Tuesday, January 19, 2016

ရုပ်ရှင် အကြိုခံစားခြင်း- talvar


ဒီနေ့အတွက်တော့ မကြာသေးခင်ကမှ ထွက်ထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား၊ မင်းသမီးအချောအလှတွေမပါဘဲ ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတွေကြိုက်တဲ့ ပရိသတ်တွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက အိန္ဒိယမှာဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။မိသားစုသုံးယောက်နဲ့ အိမ်စောင့်အမျိုးသားတစ်ယောက်နေတဲ့အိမ်မှာ လူသတ်မှုတစ်ခုဖြစ်တယ်။ အဲဒီလူသတ်မှုမှာ မိသားစုထဲက ဆယ်ကျော်သက်အရွယ် မိန်းကလေးက သူ့အိပ်ခန်းထဲမှာ သေဆုံးခဲ့ပြီး သူအလောင်းနဲ့ ပတ်သက်လို့ သဲလွန်စရှာတုန်းမှာပဲ သူတို့အိမ်စောင့်အမျိုးသားကြီးက လည်း တိုက်ခေါင်မိုးပေါ်မှာ သေ ဆုံးနေတာ တွေ့ခဲ့ရတယ်။ အခင်းဖြစ်ပွားတဲ့အချိန်က တစ်ညတာအတွင်းဖြစ်ခဲ့ပေမယ့် မသေဘဲကျန်ခဲ့တဲ့ အဖေနဲ့ အမေဟာ လူနှစ်ယောက်စလုံး ညတွင်းချင်း သေဆုံးသွားခဲ့တဲ့ ကိစ္စကို မနက်မိုးလင်းမှ သိကြတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့က အလွယ်တကူရတဲ့ သဲလွန်စအချို့ကို အခြေခံ ကောက်ချက်ချပြီး သေဆုံးသွားတဲ့ ကလေးရဲ့ အဖေနဲ့ အမေကို တရားခံအဖြစ် စွပ်စွဲလိုက်တယ်။ ရဲတွေ ကောက်ချက်ချတာက လူလေးယောက်နေတဲ့ အိမ်မှာ ဒီလင်မယားနှစ်ယောက်ပဲ ရှင်ကျန်ခဲ့ပြီး သူတို့နှစ်ယောက် လုံးဝမသိကြောင်း ငြင်းတဲ့ကိစ္စကို သံသယဖြစ်တာရယ်၊ ဒီလင်မယားနှစ်ယောက် အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတာတွေရယ်နဲ့တင် ဒီလင်မယားနှစ်ယောက်ဟာ သမီးအရင်းကို သတ်တဲ့ တရားခံတွေ ဖြစ်သွားခဲ့ရတယ်။

ရဲတွေရဲ့ ဖြစ်ကတတ်ဆန်း စုံစမ်းထောက်လှမ်းမှုတွေ၊ ယုတ္တိ မတန်တဲ့ စွပ်စွဲချက်တွေကြောင့် အမှုနဲ့ ပတ်သက်ပြီး လူတွေနဲ့ မီဒီယာတွေက ဝေဖန်မှုတွေ ပေါ်လာတဲ့အခါ သက်ဆိုင်ရာတာဝန်ရှိသူ တွေက မနေနိုင်တော့ဘဲ ဒီအမှုကို ပြန်လည်စုံစမ်းဖို့မှုခင်းအထူးအဖွဲ့က အရာရှိ အိစ်ရှ်ဝမ်းကို တာဝန်ပေးတယ်။ အစ်ရှ်ဝမ်းက ရှုပ်ထွေးလွန်းတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းတဲ့နေရာမှာ တော်တဲ့လူတစ်ယောက်။

ဖအေနဲ့ မအေကို တရားခံအဖြစ် စွပ်စွဲထားတဲ့ အမှုကို အစပြန်ကောက်ပြီး လိုက်တဲ့အချိန်မှာပဲ စွပ်စွဲချက်တွေ၊ ကောက်ချက်ချတာတွေနဲ့ သက်သေရယူထားတာတွေက တကယ့်ပရမ်းပတာ ဖြစ်နေတာတွေကို တွေ့ရတယ်။ အစ်ရှ်ဝမ်းက နောက်ဆုံးမှာ ဒီလင်မယားက တကယ့်လူသတ်သမားမဟုတ်ဘူးဆိုတာမျိုးအထိ အမှုကိုပုံစံပြောင်းပစ်နိုင်ခဲ့တယ်။

ဇာတ်လမ်းက မှားနေတဲ့ အမှုတစ်ခုကို ပြန်ပြီး ပုံစံတကျဖြစ်အောင်၊ ခိုင်လုံမှုရှိအောင် ကြိုး ပမ်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားစရာကောင်းတာက အမှုလိုက်တဲ့သူ မတူတာနဲ့ အမှုတရားခံကွာသွားတာ။ အမှုတစ်ခုလုံးပြောင်းပြန်ဖြစ်နိုင်တာ၊ ပေါ့ဆမှုတွေကြောင့် မှားယွင်းစွပ်စွဲခံရတာတွေကို အသေး စိတ်ပြသထားတယ်။

ဒါ့အပြင် ဇာတ်ကားကြည့်နေတဲ့ တစ်လျှောက်လုံးကိုယ်တိုင် ဒီအမှုကို ဖော်ထုတ်တဲ့သူတစ်ယောက်နေရာကို ရောက်စေတဲ့အထိ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နောက်ဆုံးအမှုကို စီရင်ချက်ချတဲ့အချိန်ကတော့ ကြည့်ရတဲ့သူအတွက် ကျေနပ်စရာ ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမှုက တကယ့်ပြင်ပမှာလည်း ကျေနပ်စရာမကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ စီရင်ချက်ချသွားခဲ့ပါတယ်။

7Day Daily

0 comments:

Post a Comment