထစ်ချ မခန့်မှန်းကြသေးဘဲဖြစ်နေပါသည်။

မကြာမီရက်ပိုင်းအတွင်းမှာ အဖွဲ့ချုပ်ကတင်မြှောက်မည့် နိုင်ငံတော်သမ္မတသည် မည်သူမည်ဝါ ဖြစ်မည်ကိုတော့ စာဖတ်ပရိသတ်များနှင့်အတူ စောင့်စားနေကြရပေဦးတော့မည်။

‪TheFlowerNewsJournal‬

0 comments:

Post a Comment