တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်သည် (၅၈၉)ဦးထိ မြင့်တက်လာပြီဟု သတင်းရရှိသည်။
ဩဂုတ်လ (၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ရေးရာဝန်ကြီးဌာနက မြင့်တက်လာသည့် အသေအပျောက် ကိန်းဂဏန်းကို ကြေညာရာ (၅၈၉)ဦးထိ သေဆုံးသူ စာရင်းများ ရရှိထားပြီဟု ဖော်ပြပါရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရစ်ခ်ျတာစကေး (၆.၁) အဆင့်ရှိ ငလျင်လှုပ်ခတ်ရာမှ ယခုကဲ့သို့ လူအများအပြား သေဆုံးပြီး ထောင်နှင့်ချီ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်းသည် ငလျင်ဘေးသင့် ဒေသတွင် ရောက်ရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အစွမ်းကုန် ကြိုးစားပေးပါရန် တာဝန်ရှိသူများအား တိုက်တွန်း ပန်ကြားခဲ့သည်။ “ကျွန်တော်တို့အားလုံး စုစည်းလုပ်ဆောင်ပြီး ဒီဖြစ်ရပ်ဆိုးကြီးကနေ ရုန်းထွက်ရပါမယ်”ဟု လီက လုဒယန်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။ ငလျင်ဒဏ် အဆိုးဆုံး ခံရသည့် ဒေသမှ ဒဏ်ရာပြင်းထန်သူ အများစုကို အဆိုပါ ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးထားပြီး လူနာ(၂၈၀)ကျော်ကို ကုသပေးလျက် ရှိသည်။
လက်ရှိတွင် ငလျင်ဒဏ်ခံ ဒေသ၌ အပျက်အစီးများအောက် ပိတ်မိနေသူများနှင့် ရုပ်အလောင်းများကို ရှာဖွေရန် စစ်သား၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် ထောင်ဂဏန်းမျှက တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။
-Ref: Channelnewsasia
0 comments:
Post a Comment