Wednesday, January 20, 2016

ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့သူတစ်ဦးကို ဖမ်းဆီး

ရဲတပ်ဖွဲ့ဝင်များခေါ်ဆောင်လာသော ဦးညီညီလွင်ကို ၎င်း၏ဇနီးက တွေ့ဆုံအားပေးနေစဉ်(ဓာတ်ပုံ−မောင်တာ)

၂၀၀၇ ရွှေဝါရောင်သံ ဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးညီညီလွင်( ရဟန်းဝတ်ခဲ့စဉ် ဘွဲ့တော်ဦးဂမ္ဘီရ) အား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့်မန္တလေးမြို့၌ ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး ဇန်န၀ါရီ ၂၀ရက်က မဟာအောင်မြေမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့သည်။ဦးညီညီလွင်နှင့် ၎င်း၏ဇနီး သြစတြေးလျနိုင်ငံသူ တို့သည် ထိုင်းနိုင်ငံနယ်စပ်မြို့တာချီလိတ်မှတစ်ဆင့် တရားမ၀င်နယ်စပ်ဖြတ်ကျော်ပြီး မန္တလေးမြို့သို့လာရောက်ခဲ့သည်ဆိုကာ လ၀ကနှင့် ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

ဇန်န၀ါရီ ၁၉ရက် ညက မန္တလေးမြို့ လမ်း၈၀နှင့် လမ်း၄၀ ထောင့်ရှိ ပါဝါဟိုတယ်တွင်တည်း ခိုနေစဉ် ရဲတပ်ဖွဲ့ဝင် ၁၅ဦးခန့်က မေးမြန်းစရာရှိ၍ ခေတ္တလိုက်ခဲ့ပါ ဟိုဆိုကာ လာရောက်ဖမ်းဆီးခေါ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူဦးညီညီလွင်က ဇန်န၀ါရီ ၂၀ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ရုံးထုတ်လာစဉ်မီဒီယာများအားပြောသည်။


‘‘ကျွန်တော် မြန်မာနိုင်ငံသား ပါ။ တာချီလိတ်ကနေ တရားဝင် ၀င်လာတာပါ။ သူတို့ဘက်က တ ရားဝင်လာတာမဟုတ်ဘူးလို့ထင် နေတာပါ’’ဟု ဦးညီညီလွင်က ပြောသည်။

၎င်းသည်မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားပြီး နိုင်ငံကူးပတ်ပို့စ်လုပ်ဆောင်ရန် တာချီလိတ်မြို့မှတစ်ဆင့် မန္တလေးမြို့သို့လာရောက်ရာတွင် လမ်းတစ်လျှောက်မြို့ ရွာများ၌ တစ်စုံတစ်ရာစစ်ဆေးမေးမြန်းခံရခြင်းမျိုးမရှိခဲ့ဘဲ မန္တလေးမြို့သို့ရောက်ရှိချိန်မှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဦးညီညီလွင်က ပြောသည်။

‘‘တရားဝင်လာတယ်ဆိုတာ ပြောချင်ပါတယ်။ တရားမ၀င်လာ တာမဟုတ်ပါဘူး။ တရားမ၀င်လာတာဆိုရင် တာချီလိတ်မှာက တည်းက ဖမ်းမှာပေါ့ဗျာ။ သူတို့ သံသယနဲ့ဖမ်းတာပေါ့ဗျာ’’ဟု၎င်း ကပြောသည်။ ၎င်းသည် ၂၀၁၃ က တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံချင်းမိုင်မြို့သို့ သွားရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းမရှိဘဲတရားမ၀င် နေထိုင်ခဲ့ကြောင်း၊ ၂၀၁၆ ဇန်န၀ါရီ ၁၆ရက်တွင်မူ တာချီလိတ်မြို့မှတစ်ဆင့်မြန်မာနိုင်ငံတွင်းသို့ တရားမ၀င်ပြန်လည် ၀င်ရောက်လာခဲ့ရာ၁၉၄၇ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၃(၂)ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်

ဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းအားအရေးယူပေးပါရန် မဟာအောင်မြေမြို့နယ် လ၀ကဦးစီးအရာရှိကတိုင်တန်းခဲ့သဖြင့်ဦးညီညီလွင်အား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုအတွက်လ၀ကဥပဒေ၁၃(၁)ဖြင့် မန္တလေးမြို့မဟာအောင်မြေ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသတင်းရရှိသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် မဟာအောင်မြေမြို့နယ် တရားရုံး၌ ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ယခုလပိုင်းအတွင်း လှုပ်ရှားတက်ကြွသူများကို အမှုဟောင်းများဖြင့် ပြန်လည်တရားစွဲနေသည်။

၂၀၁၃ က ဒဂုံတက္ကသိုလ် အတွင်း ပြုလုပ်ခဲ့သည့် အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြ ပွဲ၊ ၂၀၁၄ နိုဝင်ဘာ ၁၅ ရက်တွင် ကျောင်းသားသပိတ် ရန်ကုန် တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာဟောင်းသို့ ၀င်ရောက်ခဲ့မှု၊ ၂၀၁၅ ဖေဖော်ဝါ ရီ ၁၅ ရက်က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ပြုလုပ်ခဲ့ သည့် ကျောင်းသားသပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှု၌ ဦးဆောင်ပါဝင်ခဲ့မှုတို့ဖြင့် မနီလာ သိန်း၊ ကျော်ကိုကို၊ မင်းသွေးသစ်၊ နန္ဒစစ်အောင်၊ စည်သူမောင်၊ ဒီငြိမ်းလင်း၊ မိုဃ်းသွေး၊နန်းလင်း၊ မင်းသုခနှင့် ဖြိုးဖြိုးအောင်တို့ကို မကြာသေးမီကပြန်လည်တရားစွဲ ဆိုလျက်ရှိသည်။

7Day Daily

0 comments:

Post a Comment